Kyaw Thu - FFSS Yangon Activity (27th May 2011)

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
မေ ၂၈၊ ၂၀၁၁


သမီးလေး ရယ်နိုင်ပြီ

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေးတို့၏ ရောဂါဝေဒနာများကို အခမဲ့ ကုသပေးလျှက်ရှိရာ နေ့စဉ် လူနာစုစုပေါင်း ၂၀၀ ကျော်ကို အခမဲ့ ကုသပေးလျှက်ရှိသည်။ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ဆေးခန်းသန့်ရှင်းရေး၊ ပိုးမွှားများသန့်စင်ရေး အတွက် လကုန်ရက် ၁ ရက်တည်းသာ ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး စေတနာရှင် ဆရာဝန်ကြီးများ ၅၀ ဦးခန့်ဖြင့် အခမဲ့ ကုသပေးလျှက်ရှိသည်။ 


 ထိုသို့ကုသပေးရာတွင် မျက်စိ၊ အရိုး အကြော၊ နား နှာခေါင်း လည်ချောင်း၊ မီးယပ်သားဖွား၊ အပ်စိုက်၊ အရေပြား၊ ကလေးအထူးကု၊ အထွေထွေရောဂါ၊ အသေးစား ခွဲစိတ်မှုများ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ E.C.G၊ U.S.Gနှင့် မကြာမီ ရက်ပိုင်းအတွင်း မျက်စိခွဲစိတ်ခန်းကိုပါ ဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။

 
သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကိုယ်တိုင်ကိုယ်ကျ ကုသမှုမပေးနိုင်သော ဝေဒနာရှင်များအား သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်၍ ကုသစားရိတ်အား သတ်မှတ်ချက်ဖြင့် အကုန်အကျခံကာ ကူညီကုသပေးလျှက်ရှိရာ ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း၌ ဧရာဝတီတိုင်းနေ မနှင်းနုဇော် အသက် ၁၄ နှစ် အရွယ်ရှိ ၇ တန်းကျောင်းသူ မိန်းကလေးငယ်သည် ငယ်စဉ်အရွယ်က နေအိမ်ရှိ မီးဖိုခန်းအတွင်း ရေနွေးအိုးပေါ်သို့ မှောက်လျက်လဲမိရာမှ မေးရိုး၊ ရင်ဘတ်နှင့် ပေါင်တံတို့တွင် ရေနွေးပူလောင်ကျွမ်းကာ အရေပြားများ ပျက်စီးသွားခဲ့သည်။ 

ယင်း ဒဏ်ရာဒဏ်ချက်သည် ငယ်စဉ်အရွယ်၌ မိဘများက သတိမထားမိသော်လည်း ယခု ၇ တန်း ကျောင်းသူအရွယ်သို့ ရောက်ရှိသောအချိန်တွင် ထိုမီးလောင်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော အမာရွတ်ဆိုးကြီးသည် ကလေးငယ်၏ ဘဝရှင်သန်မှုအား အကြီးမားဆုံး အနှောင့်အယှက် ဖြစ်စေတော့သည်။ စာသင်ကျောင်းသို့ သွားရာတွင် သူငယ်ချင်း အပေါင်းအသင်းများမှ မခေါ်မပြော ပြုလုပ်ခြင်း၊ အိမ်နီးပတ်ဝန်းကျင်တွင်လည်း ကစားဖော်မရှိခြင်းတို့ကြောင့် ကလေးငယ်မှာ စိတ်ခံစားမှုများ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် မိဘများမှ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နေ ဦးဋ္ဌေးလွင်မှတဆင့် သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်)သို့ ဆက်သွယ်ကာ ကလေးငယ်၏ မေးစေ့အသားအရေမှ ရင်ညွန့်အထိ တွဲကပ်နေသော ရေနွေးပူလောင် အရေပြားကြီးအား ကလေးငယ်၏ ဘဝရှေ့ရေးအတွက် လာရောက်အကူအညီတောင်းခဲ့ကြသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ်ဆေးခန်းမှတဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်၍ ခွဲစိတ်ခန်းခဖိုးငွေ ပေးအပ်ကာ ကလေးငယ်၏ အနာဂတ်ရေးအား ရှေးရှုကာ ကူညီဖေးမမှုကို ပြုလုပ်နိုင်ခဲ့သည်။ ခွဲစိတ်ပြီးသည့်နောက် ကလေးငယ်နှင့် အုပ်ထိန်းသူမိဘများမှ နေရပ်ဖြစ်သော ဧရာဝတီတိုင်းသို့မပြန်မီ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကာ ကျေးဇူးတင် ဝမ်းသာစကားကို ပြောကြားခဲ့ကြသည်။ ယခုမူ မနှင်းနုဇော် တယောက် ရယ်နိုင်၊ ပြုံးနိုင်၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် လက်ချင်းတွဲကာ လူ့ဘဝခရီးလမ်းကြောင်းပေါ်တွင် အနိုင်မခံ အရှုံးမပေး၊ မားမားမတ်မတ် လျှောက်လှမ်းနိုင်တော့မည် ဖြစ်ပါသည်။


သင်တန်းဆင်းပွဲ

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်းအား ၂၀၁၁ ခုနှစ်၌ ဒုတိယအကြိမ်အဖြစ် ၅.၃.၂၀၁၁ နေ့တွင် Levels အလိုက် ခွဲခြားရန် စမ်းသပ်ဖြေဆိုမှုများကို စတင်ဖြေဆိုခဲ့ပြီး ၁၄.၃.၂၀၁၁ (တနင်္လာ)နေ့မှစ၍ မျိုးဆက်သစ် ကလေးငယ် အယောက် ၅၀၀ ကျော်တို့အား လုပ်အားပေး ဆရာ/မ ၁၄ ဦးတို့မှ တပါတ်လျှင် ၆ ရက်၊ Group ၄ ခုနှင့် Section ၁၅ ခုခွဲ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

 

မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာသင်တန်းသည် မရှိမဖြစ် မတတ်မဖြစ်သော ပညာရပ် ဘာသာရပ်တခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့် ကဏ္ဍနယ်ပယ်များတွင် အင်္ဂလိပ်စာ ဘာသာရပ်ဖြင့် လူမျိုးအသီးသီးတို့က ပြောဆို၊ သုံးနှုန်း၊ ရေးသား၊ ဖတ်ကြားခြင်းများကို အဓိကထားနေချိန်တွင် ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ် ကလေးငယ်များလည်း ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်စေရန်ရည်ရွယ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပညာဒါနအဖြစ် (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချပေးခြင်းဖြစ်သည်။
 
 
 
ယနေ့ ၂၇.၅.၂၀၁၁ (သောကြာ)နေ့တွင် မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။
 
 
သင်တန်းဖွင့်လှစ် ပို့ချခဲ့ရာတွင် မျိုးဆက်သစ်ကလေးငယ် ၅၀၀ ကျော်အနက် ပျက်ရက်မရှိ (100%)အပြည့် တက်ရောက်ခဲ့သည့် ကျောင်းသား/သူ ၆၈ ဦး၊ ကျောင်းခေါ်ချိန် (75%)ပြည့် ကျောင်းသား/သူ ၁၈၂ ဦးနှင့် Group ၄ ခုနှင့် Section ၁၅ ခုမှ ထူးချွန်သည့် ကျောင်းသား/သူ ၃၄ ဦးတို့အား သင်တန်းဆရာ/မများတို့မှ အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ မျိုးဆက်သစ်ကလေးငယ်တို့အတွက် အားပေးစကားပြောကြားခဲ့ပြီးမျိုးဆက်သစ်ကလေးငယ်များတို့မှလည်း ပြန်လည်၍ ကျေးဇူးတင်စကားများ ပြောကြားပြီးနောက် တနှစ်ပါတ်လုံး စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သည့် ပုံမှန်သင်တန်းဖြစ်သော တက္ကသိုလ်ဝင်တန်းအောင်မှစပြီး 4 Skill သင်တန်းများ ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်ပါသည်။
 

Comments