Maung Lwn Ni - Poem

ညီအစ်ကို မသိတသိ မဟုတ်တဲ့ အချိန်
မောင်လွမ်းဏီ
စက်တင်ဘာ ၂၉၊ ၂၀၁၁
တစ တစ နဲ့ 
အဖေ့ အထင်ပြောရရင်
လေလုံးကွဲချင်လာတယ် ငါ့သား။
လူထု က ထုလူ ဖြစ်
ဓမ္မက အဓမ္မ ဖြစ်
သူရဲကောင်းက သစ္စာဖောက်ဖြစ်
သမိုင်းထဲကလူက လူရာမ၀င်တဲ့ သမိုင်းထဲရောက်
လွတ်မြောက်လာတဲ့ အကျဉ်းသားက အကျဉ်းသားပြန်ဖြစ်
သမိုင်းဖြစ်ထွန်းမှုတွေက ဖြစ်ထွန်းမှုသမိုင်းမဟုတ်။

မင်းအမေ့လင်
မင်း ဖခင်
အဆိုးမမြင်တတ်
ရပ်ရွာသိအောင်
ကဗျာဆရာယောင်ယောင် လုပ်နေတာ။

တကယ်လို့ များ
တညသားမှာ သားရယ် 
မင်း အဖေ၊ လူ့ လောက က
ထွက်ခွာရတော့မယ်ဆိုရင်၊
အဖေ့ အနား တိုးလာစမ်းပါ
မှာစကားများ နားထောင်စမ်းကွာ။

ကျနော့်ကို ပြောမဲ့စကားတွေ
ကျနော်သိတယ်၊ ကြားတယ်၊
ဘာသာပြန်တတ်တယ်
အဖေ့ရဲဘော်တွေ လေဖြတ်လို့  သေတာတဲ့ …
အမေ လေဖြတ်တာ ဘာလဲ။

ဦးငြိမ်း လေဖြတ်လို့  သေတာလား
လေဖြတ်လို့  ဦးငြိမ်းသေတာလား
တခုခုတော့ မှားနေတယ် ဦးဂုရု
ဦးဂုရုရော တခုခုမှားခဲ့လား။

တခါတရံ အဖေ့ရန်စကားထဲမှာ
ဒါ အနာတရ ရာဇ၀င် သမိုင်းတွေကွ တဲ့
အဖေပြောတာ ခန ခန။

အဖေ ကြေကွဲနေတဲ့
စက်တင်ဘာ ၂၇ ညက
သူ့ ကဗျာ ငါးရောင်ခြယ်ကို ရွတ်ပြတာ
လေလုံးကွဲတယ်။

ဒီအချိန် ဦးအောင်ဝေးတို့  ဦးသစ်ကောင်းတို့ ၊ဦးကျော်သူမိုးမြင့်တို့ 
အဘတဲကို အတိုးချ လွမ်းမှာပဲနော် တဲ့။    ။

၂၇ - ၉ - ၂၀၁၁

Comments