Interview with U Win Tin - Is Suu all by herself?


ဒေါ်အောင်ဆန်းစုကြည် တဦးတည်းပဲလား
ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇူလိုင် ၃၁၊ ၂၀၁၁
ဒီတပတ် ဆရာဦးဝင်းတင်နဲ့ စကားပြောဖြစ်တဲ့ဆီမှာ ဆရာ့ကျန်းမာရေးကိုပဲ အဓိကမေးဖြစ်ပါတယ်။ ယမန်နေ့က တွေ့ဆုံ စကားပြောတာဖြစ်တဲ့အတွက် ယနေ့ တနင်္ဂနွေနေ့မှာ အာရုံကြောတွေ နာကျင်တာ သက်သာစေဖို့ ဆေးထိုးရဦးမယ်၊ ဝေဒနာက အတော် သက်သာတယ်၊ သိပ်မကြာခင်မှာ ဆေးရုံက ပြန်ဆင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဆရာကပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်တဲ့ ကိစ္စနဲ့ ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် နီးကပ်လာတဲ့ကာလမှာ အရေးတော်ပုံကြီးက မွေးဖွားလာတဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ ခေါင်းဆောင်တွေ ဖမ်းဆီး ချုပ်နှောင်မှုက လွတ်မြောက်ပြီး ပထမဆုံး ကြုံတွေ့ရမယ့် နှစ်ပတ်လည်မှာ ဘယ်လိုမျိုး မျှော်လင့်ထားတဲ့ ဆိုတဲ့ အကြောင်းတွေကို မေးဖြစ်ပါတယ်။ ကောက်နုတ်ဖော်ပြပြီး ပြန်လည် ဖော်ပြရသည် ရှိသော် -

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရ၀န်ကြီး ဦးအောင်ကြည်တွေ့ဆုံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆရာလည်း ဆေးရုံပေါ်ကနေ ကြားမှာပေါ့လေ။ ထုတ်ပြန်တဲ့ အချက်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ သဘောထားကွဲပြားတာတွေ ပပျောက်ရေးနဲ့ အများပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေမှုတွေ ဆွေးနွေးကြတယ်လို့ ဆိုတယ်။ ဆရာ့အမြင်က ဘယ်လိုရှိသလဲ။

ကောင်းပါတယ်။ တွေ့ဆုံဆွေးနွေးကြတယ်ဆိုတာ။ အဲသည်မှာ ဆွေးနွေးတာ ၃ ချက်ထဲမှာ ဥပမာအားဖြင့် ၂ ချက်ကို အဓိကထားဆွေးနွေးတယ်ဆိုရင် - ဒါတွေက တရားဥပဒေ စိုးမိုးရေးနဲ့ အများပြည်သူအကျိုးဖြစ်ထွန်းစေဖို့ ၂ ချက်တည်းကို ဦးတည်ပြီး သက်သက်ဆွေးနွေးတယ်သာဆိုရင် လက်ရှိအစိုးရက ရှေ့မှာ ပြည်ထဲရေးဝန်ကြီးကတဆင့်ပြောနေသလို နိုင်ငံရေးပါတီတရပ်ရဲ့ တရားဝင် ရပ်တည်မှုကို အဓိကထား ဆွေးနွေးတယ်လို့ ကောက်ချက်ဆွဲနိုင်မှာ ဖြစ်တယ်။ သို့သော် အခုဟာက စိတ်ဝမ်းကွဲပြားမှု ပပျောက်စေရေးကိုပါ ရည်ရွယ်ဆွေးနွေးတယ် ဆိုတော့ ခုနင်ကထက် ကျယ်ဝန်းတဲ့ ဆွေးနွေးမှုတွေ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးနိုင်ပါတယ်။

အဲသည်မှာ အချို့က အကောင်းမြင်ကြသလို တွေ့ဆုံဆွေးနွေးမှု လမ်းစ စသည်ဖြင့်ပြောကြတယ်။ အချို့ကတော့လည်း ထုံးစံအတိုင်း စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေ၊ စစ်မက်တွေဖြစ်ပွားနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိတ်ခေါ်ဆွေးနွေးပြီးတော့ အချိန်ဆွဲတာ၊ နိုင်ငံရေးမှာ မျက်နှာပြကောင်းအောင် လုပ်နေတယ်လို့ ဝေဖန်ကြတယ်။ ဒီလိုမျိုး ဝေဖန်တာ ရှိတယ်။ ဆရာက ဘယ်လို ပြောချင်သလဲ။

ဒါကလည်း အတိတ်ကိုပြန်ကြည့်လိုက်လို့ရှိရင် ဦးအောင်ကြည်နဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့တာတွေ ရှိဖူးတော့ အဲသည်လိုမျိုး လုပ်တယ်ဆိုတာ အချိန် ဆွဲတာ၊ ချွေးသိပ်တာတွေလို့ သုံးသပ်ကြတယ်၊ ဝေဖန်ကြတယ် ဆိုတာကလည်း လက်ခံစဉ်းစားသင့်တဲ့ အချက်ဖြစ်တယ်လို့ ကျနော်က သဘောထားပါတယ်။ နိုင်ငံရေးကို အရှိန်ကျအောင်လုပ်တယ်လို့ ပြောချင် ပြောနိုင်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အရင်တုန်းကလို တွေ့ဆုံတိုင်းမှာ အများပြည်သူကို ဘာမှမပြောဘဲ၊ အသိမပေးဘဲ နေခဲ့ကြတဲ့ အစဉ်အလာကနေ ခွဲထွက်လာပြီးတော့ ထုတ်ပြန်အသိပေးတာ လုပ်တာအပြင် လက်ရှိတိုင်းရင်းသားပြည်သူတွေ ခံစားနေကြရတဲ့ ပြည်တွင်းစစ်မီးနဲ့ ပတ်သက်ပြီးတော့ပါ သဘောထား အိတ်ဖွင့်ပေးစာ တခုပါ တဆက်တည်း ထုတ်ပြန်လိုက်တာကို တွေ့ရတယ်။ အဲဒါကိုကော ဆရာက ဘယ်လိုမြင်သလဲ။

အခုချိန်မှာ လက်ရှိ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို နိုင်ငံရေး မလုပ်ရဘူး၊ လှုပ်ရှားမှုတွေ မပြုရဘူးလို့ အမျိုးမျိုး ကန့်သတ်မှု၊ ဝေဖန်ပြောဆိုမှုတွေ လုပ်နေတယ်။ ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ပြီးတော့ တွေ့ဆုံတာတွေ လုပ်တယ်။ သူတို့တတွေ ဘယ်လိုပဲ လုပ်လုပ်၊ နိုင်ငံရေးပါတီတခုအနေနဲ့ ဘယ်လိုပဲ ကန့်သတ်ခြင်း ခံထားနေရသည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်မှာ လက်ရှိ ပြည်တွင်းစစ်မီးတောက်လောင်နေတာ၊ ငြိမ်းချမ်းရေးလိုအပ်နေတာ၊ နိုင်ငံရေးနည်းအရ တရားမျှတ ငြိမ်းချမ်းစွာနဲ့ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို ဖြေရှင်းဖို့ လိုအပ်နေတာကို ဒီအတိုင်း ရပ်ကြည့်နေတာ မလုပ်ဘူး၊ စောင့်ကြည့်နေတာ မလုပ်ဘူး၊ ပြည်သူတဦးအနေနဲ့ တယောက်ချင်းစီအနေနဲ့ အတတ်နိုင်စွမ်း အစွမ်းကုန် ဖြေရှင်းပေးမယ်လို့ ရှေ့တိုးပြီး ခြေလှမ်းလှမ်းတယ်၊ ဘယ်လိုပဲ တားမြစ်ထားသည် ဖြစ်စေ၊ ဒါကို ရင်ဆိုင်ဖြေရှင်းဖို့ ခြေစုံပစ်ဝင်တာပဲ လို့ ကျနော်က မြင်ပါတယ်။ ဒါက နိုင်ငံရေးအရှိန်ကို ပြန်လည် မြှင့်တင်ဖို့ ကြိုးစားတာလို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ နောက်တချက်ကတော့ ၈၈ အရေးတော်ပုံကြီးက ပေါ်ထွန်းလာတဲ့ နိုင်ငံရေးပါတီ အင်န်အယ်ဒီက အခု ၂၃ နှစ် အရေးတော်ပုံနှစ်ပတ်လည်မှာ ကျောင်းသား လူငယ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အထိမ်းအမှတ်ပိုင်းဆိုင်ရာ၊ အခမ်းအနားဆိုင်ရာ၊ လှုပ်ရှားမှုဆိုင်ရာ ဘာတွေ ပြင်ဆင်နေတာ ရှိသလဲ။

လက်ရှိမှာတော့ ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။ ကျနော့်အနေနဲ့ တခုပြောချင်တာကတော့ ၈လေးလုံး နှစ်ပတ်လည်မှာ ကျနော်တို့တတွေက လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက ဘယ်လို သတ်ဖြတ် ပစ်ခတ် နှိမ်နှင်းခဲ့တယ်ဆိုတဲ့ အနိဋ္ဌာရုံတွေထက် အဲသည်တုန်းကတည်းက ကြံ့ကြံ့ခံပြီး ရပ်တည်ပြီး ဆက်လက် လက်ဆင့်ကမ်း လှုပ်ရှားခဲ့တဲ့ စိတ်ဓာတ်တွေ၊ အင်အားတွေ၊ လှုပ်ရှားမှုတွေ၊ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို ပိုပြီးတော့ ပေါ်လွင်ထင်ရှားအောင် မြှင့်တင်တာမျိုးတွေကို ထုတ်ဖော်ကြစေချင်ပါတယ်။

၈လေးလုံး နှစ်ပတ်လည်ကို ကျနော်တို့တွေက ဖော်ထုတ်နေချိန်မှာ တဖက်ကလည်း ကြားရတာက ၁၉၉၀ ရွေးကောက်ပွဲအကြောင်းကို လက်ရှိအစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်နေပါလား ဆရာ။ ၉၀ ရွေးကောက်ပွဲတုန်းက အာဏာမလွှဲဖြစ်ခဲ့တာက စစ်အစိုးရကို ခုံရုံးတင်မှာမို့လို့ ဘာညာနဲ့ ဆိုပြီး လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ပါတီတွေကို ခေါ်ပြောတယ်လို့ သတင်းတွေမှာ ဖတ်လိုက်ရတယ်။ ဒါကလည်း ဘယ်လိုမျိုး ဖြစ်နေတာလဲ ဆရာ။

ဒါက ဘာကိုပြနေသလဲ ဆိုတော့ လက်ရှိအစိုးရက ၁၉၉၀ ရွေးကောက်ပွဲကို သူတို့ ခုချိန်ထိ အသိအမှတ်ပြုထားနေဆဲပဲ ဖြစ်တာကို ပြတယ်။ အဲသည်ကိစ္စကလည်း အဲသည်တုန်းကတည်း ဦးကြည်မောင်က ပြောဆိုခြင်း မရှိဘူးလို့ ငြင်းပယ်ပြီး ဖြစ်တယ်။ အခု လက်ရှိမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီသစ်တွေကို လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲအကြောင်း ပြန်ပြောပြနေတယ် ဆိုတာက ၉၀ခုနှစ်ကတည်းက ရပ်တည်နေတဲ့ ပါတီတွေနဲ့ နိုင်ငံရေးရပ်တည်ချက်တွေနဲ့ လက်ရှိပါတီတွေရဲ့ ရပ်တည်ချက်တွေဟာ မတူညီဘူး၊ ကွဲပြားတယ် ဆိုပြီး ခွဲခြမ်းဖို့ ကြိုးစားတဲ့ သဘောလို့ ပြောလို့ ရပါတယ်။ သူတို့တွေကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲရလဒ်တွေကို တနည်းအားဖြင့် အသိအမှတ်ပြုနေရတယ် ဆိုတာကို ပြနေတယ်။ သည်လို ပြောချင်ပါတယ်။ သူတို့ အာဏာပိုင်တွေနဲ့ အစိုးရတွေဟာ ခုချိန်ထိ ၉၀ ခုနှစ် ရွေးကောက်ပွဲ တစ္ဆေခြောက်နေတုန်းပဲ လို့ ပြောရမယ်။

ကျေးဇူးတင်ပါတယ် ဆရာ။ ။

Comments