Prayer Service for Free Political Prisoners at Shwedagon



နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲ ရွှေတိဂုံရင်ပြင်တော်ပေါ်၌ ကျင်းပ
မိုးယံမခ
စက်တင်ဘာ ၅၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်း ပွဲတစ်ရပ်ကို ဒီနေ့နေ့လည် ၁း၀၀ နာရီအချိန်က ရွှေတိဂုံစေတီရင်ပြင်တော် စနေထောင့်မှာ ကျင်းပခဲ့ပါတယ်။ ဒီဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းသား  မိသားစုများ အကျိုးဆောင်ကွန်ယက်မှ ဦးစီးကျင်းပတာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင်များ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ၊ ဒီမိုကရေစီရေးလိုလားသူများနဲ့ စိတ်ပါဝင်စားသူများ နှစ်ရာကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။
 
အခမ်းအနားမှူးအဖြစ် နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ဆောင်ရွက်ခဲ့ပါတယ်။  အခမ်းအနားအစီအစဉ်များ မစတင်မီမှာ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်မှ ထုတ်ပြန်တဲ့ ကြေငြာချက်အမှတ် ၁/၂၀၁၁ ကို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုမျိုးခင်ရဲ့ဇနီး မခင်ဝင်းမှ ဖတ်ကြားခဲ့ပါတယ်။ 






ဒီနောက်မှာ အခမ်းအနားအစီအစဉ်အရ  မြတ်စွာဘုရားရှင်အား ရှိခိုးကန်တော့၍ ငါးပါးသီလခံယူခြင်း၊ အရပ်ဆယ်မျက်နှာ မေတ္တာပို့အမျှပေးဝေခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးအတွက်ဆုတောင်းခြင်း၊ ဘုရားရှင်အား ပန်း ရေချမ်း ဆီမီးကပ်လှူ ပူဇော်ခြင်း၊ သုံးယောက်စီ စီတန်း၍ ငြိမ်းချမ်းစွာဖြင့် ရွှေတိဂုံစေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အရှေ့ဘက်မုခ် မှ ပြန်ဆင်းကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းရင်း ငှက်အကောင် ၆၀ ခန့် လွှတ်ပေးခဲ့ကြပါတယ်။





အခမ်းအနား ကို နေ့လည် ၂း၀၀ နာရီမှာ အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့အခမ်းအနားကို အာဏာပိုင်တွေဘက်က စောင့်ကြည့် မှတ်တမ်းယူခဲ့ပေမယ့် လာရောက်တားမြစ်ခြင်း၊ တစ်စုံတစ်ရာ အနှောက်အယှက်ပေးခြင်း ပြုလုပ်ခဲ့တာမတွေ့ရပါဘူး။ တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ဘုရားဖူးသူများ စည်ကားနေပြီး ဆုတောင်းပွဲကျင်းပတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှု အားပေးခဲ့ကြပါတယ်။ 

Comments