Daw Suu's writing for weekly burmese journal




ဒေါ်စု၏ ဆောင်းပါးဖော်ပြနိုင်ရန် ပြည်သူ့ခေတ်ဂျာနယ် ကြိုးပမ်းဦးမည်
မိုးမခအထောက်တော် အမှတ် ၀၀၁
သြဂုတ် ၃၀၊ ၂၀၁၁

AP photos

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ပုဂံဒေသ ခရီးသွားဆောင်းပါးတပုဒ်ကို ပုံနှိပ်ဖော်ပြရန် ခွင့်ပြုချက် မရသေးသော်လည်း ထပ်မံ ကြိုးစားဦးမည်ဟု ပြည်သူ့ခေတ်ဂျာနယ်က ဘီဘီစီသတင်းဌာနသို့ ယနေ့ ပြောလိုက်သည်။

စာပေစိစစ်ရေးဌာနက ဆောင်းပါး၏ အစိတ်အပိုင်းတချို့ကို ဖြုတ်လျှင် ဖော်ပြနိုင်သည်ဟု ယခင်က အကြောင်းပြန်ထားသည်။

"ဒေါ်အောင်ဆန်းစုကြည်ရေးထားတာကို ကျနော်တို့ ဖြတ်လို့ တောက်လို့ မဖြစ်ဘူး။ မူလအတိုင်းပဲ ပြန်တင်မယ်" ဟု ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ ဘီဘီစီကို ပြောသည်။

ယခုတပတ်အတွင်း တင်မည်ဖြစ်ကြောင်း၊ သုံးလေးရက်အတွင်း အဖြေသိရမည်ဟု ဆိုသည်။ ယခင်က သြဂုတ်လ ၁၈ ရက်နေ့ထုတ်မည့် ပြည်သူ့ခေတ်ဂျာနယ်အတွက် တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျနော်တို့အမြင်မှာပေါ့လေ ဘာမှ ငြိစွန်းတာလည်း မပါပါဘူး။ ဒါပေမယ့် အခုဟာက အဆင်မပြေသေးဘူး။ ထပ်ပြီးတော့ ကြိုးစားမယ်။ - - - အဆင်ပြေချင်လည်း ပြေသွားနိုင်တယ်" ဟု မောင်ဝံသက ပြောသည်။

စာပေစိစစ်ရေးက မီးစိမ်းပြပါက ဒေါ်အောင်ဆန်းစုကြည်၏ဆောင်းပါး မြန်မာပြည်ထုတ် ဂျာနယ်တစောင်တွင် ပထမဆုံးအကြိမ် ဖော်ပြနိုင်တော့မည် ဖြစ်သည်။

ဒေါ်စုသည် ဇူလိုင်လဆန်းက မြန်မာပြည်တွင် ခေတ္တရောက်နေသော သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ပုဂံဒေသ ခရီးထွက်ခဲ့သည်။

ဒေါ်စု၏ ပုဂံဒေသ ခရီးသွားဆောင်းပါး ၂ ပုဒ်ကို ဂျပန်နိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မာအိနိချိ သတင်းစာတွင် မကြာသေးမီက ဖော်ပြခဲ့ပြီးဖြစ်သည်။


Comments