Suu and RFA listeners on Feb 25

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
ဘယ်လို ကူရမလဲ၊ ဘယ်နည်းလမ်းနဲ့ သွားမလဲ
RFA

ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁


ဆလိုင်းထွန်းသန်း၊ စောလားဘွယ် (DKBA)
ပဒို စောအောင်မော်အေး (KNU)၊ ကိုသံကွန်း
ကိုညီထွဋ်၊ ကိုဂေါ်ဇီလာ
မစုဇင် တို့၏ မေးခွန်းများ
နှင့်
ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ

(ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁ RFA ထုတ်လွှင့်ချက်)

မေးသူ။ ။ ဆလိုင်းထွန်းသန်း

မေးခွန်း။ ။ ကျွန်တော်ကတော့ ဆလိုင်းထွန်းသန်းပါ။ နိုင်ငံတော် အစိုးရက အတင်း ပို့လိုက်လို့ အမေရိကန်ကြီး ဖြစ်နေတဲ့ ဆလိုင်းထွန်းသန်းပေါ့။ နက်ဖြန်သဘက် ဆိုလို့ရှိရင်လည်း ကျွန်တော် (၈၄) နှစ်ထဲ ရောက်တော့မှာပါ။ ကျွန်တော်က ဒီကိုမလာခင် ဘာလုပ်သလဲ ဆိုလို့ရှိရင် ငဖဲမြို့ နယ်ထဲမှာ ပေလေးထောင်လောက် မြင့်တဲ့ တောင်ပေါ်မှာ တောင်ပေါ်ဒေသ ကျေးလက် ဘက်စုံဖွံ့ဖြိုးရေး ဆိုပြီးတော့ ကျွန်တော် လုပ်ခဲ့ပါတယ်။ ဤကဲ့သို့သောလုပ်ငန်း၊ ဒါမှမဟုတ်ရင် အလားတူ လုပ်ငန်းတွေ၊ ဒီတောင်သူလယ်သမားတွေဟာ ခုထက်ထိ အတော်လေးကို ဒုက္ခ ရောက်နေတဲ့ အတွက်ကြောင့် အဲဒါမျိုး လုပ်ငန်းများ လုပ်ဖို့ အစီအစဉ် ရှိသလားလို့ ကျွန်တော် အဲဒါလေး သိချင်ပါတယ်။ တကယ်လို့များ ရှိရင်လည်းပဲ ကျွန်တော်ကတော့ နှုတ်အားဖြင့်ဖြစ်စေ၊ ကူညီစေချင်လို့ရှိရင် ကျွန်တော် ကူညီပါ့မယ်။

ဖြေ။ ။ ဆရာကြီးထောင်တွင်း အတွေ့အကြုံ အကြောင်းတွေနဲ့၊ နိုင်ငံခြားရောက်ပြီး ပြောဆိုတာတွေကို ရေဒီယိုအသံလွှင့် ဌာနတွေမှတဆင့် မကြာခဏ ကြားခဲ့ရလို့ ယခုလိုဆရာနဲ့ တိုက်ရိုက် ဆက်သွယ်တာကို အများကြီးကို ၀မ်းသာပါတယ်။ ကျွန်မတို့ တောင်သူလယ်သမားတွေနဲ့ ကျေးလက် တောရွာနေ ပြည်သူတွေကို တတ်နိုင်သမျှ ကူညီဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ ဆရာ့ အနေနဲ့ နှစ်ပေါင်းများစွာ စုဆောင်းရရှိခဲ့တဲ့ ဗဟုသုတတွေကို ကျွန်မတို့လုပ်ငန်းတွေ အထောက် အကူ ဖြစ်ဖို့ ဝေငှချင်ပေးမယ် ဆိုလို့ရှိရင် အင်မတန်မှ ကျေးဇူးတင်မှာပါ။ ကျွန်မတို့လိုတဲ့ အကူအညီတွေနဲ့ ပတ်သက်လို့ ဆရာ့ကို ဆက်သွယ်ပါ့မယ်။

မေးသူ။ ။ စောလားဘွယ် (DKBA)

မေးခွန်း။ ။ ခုတက်လာတဲ့ စစ်အစိုးရတွေက ပြည်သူလူထုကို မပြောနဲ့၊ သူတို့ ရှိခိုးကန်တော့တဲ့ ဘုန်းကြီးတောင်မှ သူတို့ ဆဲပြီး၊ ရိုက်တက်နင်း သတ်ဖြတ်တာတို့။ ဒါကြောင့်မို့ ဒီကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်ထောင်စု တိုင်းရင်းသားတွေ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို ဘယ်နည်းဘယ်လမ်းနဲ့ လုပ်ရမလဲ။

ဖြေ။ ။ ကျွန်မတို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ကြိုးပမ်းတဲ့ နေရာမှာ အကြမ်းမဖက်ဘဲ လုပ်မယ်လို့ သန္နိဌာန် ချထားပါတယ်။ ဒါက အကြမ်းမဖက်တဲ့ လမ်းက လွယ်ကူလို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ကို အကြမ်းဖက်တဲ့နည်း၊ လက်နက်နည်းနဲ့ လုပ်မှဖြစ်မယ် ဆိုတဲ့ အမြင်ကို ပြောင်းလဲချင်လို့ပါ။ ဆွေးနွေး ညှိနှိုင်းပြီး နိုင်ငံရေးအဖြေရှာတဲ့ အစဉ် အလာကို ဒီတိုင်းပြည်မှာ ခိုင်မာသွားစေချင်လို့ပါ။ ဒီလိုအစဉ်အလာ ခိုင်မာသွားမယ် ဆိုလို့ရှိရင် အုပ်ချုပ်တဲ့သူတွေ ဘက်ကပဲ ဖြစ်ဖြစ်၊ ပြည်သူတွေ ဘက်ကပဲ ဖြစ်ဖြစ်၊ ဘယ်လို မကျေနပ်မှုတွေပဲ ရှိရှိ သွေးထွက်သံယိုမှု မပါဘဲ ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။

မေးသူ။ ။ ပဒို စောအောင်မော်အေး

မေးခွန်း။ ။ ကျွန်တော်တို့ KNU ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် တစိုက်မတ်မတ်နဲ့ သူတို့ လုပ်နေတယ်လေနော်။ KNU ကတော့ အမြစ်မပြတ်နိုင်ဘူးပေါ့။ ပြည်တွင်းစစ်ကတော့ ဆက်နေမှာပဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ KNU ချေမှုန်းရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို သဘောထားသလဲ။ နိုင်ငံရေး နဲ့ဖြေရှင်းမယ် ဆိုရင် ပြေလည်သွားနိုင်မယ် ဆိုတာကို ကျွန်တော်တို့ ယုံကြည်တဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ဘယ်လို သဘောထားမလဲ။

ဖြေ။ ။ စောစောက ဗိုလ်မှူးချုပ် စောလားဘွယ်ကို ကျွန်မ ဖြေခဲ့တဲ့ အတိုင်းပဲ၊ နိုင်ငံရေး အပြောင်းအလဲတွေကို ဆွေးနွေးညှိနှိုင်းပြီး ဖြစ်မြောက်စေမယ် ဆိုတာက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခြင်းနည်းကို အယုံအကြည် ရှိတယ်လို့ ပြောတာနဲ့ အတူတူပါပဲ။ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို အမြစ်ဖြတ်မယ်၊ ချေမှုန်းမယ် ဆိုတဲ့ စိတ်ဓာတ်တွေအစား နားလည်မှု ယူမယ်၊ ခင်မင်မှု ရရှိအောင် လုပ်မယ်။ ယုံကြည်မှု၊ ညီညွတ်မှု တည်တံ့အောင် နည်းအမျိုးမျိုးနဲ့ လုပ်ယူမယ် ဆိုတဲ့ နှလုံးသား စစ်ဆင်ရေးကိုသာ ကျွန်မတို့ အလေးပေးပြီး လုပ်သွားချင်ပါတယ်။ ကျွန်မတို့ တိုင်းရင်းသားများ အားလုံး အကြား စစ်မှန် ခိုင်မာတဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို အမြန်ဆုံး ထူထောင်နိုင်ပါစေလို့ ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်။

မေးသူ။ ။ ကိုသံကွန်း

မေးခွန်း။ ။ ကျွန်တော် မြစ်ကြီးနားက ကချင် တိုင်းရင်းသား တစ်ယောက်ပါ။ ကျွန်တော်ကတော့ နိုင်ငံရေးကို တခြားတော့၊ အထူးတော့ စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ကျွန်တော် သိချင်တာကတော့ တိုင်းရင်းသား ဒေသတွေမှာ ဥပမာ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ကျွန်တော်တို့ ကချင် တိုင်းရင်းသား စာပေကို တရားဝင် ရုံးသုံးဘာသာအဖြစ် အကယ်၍ ပြဌာန်းပြီး ကျွန်တော်တို့ အဲဒါကို အသုံးပြုချင်တယ် ဆိုရင် ဒေါ်စုတို့ ဘယ်လို သဘောထားမလဲ။

ဖြေ။ ။ တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ဘာသာစကားကို ထိန်းသိမ်းချင်တာဟာ ဖြစ်သင့် ဖြစ်ထိုက်ပါတယ်။ ရုံးသုံးဘာသာစကားအဆင့် မရောက်ခင် ကျောင်းတွေမှာ သင်ကြားဖို့ ပထမ ကြိုးစားရမယ်လို့ ထင်ပါတယ်။

ကိုသံကွန်းက နိုင်ငံရေး စိတ်မ၀င်စားဘူးလို့ ပြောတယ်နော်၊ ဒီလို တိုင်းရင်းသား အခွင့်အရေးများနဲ့ ဆိုင်နေတဲ့ ဘာသာစကား လွတ်လပ်စွာ သုံးစွဲပိုင်ခွင့် ဆိုတာ နိုင်ငံရေးပါပဲ။ ဒါ့ကြောင့် ဘယ်နိုင်ငံသူ နိုင်ငံသားမှ နိုင်ငံရေးနဲ့ မကင်းနိုင်ပါဘူးလို့ အန်တီ ခဏ၊ ခဏ ပြောတာပါ။

မေးသူ။ ။ ကိုညီထွဋ်

မေးခွန်း။ ။ ကျွန်တော်က ၀ တိုင်းရင်းသား တစ်ယောက်ပါ။ ကျွန်တော် သိချင်တာက အကယ်၍သာ NLD ပါတီက သမ္မတလောင်းသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ အတွက် ဘယ်လို အင်္ဂါရပ်တွေ၊ ဘယ်လို ပြဌာန်းချက်တွေ၊ ဘယ်လို အကောင်အထည်ဖေါ်နိုင်မယ့် စွမ်းရည်ရှိမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသအဖြစ် ပေးနိုင်မလဲ။ ဘယ်လို ရပ်တည်ပေးနိုင်မလဲ။

ဖြေ။ ။ သမ္မတဖြစ်လို့ ဆိုပြီး ပြည်ထောင်စု အတွက် အင်မတန် အရေးပါတဲ့ ကိစ္စတွေကို တဦးတယောက်တည်း သဘောနဲ့ ဆုံးဖြတ်တာမျိုး အန်တီ လုံးဝ မလိုလားပါဘူး။ အခု ကိုညီထွန်း ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့မူတွေ ဆိုတာ တိုင်းရင်းသားတွေ အချင်းချင်းကြား ဆွေးနွေးပြီးမှ သဘောတူညီမှု ယူရမယ့် ကိစ္စမျိုးပါ။ ဒီလို ဆွေးနွေးပြီးရရှိတဲ့ ယုံကြည်မှု ခင်မင်မှု တွေနဲ့သာ အများ လက်ခံ နှစ်သက်တဲ့ နိုင်ငံကို ထူထောင်နိုင်မှာပါ။ ဒါ့ကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ် ပေါ်ပေါက်ရေး အတွက် (၂၁) ရာစု ပင်လုံကို အန်တီတို့ ဦးတည်နေတာ ဖြစ်ပါတယ်။

မေးသူ။ ။ ကိုဂေါ်ဇီလာ

မေးခွန်း။ ။ အမေစုကို ကျွန်တော် မေးခွန်းလေး(၂) ခုလောက်တော့ ကျွန်တော် မေးချင်ပါတယ်။
(၁) ကျွန်တော်တို့ ဗမာပြည်သူပြည်သားတွေ အားလုံးဟာ ဘာဖြစ်လို့ အကြောက်တရားတွေ ရင်ထဲမှာ လွှမ်း မိုး နေကြတာလဲ။ အဲဒီအကြောက်တရားတွေကို ကျွန်တော်တို့ အနုပညာသမားတွေနဲ့ အမေစုတို့လို နိုင်ငံခေါင်းဆောင်တွေ ဒါမှမဟုတ် တတ်သိပညာရှင်တွေက ပူးပေါင်းပြီးတော့ အကြောက်တရားကို ရင်ထဲကနေ ဘယ်လို ဖယ်ရှားရမလဲ။

(၂) မြန်မာပြည်သူလူထု အများစုက အဖွဲ့အစည်းရဲ့ ပုံသံဏ္ဌာန်ကို မရင်းနှီးကြတာလား၊ ဒါမှမဟုတ် ကိုယ့်မင်းကိုယ့်ချင်းဆိုတဲ့ စကားကိုပဲ ရင်ဝယ်ပိုက်ကြတာလားတော့ မသိဘူးပေါ့။ ညီညွတ်မှုက အင်မတန် အားနည်းတာကို တွေ့ရပါတယ်။ ညီညွတ်မှုမရှိတဲ့ တိုက်ပွဲတွေဟာ အောင်မြင်မှုမရှိဘူး ဆိုတာကိုလည်း ကျွန်တော်တို့က ပြည်သူ လူထုကို ဘယ်လိုချပြရမလဲ။ အဲဒီကိစ္စလေးကိုလည်း ကျွန်တော်တို့ အနုပညာတွေနဲ့ အမေတို့လို နိုင်ငံခေါင်းဆောင်တွေ စုပေါင်းပြီးတော့ ပြည်သူ လူထု ရင်ထဲ ရောက်အောင် ဘယ်လို ပို့ဆောင်ရင် ကောင်းမလဲ။

ဖြေ။ ။ ဂေါ်ဇီလာကြီးလို ကြီးထွားသန်မာမှု မရှိလို့ လူတွေက ကြောက်နေကြတာလားပဲနော်။ တကယ်တော့ ကိုဂေါ်ဇီလာ မေးတဲ့ မေးခွန်းနှစ်ခုဟာ ဆက်နွယ်နေပါတယ်။ အကြောက်တရား ဆိုတာ စိတ်လုံခြုံမှု မရှိတာကနေ ပေါက်ဖွားလာတာ လို့ ထင်မိပါတယ်။ ညီညွတ်မှု နည်းပါးတယ် ဆိုတာကလည်း အချင်းချင်းကြား သံသယတွေများလို့ ဖြစ်ပါလိမ့်မယ်။ ဒီလို လိုအပ်တာထက် ပိုတဲ့ သံသယတွေ ဆိုတာဟာလည်း စိတ်လုံခြုံမှု နည်းလို့ပဲလို့ ထင်မိပါတယ်။ အမေတို့ပြည်သူတွေ စိတ်လုံခြုံမှု အားကောင်းလာဖို့ ဆိုတာဟာ ကလေးတွေ ပြုစု ပျိုးထောင်မှုကနေပြီး ဖြစ်ရမှာပါ။ ကြောက်ရွံ့စိတ်တွေ၊ သံသယစိတ်တွေ ၀င်ပြီး ဖြစ်နေတဲ့သူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တုံတရားနဲ့ ပြုပြင် ပြောင်းလဲဖို့ ကြိုးစားရမှာပါ။ ဒီနေရာမှာ ပတ်ဝန်းကျင်ရဲ့ ကူညီအားတွေကလည်း အများကြီး အရေးကြီးပါတယ်။ ကိုဂေါ်ဇီလာတို့လို ဟာသလက်နက်၊ အနုပညာလက်နက်တွေ သုံးပြီး ပြည်သူတွေကို ပညာပေးတာ အင်မတန် ထိရောက်တယ်လို့ အမေ ထင်ပါတယ်။ အမေတို့ရဲ့ နိုင်ငံရေး အတွေးအမြင်တွေကို အများ နားလည် လက်ခံနိုင်အောင် သားတို့ အနုပညာရှင်တွေက လုပ်ပေးနိုင်စွမ်းရှိပါတယ်။ သားတို့ရဲ့ ဟာသပြက်လုံးလေးတွေဟာ အမေတို့အတွက် စည်းရုံးရေး အထောက်အကူ ပစ္စည်းတွေပါပဲ။

မေးသူ။ ။ မစုဇင်

မေးခွန်း။ ။ ကျွန်မကတော့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတယောက် ဖြစ်ပါတယ်။ ကျွန်မတို့ ဒီထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား နှစ်သန်းကျော် ရှိပါတယ်။ အဲဒီအတွက် အမေစု လွတ်လာတဲ့အချိန်မှာ ကျွန်မတို့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေကို အမြန်ဆုံး ပြန်ခေါ်ဖို့ ပြောခဲ့တာကြားတော့ ကျွန်မ အရမ်း ၀မ်းသာပါတယ်။ အိမ်ကိုလည်း အမြန်ဆုံး ပြန်ချင်ခဲ့ပါတယ်။ ကျွန်မတို့ ဒီထိုင်းနိုင်ငံရောက်တာ(၁၀) နှစ်လောက် ရှိပါပြီ။ တခါမှ ဒီလိုပြောတာကို မကြားခဲ့ဘူး။ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာပြည်သား နှစ်သန်းကျော်ကို ပြန်ခေါ်ဖို့အတွက် ဘယ်လိုများ ဆောင်ရွက်ပေးနိုင်မလဲလို့ သမီးအနေနဲ့ သိချင်ပါတယ်။

ဖြေ။ ။ သမီးစုဇင်က အမေပြောတဲ့ စကားအချို့ကို နားလည်မှု လွဲသွားတယ်လို့ ထင်ပါတယ်။ အမေ့အနေနဲ့ ပြည်ပ ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ပြီးခေါ်နိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ မလုပ်ပေးနိုင်သေးတာကို လုပ်ပေးမယ်ဆိုပြီး သမီးတို့ကို လွဲမှားတဲ့ မျှော်လင့်ချက်တွေလည်း မပေးချင်ပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေအဖြစ် တိုင်းပြည်က ထွက်ခွာသွားခဲ့ရတဲ့သူတွေ အမြန်ဆုံး ပြန်လာနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာစေချင်တယ်လို့ အမေ မကြာခဏ ပြောခဲ့ပါတယ်။ အဲဒီလိုဖြစ်ဖို့ ဆိုတာ လူ့အခွင့်အရေးတွေကို အာမခံမယ့် အုပ်ချုပ်မှုစနစ်တွေကို လိုပါတယ်။ ဒါအတွက်လည်း အမေတို့ အစဉ်တစိုက် ကြိုးပမ်းနေပါတယ်။ ဒီကြားထဲမှာ ပြည်ပရောက် ဒုက္ခသည်တွေရဲ့ ဘ၀တွေ သက်သာစေဖို့ အမေတို့ အဖွဲ့အစည်း အမျိုးမျိုးနဲ့ ဆက်သွယ်ပြီး တတ်နိုင်သမျှ လုပ်နေပါတယ်။ သမီး စိတ်ဓာတ် မကျပါနဲ့။ သမီးတို့ရဲ့ အခက်အခဲ သောကတွေကို မေ့မေ့လျော့လျော့ မနေဘဲ အစဉ်တစိုက် ကူညီ မစဖို့ နည်းတွေ ရှာနေတဲ့သူတွေ အများအပြား ရှိတယ် ဆိုတာ သမီးနှလုံးသားထဲမှာ ထည့်ထားစေချင်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး (ABMA) ၏ အင်တာနက်စာမျက်နှာ http://allburmamonksalliance.com/?p=7250 မှ ကူးယူ ဖော်ပြသည်။

Comments