Sr Gen. Kwine Kwine's speech to three parliaments


“အနီးစပ်ဆုံး ပြည်သူကို ကျွန်ပြုကြ”
(လွှတ်တော် ၃ ရပ်သို့ ပေးပို့သော ဗိုလ်ချုပ်မှူးကြီး ကွိုင်ကွိုင်၏ မိန့်ခွန်း)
ရန်လိုကျွဲ
ဇန်န၀ါရီ ၂၉၊ ၂၀၁၁


စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖော်ဆောင်ရေး၏ အဆင့်တခုအဖြစ် ခေါ်ယူလိုက်သော လွှတ်တော် ၃ ရပ်သို့ ဗိုလ်ချုပ်မှူးကြီး ကွိုင်ကွိုင်က အောက်ပါအတိုင်း မိန့်ခွန်း ပေးပို့ထားသည်။

မင်္ဂလာပါ ရဲဘော် ကြံ့ဖွံ့တို့

လွှတ်တော် ၃ ရပ်စလုံးမှာ ကြံ့ဖွံ့တွေပဲ အများဆုံး ရှိတာဟာ မင်္ဂလာတပါး ပေါ့ကွာ။ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်သည် ဖြစ်စေ သောက်ဂရု မစိုက်နဲ့။ ငါတို့ဘက်မှာ တရုတ်ကြီး နဲ့ ကုလားကြီး ရှိတယ်။ အာဆီယံက ခွေးမသားတွေလည်း လူကြားကောင်းအောင် တချက်တချက် ထ ဟောင်တာမျိုးတောင် မလုပ်ကြတော့ဘူး၊ လိမ္မာသွားပြီ။ အမေရိကန်ကိုလည်း ငါတို့ ကောင်းကောင်း ကစားနိုင်လို့ ဒီကောင်တွေကို ငယ်နိုင်လို ဖြစ်နေပြီ။

မြန်မာပြည်ထဲမှာလည်း ငါတို့ကို ထောက်ခံသူတွေ များလာပြီ။ ငါတို့ မျက်နှာပူရလောက်အောင် ထောက်ခံ ရေးသားကြတဲ့ ဒေါက်တာနေ၀င်းပြောင်၊ မောင်ဆူးကြမ်း ဆိုသူတွေကအစ ငါတို့ဗြောင်လိမ်တာ ယုံတဲ့ နိုင်ငံရေးသမားတွေအဆုံးပေါ့ကွာ။

ငါတို့ကို တောင်ပြိုကမ်းပြို ယုံကြည်တဲ့ ဒီနိုင်ငံရေးသမားတွေကို ထောင်ထဲ အကြာကြီး ထည့်ထားမိတာတောင် အားနာသလိုလို ဖြစ်နေရတယ်။ အားနာပေမယ့်လည်း လိုအပ်ရင် ထောင်ထဲ ထပ်ထည့်ရလိမ့်မယ်။

တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ
ရဲဘော် ကြံ့ဖွံ့တို့ -
မင်းတို့ အများစုကို ဘယ်သူက ရွေးချယ်လိုက်တယ် ထင်သလဲ၊ ပြည်သူ၊ အောင်လံသူ၊ သရက်သူတွေက ရွေးလိုက်တယ် မထင်နဲ့။ ငါတို့ ရွေးလိုက်တာ။ ရွေးကောက်ပွဲမှာ မင်းတို့ ခွက်ခွက်လန်အောင် ရှုံးမယ် ဆိုတာကို သိတာကြောင့် ကြိုတင်မဲတွေနဲ့ အပ်ချလောင်း လုပ်လိုက်လို့ မင်းတို့ ဒီလွှတ်တော်ထဲမှာ ထိုင်နေရတာ။

ဒီတော့ ‘တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ’ ဆိုတာကို မြဲမြဲ မှတ်ထား၊ မေ့တတ်သူတွေက လက်မှာ ဆေးမင်ကြောင် ထိုးထား။

ခလုတ်တိုက်လို့ ယောင်ရင်တောင်မှ ‘တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ’ လို့ ရုပ်တည်နဲ့ ယောင်ကြ။
ပုတီးစိတ်တဲ့အခါလည်း ‘တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ’ လို့ ယုံယုံကြည်ကြည် ရွတ်ပြီး ပုတီး တလုံးချ။

မေ့ထားလိုက်
ပြည်သူသည်သာအမိ၊ ပြည်သူသည်သာ အဖ ဆိုတဲ့ဟာကို မေ့ထားလိုက်။ ဒါဟာ ထောင်ထဲ ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ နိုင်ငံရေးသမားတွေ လျှောက်ပြောနေတဲ့စကား။ ဒီမိုကရေစီ တကယ် ပေါ်ထွန်းအောင် ကြိုးစားကြတဲ့ ဒီကောင်တွေနဲ့ ဝေးဝေးနေကြ။

ဝ (၇) လုံး ဆောင်
မင်းတို့ လွှတ်တော်ထဲ ရောက်ကြပြီ ဆိုတော့ ၀၀ စား၊
ဒီကောင်တွေနဲ့ ဝေးဝေးရှောင်၊
လူ့အခွင့်အရေး ဘာညာကွိကွကိစ္စတွေမှာ ၀င်မစွက်နဲ့၊
ဝင်စွက်ရင်
ဝါးရင်းတုတ်နဲ့ ရိုက်ခံရမယ်၊
ဝီသံကြားရင်
ဝပ်။

ဒိုက်ဦးမြို့က နမူနာ
လွှတ်တော် မခေါ်ခင်မှာ ဒိုက်ဦးမြို့က သတင်းတပုဒ် မင်းတို့ ဖတ်လိုက်၊ ကြားလိုက်ကြမှာပေါ့။ မဖတ်ရသေးရင်လည်း ဗမာ့သွေး၊ မစ္စတာကိုဝင်း၊ ရဲရင့် ကနေဒါ ဆိုတဲ့ ဂျီးဒေါ်နွားကျောင်းတဲ့ ကောင်တွေဆီက Email တွေ လက်ခံလိုက်။ အေး - သူတို့ အီးမေးနဲ့ ပို့တဲ့သတင်းတပုဒ်မှာ ရေးထားတာ ဒိုက်ဦးမှာ အမျိုးသမီး တယောက်ကို ၄၃ နှစ်ကြာအောင် ကျွန်ပြု အကျဉ်းချနိုင်ခဲ့တယ် ဆိုတဲ့ သတင်းက စိတ်ဝင်စားစရာ ကောင်းတယ်။

အဲဒီ အမျိုးသမီးက အလုပ်ရှင်ကို ဘယ်လောက်တောင် လေးစားရိုကျိုးတယ်၊ စီးပွားဖြစ်အောင် လုပ်ပေးတယ် ဆိုတာလည်း ရေးထားတယ်။ ဒါဟာ မင်းတို့ အတုယူစရာပဲ။

အဲဒီလိုဖြစ်အောင် အလုပ်ရှင်က ပုံသွင်းထားတဲ့အကြောင်း သတင်းထဲမှာ အခုလို ရေးထားတယ်။
“လူတယောက်ကို တွေ့တာနဲ့ သူက သုတ်ဆို နောက်ဖေးသွားပြီး ဟိုး ချောင်ထဲမှာ သွားထိုင်နေတယ်။ သွားတဲ့အချိန်မှာလည်း သိမ်သိမ်မွေ့မွေ့လေး လက်ကလေး နှစ်ချောင်း ပေါင်ကြားထဲ ညှပ်ပြီး ကုန်းပြီးတော့ အဲဒီလို တော်တော်ကို နှိပ်ကွပ်ခံထားရတဲ့၊ အကျပ်ကိုင်ပြီး လုပ်ထားတဲ့ ပုံစံကတော့ အခုထက်ထိ မပျောက်သေးဘူး” ဆိုပဲ။

xxx စားကြ
ဒီအလုပ်ရှင်ရဲ့ အောင်မြင်မှုဟာ အများကြီး ကျေနပ်စရာ ကောင်းတယ်။ ဒါဟာ လေးငါးနှစ်ပဲ ကြာတဲ့ အပေါစား အောင်မြင်မှု မဟုတ်ဘူး။ နှစ်ပေါင်းများစွာ တည်တံ့ခဲ့တဲ့ ဂုဏ်ယူလေးစားရမယ့် အောင်မြင်မှုဖြစ်တယ်။ အလုပ်ရှင် ဆိုတာလည်း အုပ်ချုပ်သူ တမျိုးပဲ။ မင်းတို့ကောင်တွေလည်း အုပ်ချုပ်သူပဲ။ ကိုယ့်ဂွင်ထဲမှာ ရှိသူတွေကို ဒိုက်ဦးက နည်းလမ်းအတိုင်း နှိပ်ကွပ်ကြ။ မင်းတို့က မနှိပ်ရင် အုပ်ချုပ်ခံရသူတွေက မင်းတို့ကို နှိပ်ကွပ်သွားလိမ့်မယ်။ မင်းတို့ လက်စွမ်းမပြနိုင်ဘူး ဆိုရင် ဒိုက်ဦးမြို့က အဲဒီအလုပ်ရှင်ရဲ့ xxx ကို စားပေတော့။

ထုတ်ကုန် ၂ ဆ တိုးမြှင့်ကြ
အမျိုးသမီးကို ၄၃ နှစ်ကြာ အနိုင်ကျင့်၊ နှိပ်ကွပ်ထားတဲ့ ဒီ အလုပ်ရှင်ဟာ ရှင်းရှင်းပြောရရင် နိုင်ငံတော် သမ္မတ ဖြစ်သင့်တဲ့သူပဲ။ ဒါပေမယ့် သူ့မှာ စစ်ရေးအတွေ့အကြုံ မရှိတော့ ဒီတာဝန် ထမ်းလို့ မဖြစ်တာတော့ သူ့ရဲ့ ကံပဲပေါ့။ ထပ် ပြောရရင် - ဒီအလုပ်ရှင်က သူ့အလုပ်သမားကို ဘယ်လို ပုံသွင်းတယ်၊ ဘယ်လို ခိုင်းစားတယ် ဆိုတာ မင်းတို့ လေ့လာကြ။ မင်းတို့အုပ်ချုပ်ရေးဒေသမှာ နေသူတွေကိုလည်း အဲဒီလို ပုံသွင်းကြ၊ ခိုင်းစားကြ၊ ထုတ်ကုန် ၂ ဆ တိုးမြှင့်ကြ။

ကျွန်ပိုင်ရှင်ထောင်မှူးစနစ်
ဒီအလုပ်ရှင်က ၄၃ နှစ် ကျင့်သုံးခဲ့တဲ့ ကျွန်ပိုင်ရှင်ထောင်မှူးစနစ်ဟာ တကယ်တော့ ငါတို့တပ်မတော်က ထွင်ခဲ့တာပဲ။ ဒီဖော်နည်းကားကို သူက ကော်ပီကူးလိုက်တာ။ ဒါပေမယ့် အရေးမယူပါဘူး၊ အချင်းချင်းမို့ အထာ ထားလိုက်မယ်။
၁၉၆၂ ခုနှစ်က အစပြုပြီး ငါတို့ တပ်မတော်က ဒီနိုင်ငံမှာ အာဏာ ရခဲ့တယ်။ နိုင်ငံ၊ အရပ်သား၊ ဘုန်းကြီး၊ စစ်သား တွေကို ငါတို့ လိုသလို ပုံသွင်းနိုင်ခဲ့တာ မင်းတို့ အသိပဲ။ ဒီအစဉ်အလာကောင်းတွေကို မင်းတို့ ဆက်ပြီး ယူနိုင်ရမယ်၊ အမွေဆက်ခံဖို့ ကြိုးစားရမယ်။ ဆက်ခံနိုင်ဖို့လည်း ငါတို့ အားလုံး စီစဉ်ပြီးပြီ။

တမတ်သား နဲ့ ငါတို့စိတ်ကြိုက် လွှတ်တော်
လွှတ်တော်တွေထဲမှာ တပ်မတော်က တမတ်သား ပါတယ်၊ ကျန်တဲ့ သုံးမတ်သားကလည်း ငါတို့ အပ်ချလောင်းလုပ်လိုက်သူ အများစုဖြစ်တယ်။ ဒီလို မဖန်တီးလို့ မဖြစ်ဘူး။ ဒါမှ ငါတို့ စိတ်ကြိုက် လုပ်ချင်တာ ဆက်လုပ်လို့ ရမယ်။ နောင်လည်း ငါတို့ ဆက်လက် မိုက်ကန်းဖို့ လိုတယ်။

နိဂုံးချုပ်
ကဲ - ရဲဘော် ကြံ့ဖွံ့တို့၊ အချိန်မရှိဘူး၊ နိဂုံးကို တိုတိုပဲ ချုပ်လိုက်မယ် -
“ကိုယ့်နဲ့ အနီးစပ်ဆုံး ပြည်သူကို ကျွန်ပြုကြ” ဒါပဲ။

အာဏာရှင်စနစ် အဓွန့်ရှည်ရမည်။
အာဏာရှင်စနစ် အဓွန့်ရှည်ရမည်။
အာဏာရှင်စနစ် အဓွန့်ရှည်ရမည်။

(လက်ခုပ်သံများ)

Comments