Tu Maung Nyo - Law & Order in Burma - Which Way?

ဘာလဲ တရားဥပဒေစိုးမိုးရေးကိစ္စ
တူမောင်ညို
ဇူလိုင် ၂၉၊ ၂၀၁၁
“ဇူလိုင် ၂၅ တွေ့ဆုံမှုနဲ့စပ်လျဉ်းပြီး NLD ကထုတ်ပြန်မယ့် ကြေညာချက်ကိုလည်း ယခုလို ဆက်လက် လေ့လာ ကြည့်ကြ တာပေါ့” ဆိုတဲ့ဝါကျနဲ့ ဇူလိုင်၂၅တွေ့ဆုံမှု” ဆောင်းပါးကို ကျနော် နိဂုံးချုပ်ထားခဲ့ပါတယ်။
ဇူလိုင်၂၅တွေ့ဆုံမှု”နဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အသေး စိတ် တင်ပြခဲ့တယ်ဆိုတဲ့ သတင်းကြားသိရပါတယ်။
တင်ပြချက်တွေအားလုံးဟာ မနေ့က ပူးတွဲကြေငြာချက်ထုတ်ပြန်ထားပြီးဖြစ်တဲ့အတိုင်းပါဘဲ။ ဒါကြောင့်မို့လို့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကလည်း လက်ခံသဘောတူကြောင်း မှတ်တမ်းတင်လိုက်ကြပါတယ်။ နောက်ထပ် အသေးစိတ် ကျနော်တို့ ထုတ်ပြန် စရာမရှိပါဘူး” (ဒီချုပ်ပြောခွင့်ရ ဦးအုန်းကြိုင် - အာအက်ဖ်အေ သို့ပြောကြားချက်/၂၆ ဇူလိုင် )
          “နောက်ထပ်အသေးစိတ် ကျနော်တို့ ထုတ်ပြန်စရာမရှိပါဘူး” လို့ ဆိုထားလေတော့ ကျနော့်အဖို့လည်း ဆက်လက်လေ့လာ စရာမလိုအပ်တော့ပါဘူး။
          ဒီတော့ “နှစ်ဦးသဘောတူသတင်းထုတ်ပြန်ချက်” ထဲမှာဖေါ်ပြထားတဲ့ “တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းစေမှုကိစ္စ” တွေထဲက “တရားဥပဒေစိုးမိုးရေးကိစ္စ” ဆိုတာကို ရွေးထုတ်လေ့လာကြည့် ကြပါစို့။

ဘာလဲ တရားဥပဒေစိုးမိုးရေးကိစ္စ
(၂၀၁၁ ခုနှစ်၊ ဇွန်လ (၂၉) ရက်၊ စာအမှတ် ၀၃၅ (စည်း) /၀၆/၁၁) ဖြင့် ဒေါ်အောင်ဆန်းစုကြည် မှ ပြည်ထဲရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးထံသို့ ပေးပို့တဲ့ စာရဲ့ အကြောင်းအရာဟာ “တရားဥပဒေစိုးမိုးရေး” ဖြစ်ပါတယ်။
အဲဒီစာထဲမှာ  မတ်လ ၃၁ ရက် သမ္မတမိန့ှ်ခွန်း (ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များအားပြောကြားသည့်မိန့်ခွန်း) နှင့်  (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၄၀၇) (၄၀၉) (၄၄၆) တို့ကို အဓိက ရည်ညွန်းဖေါ်ပြထားပါတယ်။
“တူညီသောလိုလားချက်များအပေါ်အခြေခံ၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပြီး တရားဥပဒေ စိုးမိုးရေးအတွက် ညှိနှိုင်းလိုပါသဖြင့် စီစဉ်ပေးပါရန်မေတ္တာရပ်ခံပါသည်” ဆိုတဲ့ ဝါကျဖြင့် စာကိုအဆုံးသတ်ထားပါတယ်။
 ဒါ့အပြင် NLD ပြောခွင့်ရ ဦးအုန်းကြိုင်၊ ဇူလိုင် ၂၆ ရက်နေ့ က (ဗွီအိုအေ) သို့ပြောကြားရာမှာ “တရားဥပဒေစိုးမိုးရေး” ဆိုတာနဲ့ပတ်သက်ပြီး “တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ကိစ္စဟာ ကျနော်တို့ အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက်ပြီး ရပ်တည်နေတဲ့ကိစ္စ၊ နောက်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးဆိုတဲ့ ကိစ္စလည်း တရားဥပဒေ စိုးမိုးရေးကိစ္စလို့ ကျနော်တို့ ဘက်ကလည်း မြင်ပါတယ်။ သူတို့ဘက်ကလည်း အဲဒီလို မြင်ပုံရပါတယ်
ဒီလိုပြောဆိုချက်တွေထဲကနေထုတ်ယူလိုက်မယ်ဆိုရင် NLD ဘက်ကရှုမြင်၊ ပြောဆိုနေတဲ့ “တရားဥပဒေစိုးမိုးရေး” ဆိုတဲ့ ကိစ္စထဲမှာ အောက်ပါအကြောင်းအရာ နှစ်ခု ပါဝင်နေတယ်လို့ မှတ်ယူနိုင်ပါလိမ့်မယ်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရေး
၂။  နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး
အထက်ပါအကြောင်းအရာနှစ်ခုအပေါ် NLD ဘက်ရှုမြင်နေသလို၊ ပြောဆိုနေသလို လက်ရှိအစိုးရဘက်က ရှုမြင်ပါ့မလား။ ဦးအုန်းကြိုင်ပြောတဲ့အထဲမှာတော့ “သူတို့ဘက် (လက်ရှိအစိုးရ) ကလည်း အဲဒီလို မြင်ပုံရပါတယ်” လို့ မတင်မကျပြောထားတာပါ။
အချက်အမှတ် (၁) နဲ့ပတ်သက်ပြီး လက်ရှိအစိုးရဘက်ကပြောမယ်ဆိုရင် NLDကို “၂၀၁၀ စက်တင်ဘာ ၁၄ ရက် ကြေညာချက်အမှတ် (၉၇/၂၀၁၀) နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီဖျက်သိမ်းကြောင်း” ကြေညာထားပါတယ်။ ယင်းအချက်သည် တည်ဆဲဥပဒေဖြစ်ပါတယ်။
          ဒါ့အပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အယူခံကို ၂၀၁၀ ပြည့်နှစ်၊နိုဝင်ဘာလ၂၂ရက်နေ့မှာ တရားရုံးချုပ်(နေပြည်တော်) က ပလပ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး “ဥပဒေကြောင်းအရ လမ်းဆုံးသွားပါပြီ” လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း ကမီဒီယာ တွေကိုပြောခဲ့ဖူးပါတယ်။
ဒီကိစ္စကိုဆက်လက်ပြီး လူ့အခွင့်အရေးကောင်စီမှာ ဆက်လက်တင်ပြမယ်လို့လည်း ဦးဉာဏ်ဝင်းက မီဒီယာတွေကို ဇူလိုင် လ ၁၄ ရက်နေ့ အခုလိုပြောခဲ့ပါတယ်။ “သြဂုတ်လဆန်းလောက် နောက်ဆုံးပါဘဲ။ ကျနော်တို့ တင်ဖြစ်မှာပါ။ လူ့အခွင့်အရေးကောင်စီ ရဲ့ လုပ်ထုံးလုပ်နည်းများ အရ ပြည်တွင်းမှာ လမ်းဆုံးလို့ ရှိရင် အဲဒီမှာ သက်သာခွင့် လျှောက်ထားခွင့်ရှိတယ်ပေါ့ဗျာ။ အဲဒါကို တင် ဖို့ပါ”
အချက်အမှတ် (၂) နဲ့ပတ်သက်ပြီး လက်ရှိအစိုးရဘက်ကပြောမယ်ဆိုရင် ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးက  “မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ မရှိပါကြောင်း” ဆီးနိတ်တာဂျွန်မက်ကိန်းနဲ့တွေ့ဆုံရာမှာ တရားဝင်ထုတ် ဖော်ပြောကြားခဲ့ ပြီးဖြစ်ပါတယ်။ ယင်းအချက်သည် ဒုတိယသမ္မတကပြောကြားသည့်အချက်ဖြစ်ပါတယ်။
ချုပ်လိုက်တော့ လက်ရှိအစိုးရပြောနေတဲ့ “တရားဥပဒေစိုးမိုးရေး” ဆိုတာ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေ နဲ့ တည်ဆဲ ဥပဒေတွေများကို လေးစားလိုက်နာရေးပဲဖြစ်ပါတယ်။
နိုင်ငံရေးပါတီ ဖွဲ့စည်းတည်ထောင်လိုတယ် ဆိုရင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာပါမယ် ဆိုတဲ့လက်မှတ် ရေးထိုးပြီး၊ ရွေးကောက်ပွဲကော်မရှင်ထံသို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေများနဲ့အညီ မှတ်ပုံတင်ရေးဖြစ်ပါတယ်။
လူမှုရေးအသင်းအဖွဲ့လုပ်ငန်း လုပ်ကိုင်မည်ဆိုလျှင်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှာ ဥပဒေနဲ့ အညီ မှတ်ပုံတင်ဖို့ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖွင့်ပေးထားတဲ့ အပေါက် ဆိုတာကလည်း (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်ခံပြီး၊ နယ်ခြားစောင့်တပ်(BGF) ဖွဲ့စည်းကြဖို့သာ ဖြစ်ပါတယ်။
          လက်ရှိအစိုးရဘက်က တုန့်ပြန်မှုတွေဟာ ဉာဏ်နီဉာဏ်နက်တွေနဲ့ အကွက်စေ့တယ်လို့ ပြောရမယ်ထင်ပါတယ်။
          “တူညီသောလိုလားချက်များအပေါ်အခြေခံ၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပြီး တရားဥပဒေ စိုးမိုးရေးအတွက် ညှိနှိုင်းလိုပါသဖြင့် စီစဉ်ပေးပါရန် မေတ္တာရပ်ခံပါသည်” ဆိုတဲ့ စာကို  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ထံသို့တင်ပြခဲ့တာပါ။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို က လက်ခံတွေ့ဆုံခြင်းမရှိပါဘူး။  
          ဘာကြောင့်လဲ။
          ၁။ “ဒေါ်အောင်ဆန်းစုကြည်၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဆိုတဲ့ စကားရပ်ပါရှိနေတဲ့ အတွက်ကြောင့်ပါဘဲ။ လက်ခံတွေ့ဆုံလိုက်မယ်ဆိုရင် တည်ဆဲဥပဒေအရ (သူတို့ပြဌာန်းထားတဲ့ဥပဒေအရ) ဖျက်သိမ်းပြီး ပါတီတစ်ခု နဲ့ဖျက်သိမ်းပြီးပါတီရဲ့ခေါင်းဆောင်ကို အသိအမှတ်ပြုလိုက်သလို ဖြစ်သွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။
 ဒီအချက်က  သူတို့ဥပဒေကို သူတို့ပြန်ချိုးဖောက်သလို/ချေဖျက်သလို ဖြစ်သွားနိုင်ပါတယ်။
၂။ ပြည်ထောင်စုဝန်ကြီးချင်း တူပေမယ့်။ ဝန်ကြီးဌာနအရ အရေးပါမှုချင်းမတူပါဘူး။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ (အကလ) အဖွဲ့ဝင် အမှတ်စဉ် (၁၀) ဖြစ်ပါတယ်။  ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားတဲ့ဝန်ကြီးပါ။  လက်ရှိ စစ်ဘက်ရာထူးရယူထားသူပါ။
          ဒါကြောင့် ယခင်သုံးနေကြ “ဆက်သားဟောင်း”ဖြစ်တဲ့ ဦးအောင်ကြည် ကို ပြန်လည်ပွဲထုတ်လိုက်တဲ့သဘောလို့ သုံးသပ် ပါတယ်။
ဒါကြောင့် ဘယ်ဥပဒေရဲ့စိုးမိုးမှုကိုပြောတာလဲ။
          (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စိုးမိုးမှုကိုပြောတာလား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားမဝင်/ လက်မခံကြောင်း ကမ္ဘာသိ ကြေညာထား တာပဲ။
          “အရှိကိုအရှိတိုင်း အသိအမှတ်ပြုတယ်”လို့ NLD ဘက်ကပြောဆိုခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ အဖွဲ့ဟာ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းပြီး ဖွဲ့စည်းထားတဲ့အစိုးရဖြစ်ပါတယ်။ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်၊ အဲဒီ ဖွဲ့စည်းပုံအခြေခံ "ဥပဒေ" ကို ထိပါးလာမယ်ဆိုရင်  အသက်ပေး ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကျမ်းကျိန်ထားကြသူတွေလည်း ဖြစ်ပါတယ်။
(ဓာတ်ပုံ - ဇူလိုင် ၂၅ နေ့က တွေ့ရတဲ့ ဒေါ်စုနဲ့ ဦးအောင်ကြည်။ DVB Photo)

Comments