Aung Tha Nge's poem – 21


မှန်အကွဲစတွေပဲ နှင်းတွေလို မှုန်လို့နေရော့ ...
အောင်သာငယ်
မတ် ၃၁၊ ၂၀၁၁

ဒဏ်ရာတခုလုံးလုံးကြီး တင်ကျန်ခဲ့ပြီဆိုမှတော့
နာကျင်တာတွေက ဘာထူးဆန်းတော့မလဲ ...
မောင်ရင်တို့ ...
မယ်မင်းကြီးမတို့ ...
သင်တို့တတွေကရော ...
ဘယ်လိုသဘောတွေနဲ့ ဘာတွေကို ထပ် မျှော်လင့်ထားနေသေးသတုန်း ...


အိမ်ဦးခန်းက ဘုရားစင်ရှေ့မှာ ...
ကိုယ့်ကိုယ်ကိုယ် သန့်စင်ပါ...
အပါယ်ကို အောင်မြင်ခြင်းကိုယ်စား ...
သပြေညောင်ရွက်များ ...
ကိုယ့် အနီးအပါးမှာ ရှုပ်ရှက်ခပ်အောင် ထိုးစိုက်လိုက်ပါ ...

မနက်ဖန် မနက်ခင်းမှာ ...
မင်းမျက်နှာကို ငါတွေ့တဲ့အခါ ...
မနေ့က အကုသိုလ်တွေ
မှောင်ခိုဈေးကွက်ထဲကို
မင်းသယ်မလာသေးဘူးဆိုတာ ... ငါသိပါတယ် ...
နောက်နေ့တွေမှာတော့ မင်း စိတ်ကြိုက် ...
သယ်ယူလာလိုက်ပါ့ ...

နေ့တာတွေတိုပြီး
ညတာတွေ အိုတဲ့ ကမ္ဘာထဲမှာ
ငါ့ အသိုက်အမြုံလေးကလည်း မုန်တိုင်းထန်တာကို ခံနေရသပေါ့လေ ...

မှန်တဲ့သူတွေရဲ့ မှန်တွေကွဲခဲ့တဲ့
မှန်ကွဲ နေ့ညတွေမှာ မှန်အကွဲစတွေပဲ နှင်းတွေလို မှုန်လို့နေရော့ ...

မှန်ရင်ကွဲတာပ ...
အကွဲခံပြီး မှန်ကြပါစို့လား...

ငါတို့ဟာ ...
မှန်ကန်သူတွေပါ ...
ဆက်ပြီး မှန်လိုက်ကြပါစို့ ...။

သရုပ်ဖော် - အောင်ထက်

Comments