authority knew about Nargis 5 days in advance

နာဂစ်ဝင်မည်ကို မိုးဇလဌာန ၅ ရက်ခန့် ကြိုသိခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၈
မတ် ၃၀၊ ၂၀၁၁ နာဂစ်ဒေသတွင် အာဏာပိုင်တို့က ကယ်ဆယ်ရေးလုပ်ငန်းကို ဦးစားမပေးဘဲ အခြေခံဥပဒေအတည်ပြုရေးအတွက် ထောက်ခံမဲရရန် ကြိုးပမ်းခဲ့ပုံကို ကာတွန်းဆရာတဦးက အထက်ပါအတိုင်း သရုပ်ဖော်ခဲ့သည်။

၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းကြီးလာတော့မည်ကို ရက်အတန်ကြာကပင် သိရှိခဲ့ကြောင်း ထိုစဉ်က မိုးလေ၀သဌာန၏ အကြီးဆုံး အရာရှိအဖြစ် လုပ်ကိုင်ခဲ့သူ ဒေါက်တာထွန်းလွင်က ပြောလိုက်သည်။

ကြာသပတေးနေ့က ဧရာဝတီသတင်းဌာန ၀က်ဆိုက်ရှိ အင်တာဗျူးတွင် သူ၏ ပြောကြားချက်များကို ဖော်ပြထားသည်။

“နာဂစ်က ဒီနေရာမှာ ဒီလို ဖြစ်တော့မယ်ဆိုတာ ကျနော် ၅ ရက်လောက် ကြိုသိနေတာပဲလေ။ ဒါပေမယ့်လို့ ကျနော်တို့ အားလုံးက အတွေ့အကြုံ မရှိကြတာရယ်၊ ဒီအပေါ်မှာ သိပ်ပြီးတော့ အရေးတယူ မရှိတာရယ်၊ အထင်သေးတာလည်း ပါတယ်ပေါ့လေ” ဟု သူက ရှင်းပြသည်။

မိုး/ဇလဟု အတိုကောက် ခေါ်ကြသည့် မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဌာနတွင် ထိုစဉ်က ညွှန်ကြားရေးမှူးချုပ် ရာထူး ကိုင်ထားသော်လည်း မိုးလေ၀သ သတင်းများကို ထုတ်ပြန်ပိုင်ခွင့်မရှိဟု ဆိုသည်။

“၀န်ထမ်းဆိုတော့ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေ လိုက်နာရတာပေါ့။ ကိုယ့်အထက်မှာ ရှိတာပေါ့။ ကိုယ့်အထက်ကလူရဲ့ ခွင့်ပြုမှုတို့၊ အတည်ပြုမှုတို့ လိုတာပေါ့။ ဒါတွေကို အလုပ်သဘောအရ မလုပ်မနေ လုပ်ရတာပေါ့”

“အထက်ကလူ” သည် ၀န်ကြီး သို့မဟုတ် မည်သည့် ဗိုလ်ချုပ်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

နာဂစ်မုန်တိုင်းကို ကြိုတင်သတိပေးရန် ပျက်ကွက်ခဲ့သည့်အပြင် မုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်စဉ် အားပျော့သွားပြီဖြစ်ကြောင်းဟုပင် မြန်မာအသံက ကြေညာခဲ့သည်။

မျှော်လင့်မထားသော အင်အားကြီးသည့် သေမင်းတမန် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း လူထုက အကာအကွယ်မဲ့ လည်စင်းခံခဲ့ကြရသည်။ အနည်းဆုံး လူပေါင်း ၁ သိန်းခွဲ သေဆုံးသည်။

နာဂစ်အလွန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း အကန့်အသတ်ဖြင့် လုပ်ကိုင်ခဲ့သည်။

ယခု ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တွင် ငလျင်ဒဏ်ကြောင့် လူအများအပြား သေဆုံးခဲ့သည်။ ငလျင်အလွန် ကူညီကယ်ဆယ်ရေး အခြေအနေများမှာလည်း နာဂစ်ကာလနှင့် ဆင်တူနေသည်။

အာဏာပိုင်တို့ကမူ သဘာဝဘေးအန္တရာယ် ကျရောက်တိုင်း ထိုဒေသများတွင် အစွမ်းကုန် ကူညီလုပ်ဆောင်ပေးကြောင်း ရေးသားဖော်ပြထားသည်။



Comments