Letters from Michigan - 56

မစ်ရှီဂန်ကပေးတဲ့စာ (၅၆)
အောင်ဝေး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာကြပါရဲ့လားဗျာ။ အရင်တပတ်က ကျနော် ဂျီစီဘီအေ မြန်မာ အသင်းချုပ်ကြီးနဲ့ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်း အစချီ ပြောခဲ့တာမို့ အခု တဆက်တည်း သမိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အကွဲအပြဲတွေ၊ မညီညွတ်မှုတွေ၊ ကျနော့်ခေါင်းထဲ ပေါ်လာတာကို ပြောကြည့်ချင်တယ်ဗျာ။

ခုတလော၊ ပြည်သူလူထုတွေထဲကနေပြီး ပြည်တွင်းရော၊ ပြည်ပကပါ ဆိုပါတော့၊ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်ပြီး မေးကြပြောကြတဲ့ စကားတွေထဲမှာ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားတွေ မညီညွတ်ကြဘူး ဆိုတဲ့ ကိစ္စက၊ ထိပ်တန်းက အမြဲ ပါပါနေတာ သတိထားမိတယ် ကိုဒေါင်း။

သူတို့ပြောသလို ကျနော်တို့ မြန်မာ့ ဒီမိုကရေစီ ဘက်တော်သားတွေ တကယ် မညီနိုင် မညွတ်နိုင် ဖြစ်နေကြလို့လား။ ဒီလိုတော့လည်း ဟုတ်နိုင်မယ် မထင်ဘူး ကိုဒေါင်းရေ။ ကျနော်တို့ မညီညွတ်ရင်၊ ကျနော်တို့ ရှိနေနိုင်ပါဦးမလား။ တဖက်က သမိုင်းရေး အခြေအနေနဲ့ လက်ငင်း ပြဿနာ၊ အခက်အခဲတွေကလည်း ရှိသေးတာ မဟုတ်လား။ တချို့က အဆိုး မြင်ကြတယ်။

ကိုဒေါင်းကြီး၊ ငြင်းပယ်ခြင်းသီအိုရီ ဆိုတာ ရှိရဲ့ဗျာ။ Negation of negation တဲ့။ ငြင်းပယ်ခြင်းကို ငြင်းပယ်ခြင်းပေါ့ဗျာ။ အဆိုးမြင်တဲ့သူတွေကို ကျနော်က ဒီလို ပြောချင်တယ်။ (၁) မြန်မာ့ဒီမိုကရေစီ ဘက်တော်သားတွေ မညီညွတ်ဘူး ဆိုတာ မဟုတ်ဘူး။ ထပ်ပြီး ပြောရဦးမယ် ဆိုရင် (၂) မြန်မာ့ ဒီမိုကရေစီ ဘက်တော်သားတွေ ဘယ်တော့မှ ညီညွတ်မှာ မဟုတ်ဘူး ဆိုတာလည်း မဟုတ်ဘူး။

ကိုဒေါင်း၊ တချို့က ညီညွတ်ရေး အပေါ်မှာ သိပ်ပြီး အဆိုးမြင်လွန်းတာလည်း ပါပါတယ်။ တချို့ကတော့ အကောင်းမြင်ဖို့ ၀န်လေးတာလည်း ပါချင်ပါမှာပေါ့ဗျာ။ သမိုင်းမှာ ကွဲခဲ့ ပြဲခဲ့တာကတော့ ငြင်းလို့မရတာ သေချာတယ်။ ညီညွတ်ရေးပျက်ပြားလို့ ပန်းတိုင်မရောက်ဘဲ၊ လမ်းပျောက်ခဲ့တာတွေ ရှိခဲ့တာလည်း မှန်ပါတယ်။

ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးကနေပဲ စပြီး ကြည့်လိုက်ဦး။ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းမှာ၊ ပထမဆုံး နယ်ချဲ့ဆန့်ကျင်ရေးတပ်ဦး လို့ ဆိုနိုင်တဲ့ ဂျီစီဘီအေအဖွဲ့ကြီးကို တိုင်းပြည်ကလည်း အားထားခဲ့တယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့လို ပုဂိုလ်တွေကလည်း မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ဘာဖြစ်လာသလဲ။

မကြာဘူး။ ဦးချစ်လှိုင် ဂျီစီဘီအေနဲ့ ဦးဘဖေ(၂၁)ဦး ဂျီစီဘီအေ ဆိုပြီး နှစ်ခြမ်း ကွဲတော့တာပဲ။ အကွဲက ဒီလောက်နဲ့ မရပ်ခဲ့ဘူး။ ဦးချစ်လှိုင်ဂျီစီဘီအေထဲကနေပြီးတော့ကိုပဲ၊ ဦးချစ်လှိုင် တခြမ်း၊ ဦးစိုးသိန်း တခြမ်း ဆိုပြီး ထပ်ကွဲခဲ့ပြန်ရော မဟုတ်လားဗျာ။

ဒီလို အကွဲအပြဲတွေကတော့ နိုင်ငံရေး အယူအဆပေါ်မှာ အဓိက အခြေခံတာတော့ ဟုတ်တယ်။ မလိုလားအပ်တဲ့ ပုဂိုလ်ရေးကိစ္စတွေ၊ ငွေကြေး ရန်ပုံငွေကိစ္စတွေလည်း၊ အနည်းနဲ့အများ ပါတန်သလောက် ပါခဲ့တယ်။ ကွဲတာကတော့ ကွဲတာပဲ ဖြစ်တယ်။

ကိုယ့်ဘက်က ညီညွတ်ရေး ပျက်ပြားသွားတော့၊ ရန်သူ နယ်ချဲ့ ဗြိတိသျှအစိုးရက၊ အားရတော့ပေမပေါ့။ ညီညွတ်ရေးက ပျက်ရုံတင်ပျက်တာ မဟုတ်တော့ဘဲ၊ အမျိုးသားရေး အပေါ် သစ္စာဖောက်တာတွေ၊ ရန်သူနဲ့ ပူးပေါင်းသွားတာတွေ အထိ ဖြစ်လာခဲ့တာပါပဲ။

နယ်ချဲ့ ကိုလိုနီအစိုးရကလည်း၊ မြန်မာ့ လွတ်လပ်ရေး အင်အားစုတွေကို ဒီအတိုင်း ဘယ် လက်ပိုက်ကြည့်နေမလဲဗျာ။ တတ်နိုင်သလောက် သွေးခွဲတာပေါ့။ အတွင်းဝင်ပြီး သပ်လျှို တာပေါ့။ ဒီတော့ ကိုယ့်မြန်မာ အချင်းချင်း စိတ်ဝမ်း ကွဲကုန်ကြတော့တာပေါ့။

တို့ဗမာအစည်းအရုံးကြီးလည်း နှစ်ခြမ်း ကွဲခဲ့တာပဲ မဟုတ်လား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ ဦးဆောင်တဲ့ လက်ဝဲဂိုဏ်း နဲ့ ဗစိန်-ထွန်းအုပ်-ရှုမောင်ဂိုဏ်း လို့ ခေါ်တဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်ရှုမောင် (သခင်ရှုမောင် ဆိုတာကဗိုလ်နေ၀င်းပါ) သူတို့ ဦးဆောင်တဲ့ လက်ယာဂိုဏ်း ဆိုပြီး ဖြစ်ခဲ့ဖူးတာလည်း အထင်အရှားပဲ။

နောက်ထင်ရှားတဲ့ဟာ တခုက ဖက်ဆစ်တော်လှန်ရေးတုန်းက အဓိက မဏ္ဍိုင်ဖြစ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဆိုရင်လည်း ဖက်ဆစ်တော်လှန်ရေးကြီး အပြီးမှာ မညီမညွတ်တွေဖြစ်ပြီး၊ သခင်စိုးကွန်မြူနစ်ပါတီ နဲ့ သခင်သန်းထွန်းကွန်မြူနစ်ပါတီ ဆိုပြီး နှစ်ပါတီနှစ်ဖွဲ့ ကွဲခဲ့ဖူးတာပဲ။

ပြီးတော့တခါ လွတ်လပ်ရေးကို တိုက်ယူပေးခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ကြီး၊ ဒါလည်း လွတ်လပ်ရေးရပြီးတဲ့ ဒီဘက်ခေတ်မှာတော့၊ ဖဆပလလည်း နှစ်ခြမ်း ကွဲပြန်တာပါပဲ။ ဦးနုနဲ့သခင်တင် တို့က သန့်ရှင်းဖဆပလ၊ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့က တည်မြဲ ဖဆပလ ဆိုပြီး ကွဲဖြစ်အောင် ကွဲခဲ့တော့တာပဲ။

ကိုဒေါင်းရေ - ကွဲတယ် ဆိုတဲ့နေရာမှာ ခိုင်လုံတဲ့သူ့ အကြောင်းတရားတော့ ဧကန်ရှိမှာပဲ။ ကိုယ့်တဖက်တည်းနဲ့လည်း မလုံလောက်ဘူး။ ရန်သူဘက်က အကြောင်းတရားတွေကိုလည်း မလွဲမသွေ ထည့်တွက်ရဦးမှာပဲ။ ပြောရရင် ကိုဒေါင်းရေ - ရန်သူက၀င်နှောင့်ရင်၊ တိုးတက် ခိုင်မာပါတယ် ဆိုတဲ့ အဖွဲ့အစည်းပေမဲ့လည်း၊ ကွဲချင် ကွဲတတ်တာပဲ မဟုတ်လား။

ကျနော် စဉ်းစားကြည့်မိတယ် - ဘာ့ကြောင့် မြန်မာ့ ဒီမိုကရေစီဘက်တော်သားတွေ မညီညွတ်ဘူး၊ မညီညွတ်ဘူး လို့ အပြော ခံနေရတာလဲ။ နိုင်ငံရေးသမားတွေရော၊ တက်ကြွ လှုပ်ရှားသူတွေပါ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။ တိုက်ပွဲ မရှိလို့လား။ တိုက်ပွဲ မရှိရင်၊ ညီညွတ်ရေး မရှိနိုင်ဘူး မဟုတ်လား ကိုဒေါင်း။ တိုက်ပွဲရှိမှ ညီညွတ်ရေး ရှိမယ်။

ဒါဖြင့် - တိုက်ပွဲ မဖော်နိုင်လို့လား။ တိုက်ပွဲဖော်ဖို့ ဘုံရန်သူ ရှိရမယ်။ ဘုံရန်သူက ကိုယ့်ကို လည်ပင်းညှစ်၊ ကိုယ့်ကုပ်ကို ခွစီးနေတာ ကြာပြီ။ အနှစ်(၂၀)ကျော်ပြီ။ ကျနော်တို့ ညီညွတ်ဖို့ ဆိုရင်၊ ဒိပြင်ဟာတွေ ရှည်ရှည်ဝေးဝေး မလိုဘူး။ ဘုံရန်သူကို မြင်တတ်ဖို့ပဲ လိုတယ်။ ဘုံရန်သူကို ကြည့်တတ်ဖို့ပဲ လိုတယ်။

အဓိက ရန်သူကြီးကိုလည်း မြင်နေတွေ့နေရပြီ။ အဲဒီရန်သူကြီးကို ဖယ်ရှားပစ်ရမယ် ဆိုတာလည်း သိနေ သဘောပေါက်နေကြပြီ။ ဒီလောက် သိရင်မြင်ရင်ကိုပဲ၊ ကျနော်တို့ အခြေခံ ညီညွတ်ရေး တည်ဆောက်လို့ ရပါပြီ။ ညီညွတ်ရေး အပေါ်မှာ သိပ်ပြီးတော့လည်း အဆိုးမမြင် ကြစေချင်ပါ။ အကောင်းမြင်စိတ်နဲ့ ညီညွတ်ရေး ကြိုးပမ်းကြပါစို့ ကိုဒေါင်းရေ။

အားလုံးကို လေးစား တန်ဖိုးထားလျက်-

အောင်ဝေး
ဇန်န၀ါရီ ၃၁ -၂၀၁၁။

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

Comments