Indonesia hints at support for Burma ASEAN chair

အာဆီယံဥက္ကဋ္ဌရာထူးမြန်မာပြည်ရရေး ထောက်ခံမည်ဟု အင်ဒိုနီးရှား အရိပ်အမြွက်ပြော
AFP သတင်းဌာန
အောက်တိုဘာ ၃၀၊ ၂၀၁၁

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးတို့ တွေ့ဆုံကြသည် (ဓာတ်ပုံ - AP)

အာဆီယံဥက္ကဋ္ဌရာထူးနှင့် ပတ်သက်ပြီး မြန်မာပြည် လေ့လာရေးခရီး ထွက်ခဲ့သော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က
မြန်မာပြည်အတွင်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု အခြေအနေများကို ကြိုဆိုလိုက်သည်။

"မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နေပြီး ဒီအပြောင်းအလဲတွေဟာ ထူးခြားတယ်လို့ ထင်ပါတယ်" ဟု Marty Natalegawa က စနေနေ့တွင် သတင်းထောက်များကို ပြောသည်။

အင်ဒိုနီးရှားသည် လက်ရှိ အာဆီယံအသင်း၏ ဥက္ကဋ္ဌဖြစ်သည်။

"တခြား အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေကိုလည်း ကျနော့်အမြင်တွေ ပြောပြသွားမှာပါ" ဟု သူက ဖြည့်စွက် ပြောလိုက်သည်။

သူက သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရခေါင်းဆောင်များ၊ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

ဒီမိုကရေစီသို့ ရှေ့ရှုသည့် အပြောင်းအလဲများ ထပ်မံတွေ့ရပါက မြန်မာပြည် အာဆီယံ ဥက္ကဋ္ဌ ဖြစ်ရေးကို ထောက်ခံနိုင်မည်ဟု တွေ့ဆုံပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"မြန်မာပြည်သူတွေ၊ အာဆီယံဒေသတွင်းက ပြည်သူတွေ ၀မ်းမြောက်စေမယ့် အဖြေတခု ရဖို့ မျှော်လင့်နေပါတယ်လို့ သူ့ကို ပြောလိုက်ပါတယ်။ သူတို့ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကို သူကလည်း ရှင်းပြပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

(မိုးမခက AFP သတင်းကို ဘာသာပြန်ထားခြင်း ဖြစ်သည်)

Comments