Thai soldiers surrender over killing of 13 Chinese sailors

တရုတ် သင်္ဘောသား ၁၃ ဦးသတ်ဖြတ်သူ ထိုင်းစစ်သားများ အဖမ်းခံ
Reuters သတင်းဌာန
အောက်တိုဘာ ၃၀၊ ၂ဝ၁၁
တရုတ်သံရုံး အရာရှိများ နှင့် ထိုင်းရဲတပ်ဖွဲ့တို့ တရုတ်ကုန်သင်္ဘောများပစ်ခတ်ခံရသည့် နေရာကို သွားရောက် စစ်ဆေးနေပုံ

ထိုင်းမြန်မာနယ်စပ်အနီး မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ထိုင်းစစ်သား ၉ ဦးက ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ တနင်္ဂနွေနေ့တွင် ပြောလိုက်သည်။

အောက်တိုဘာ ၅ ရက်နေ့က မူးယစ်ဆေးထွက်ရှိရာ နာမည်ကျော်ဒေသ ရွှေတြိဂံဒေသတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

သောကြာနေ့တွင် အဖမ်းခံခဲ့သော ထိုင်းစစ်သားများထဲတွင် အရာရှိ ၂ ဦး ပါဝင်သည်ဟု မြန်မာပြည်နှင့် ထိစပ်နေသည့် Chiang Saen ဒေသ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။

"အားလုံး စစ်တပ်ကပါ။ သူတို့ကိုယ်တိုင် ရဲစခန်းကိုလာအဖမ်းခံတာပါ" ဟု ရဲတပ်ဖွဲ့ အကြီးအကဲ Phopkorn Kooncharoensuk က Reuters သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောသည်။

Phopkorn Kooncharoensuk က အသေးစိတ် ပြောဆိုခြင်းမရှိပေ။ အမှုကို စစ်ဆေးနေဆဲဟုသာ ပြောသည်။

တရုတ်နိုင်ငံက မဲခေါင်မြစ်အတွင်း သွားလာနေသော တရုတ်သင်္ဘောသားများ၏ လုံခြုံရေး၊ သတ်ဖြတ်ခံရသူများအရေးအတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး စသည်တို့အတွက် ဒေသတွင်း နိုင်ငံများကို တောင်းဆိုထားသည်။

မဲခေါင်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများ နယ်စပ်များကို ဖြတ်သန်းပြီး ပင်လယ်သို့ စီးဝင်သည့်မြစ်ကြီး ဖြစ်သည်။

တရုတ်သင်္ဘောသား ၁၃ ဦးတို့ လိုက်ပါလာသော ကုန်တင် သင်္ဘောများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဆိုသော ခိုင်လုံသည့် အထောက်အထားများကို ထိုင်းရဲတပ်ဖွဲ့က ရရှိပြီးဖြစ်သည်ဟု
ထိုင်း ဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung ပြောဆိုခဲ့ကြောင်း ယနေ့ တနင်္ဂနွေနေ့ထုတ် the Nation သတင်းစာတွင် ရေးသားထားသည်။

သို့သော်လည်း ထိုပစ်ခတ်မှုမှာ ထိုင်းစစ်တပ်နှင့် သက်ဆိုင်မှုမရှိဟု ထိုင်း ဒုတိယ၀န်ကြီးချုပ်က ပြောဆိုကြောင်း သတင်းစာတွင် ရေးထားသည်။

(မျိုးဇော် ဘာသာပြန်သည်)

Comments