NLD launched its own official website - NLDBurma.org

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၀က်ဆိုက်လွှင့်တင်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၃၀ ၂၀၁၁
         အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏  ပထမဆုံးကိုယ်ပိုင် ၀က်ဆိုက်ကို ယနေ့ညနေတွင် လွှင့်တင်ခဲ့သည်ဟု ရန်ကုန်မြို့မှ အင်တာနက်သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရှိရပါတယ်။  ၀က်ဆိုက်လိပ်စာမှာ www.nldburma.org ဖြစ်ပြီး မြန်မာ ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လွှင့်တင်ထားသည်ကို တွေ့ရပါတယ်။ မြန်မာလိပ်စာမှာ Burmese.NLDBurma.org လို့ ဆိုပါတယ်။
 
         အဖွင့်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်လွှာကို ဖေါ်ပြထားပြီး ယခုဝက်ဆိုက် လွှင့်တင်ခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်တွင်းပြည်ပ ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေး လမ်းကြောင်းကောင်းမွန်ရေးဟာ အဓိကဖြစ်တယ် ဆိုတာကို အလေးပေးဖေါ်ပြထားတာ တွေ့ရပါတယ်။ ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လဒီ) ရဲ့ မူဝါဒနဲ့ လှုပ်ရှားမှုများကို မြန်မာနိုင်ငံသာမက ကမ္ဘာကပါသိရှိစေဖို့ အင်တာနက် စာမျက်နှာတစ်ခု ပေါ်ထွက်လာတဲ့အတွက် အလွန် ကျေနပ်မိတယ်လို့လည်း ဖေါ်ပြထားပါတယ်။ 
 
         အန်အယ်လဒီ၏ မြန်မာဘာသာ ၀က်ဆိုက်ကို အန်အယ်လဒီပါတီ၏ စည်းရုံးရေး၊ ပြန်ကြားရေး၊ မူဝါဒ၊ လှုပ်ရှားမှုများ၊ အန်အယ်လဒီပါတီ လှုပ်ရှားမှု သတင်းဓါတ်ပုံများဖြင့် ကဏ္ဍ ၁၀ ခုကျော်ခွဲခြား ဖေါ်ပြထားပြီး ၀က်ဆိုက်၏ အရောင်မှာ အနီရောင်ခေါင်းစဉ်များကြောင့် ကြည့်ရှုသူများ အနေဖြင့် စိတ်အားတက်ကြွဖွယ်ရာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှ အင်တာနက် သုံးသူလူငယ်တဦးက ပြောလိုက်ပါတယ်။
         ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မလွတ်မြောက်မီ လပိုင်းအလိုကပင် `တွီတာ´ Twitter ဟု အမည်ရှိသည့်  အင်တာနက် မိုက်ခရို ဘလော့ဂ် ကိုသုံးစွဲချင်သည်ဟု ပြောဆိုခဲ့ဖူးပြီး၊ လွတ်မြောက်လာပြီး မကြာမီပင် လူငယ်ကွန်ယက်ဖွဲ့စည်းရန် အန်အယ်လဒီ ပါတီဝင်မဟုတ်သည့် မြန်မာနိုင်ငံတ၀ှမ်းမှ လူငယ် ၃ရာကျော်နှင့် တွေ့ဆုံခဲ့ပြီး လူငယ်ကွန်ယက်၏ အရေးကြီးပုံကို ဆွေးနွေးခဲ့တာကို တွေ့ခဲ့ရပါတယ်။
         ထိုသို့တွေ့ဆံဆွေးနွေးပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ယခုကဲ့သို့ အန်အယ်လဒီဘားမားဒေါ့အော့ဂ် ၀က်ဆိုက် စတင်လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။
         ဧရာ ဖောင့်စနစ်ကို အသုံးပြုထားခြင်းဖြစ်သဖြင့် ဇော်ဂျီဖောင့်သာရှိသည့် ကွန်ပျူတာသုံးစွဲသူများ အနေဖြင့်အခန်းကဏ္ဍများကို ဖေါ်ပြထားသည့် ခေါင်းစီး၏ ညာဘက်ထောင့်ဆုံးတွင်ရှိသည့် `ဖောင့်ဒေါင်းလုပ်´ ဆိုသည်ကို ကလစ်လုပ်ပြီး အဆိုပါ ဧရာဖောင့် ဆော့ဖ၀ဲကို ကူးယူ ထည့်သွင်းရမည် ဖြစ်ပါတယ်။ ဧရာဖောင့် မရှိသော်လည်း ပိတောက်သို့မဟုန် မြန်မာသရီးဖောင့် ထည့်သွင်းထားသည့် ကွန်ပျူတာများတွင်မူ ထပ်မံထည့်သွင်းစရာ မလိုပဲ အဆင်ပြေစွာ ဖတ်ရှုနိုင်တယ်လို့ ကွန်ပျူတာ ကျွမ်းကျင်သူ တဦးကပြောပြပါတယ်။
             “ည ၉ နာရီလောက်မှ ကျွန်တော့သူငယ်ချင်းတစ်ယောက်က ဒေါ်စုဝက်ဆိုဒ်လွင့်ပြီဆိုလို့ ၀င်ကြည့်တယ်။ အရမ်းကို ကောင်းတဲ့ ဆက်သွယ်မှုကွန်ယက်တစ်ခုပါပဲ။ အမေစုရဲ့ လှုပ်ရှားမှု သတင်းနဲ့ ဓာတ်ပုံတွေတင်ထားတာတွေ့တယ် ။ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖတ်လို့ရတယ်။  ၀က်ဆိုဒ် ပုံစံကတော့ ခွပ်ဒေါင်းအလံအနီရောင် ဒီဇိုင်းနဲ့ ရှင်းရှင်းလင်းလင်းဖတ်လို့ကောင်းတယ်။  တစ်ခုရှိတာက ဇော်ဂျီဖောင့်ကိုပဲ အများဆုံးသုံးကြတာဆိုတော့ အရင်ဆုံး ဖောင့်အင်စတောလုပ်မှအဆင်ပြေမယ် ။ ကျွန်တော့်သူငယ်ချင်းကို အီးမေလ်နဲ့ ပို့ပေးဖို့စာကြောင်း ကူးထည့်လိုက်တာ ကကြိုးကကြောင် ဖြစ်ပြီး ဖောင့်မရှိတော့ မပေါ်ဘူး။ နောက်ပြီးကွန့်မန့်ရေးလို့မရဘူးဖြစ်နေတယ်။ ကွန်မန့် ဘယ်လိုရေးရမလဲ မေးချင်တာတွေ ပြောချင်တာတွေဘယ်လိုနည်းနဲ့ ဆက်သွယ် ပြောဆိုလို့ရမလဲဆိုတာရယ်၊ စီဘောက်လိုမျိုး မေးချင်တာတွေ အမေစုကို တိုက်ရိုက်မေးလို့ရအောင် လုပ်ပေးနိုင်မလား သိချင်ပါတယ်”
ဟု ရန်ကုန်မြို့မှ် လူငယ်တစ်ဦးမှပြောကြားသည်။
 

Comments