Mar Mar Aye - 409


“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၀၉)
မာမာအေး
ဇန်န၀ါရီ ၃၀၊ ၂၀၁၂

ဓာတ်ပုံ - hellomagazine.com

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေး နားနေတဲ့ အမေရိကန် ရွာကလေးရဲ့ ဆောင်းအဦးမှာ သဲသာသောင် မဲဇာချောင်းက လွမ်းမောဖွယ်ရာ တေးတံတျာတွေနဲ့အတူ မဲဇာအရပ် တပြည်က ပြန်ချလာတဲ့ မာအေးလဲဘဲ လက်ဝဲသုန္ဒရဓါတ်ကူးလာ ထင်ပါရဲ့၊ သူ့ရတုလေး တစစ နှုတ်တိုက်ရနေ ညည်းနေဖြစ်တော့တယ်။

* ယုဂန်ထင်ရှား၊ တောင်တော်ဖျားက ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မည်သည်၊ နေခြည်ဖြာမှ နွေးသောကြောင့်

အော် … ညည်းဖြစ်ဆို သည်ဆီမှာက ရထားယာဉ်ပျံ၊ သူရကန်နေမင်း အပျင်းမထူ၊ အပူပေးစွမ်း၊ ရွှေနေခြည်ဖျန်းပါသော်လဲ၊ မနည်းမနော ကျယ်ပြောတဲ့ မချီကင် - ရေကန် 'ချီကာဂို' ဝေယံက စေတမာန် လေပျံ လှုံ့ဆော်တာကြောင့် တအောင့်ကလေး နွေးတယ်မှ မရှိတာကိုး၊ ပဋ္ဌာန်းဆက်နဲပ အမျိုးအဆွေ ဖြစ်လာတဲ့ ဟိုးတခါက မဲဇာ - 'သြစီ' လို့ ခေါ်ကြတဲ့ ကမ္ဘာ့တနေရာက မာအေးတို့ ရွှေမြန်မာတွေနဲ့ မိုးပြာပြာ ရေပြာပြာ နေသာသာအောက် နှစ်လလောက် နွေးထွေး သီချင်းတအေးအေး သံယောဇဉ်က မပြတ်သေးတာလဲ ပါတာပေါ့ရှင်။

'ဆစ်ဒနီ' ဆိုတဲ့ မြို့က 'ဒါလင် ဟားဘား' ခေါ်တဲ့ ပျော်စရာနေရာလေးမှာ “ဗမာ့အစားအစာနဲ့ ရိုးရာပွဲတော်” ကျင်းပမှာမို့ လာလို့ ကူပါ ဆိုတာနဲ့ မာအေးရဲ့ ညာဉ်အတိုင်း ခြေရှည်သွားတော့တာလေ၊ BBC က ရောင်းရင်းတွေဆို ပိုတောင် သတိရတယ်လို့ ပြောရမလား မသိဘူးရှင့်။ နှစ်ထောင့်သုံးခုနှစ်က မာအေးရဲ့ 'ပြောစရာတွေကဏ္ဍ' စက်တင်ဘာလ (၄) ရက်နေ့မှာ စပြီး အသံလွှင့်တော့ 'ဆစ်ဒနီ'က ပို့ခဲ့ရလို့ပါ။ အချိန်ကုန်သွားတာ (၈)နှစ်တာ ရှိခဲ့ပီ။ မသိမသာလေးဘဲနော။

အံ့သြစရာက မာအေးတို့ မြန်မာပြည်သားတွေလို့ ဆိုချင်ပါတယ်ရှင်။ မြန်မာ့အစာနဲ့ ယဉ်ကျေးမှုပွဲခင်းတဲ့နေ့မှာ မိုးတွင်းကြီး ကျနေတာဘဲ၊ သဲလိုက် ဖွဲလိုက် လေကတိုက်နဲ့ ခိုက်ခိုက်တုန်တဲ့ ရာသီမှာ စာမရီစိတ်မွေး၊ နင်ကဘဲ အေးမလား - ငါကလဲ အရေးမထား ဆိုတာမျိုး မြင်ရတာ၊ ပွဲတော်လာတဲ့ ပရိသဒ်ကလဲ မိုးရေထဲမှာ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း အသင်းပေါင်းစုံ ကခုန် သီကြွေး 'တို့ပြည်ထောင်စုတေး'ပါ မကျန် မိုးစိုတဲ့ဒဏ် လက်တွဲခံခဲ့ကြတာကို အားရမိခဲ့တာပါရှင်။ စင်မြင့်ပေါ်မှာ ဖြူနီပြာဝါ ရိုးရာတိုင်းရင်း မောင်နှမတွေရဲ့ ၀တ်စုံတွေဟာ ဘယ်ပန်းချီရေးလို့မမှီပါဘဲ။

* (တို့ပြည်ထောင်စုသားမှ) ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မီတင်း နေထိုင်ကြသော တို့ညီအကိုတွေ၊ တိုင်းရင်းသား အားလုံးစုံပေ၊ တရေထဲသောက် တမြေထဲနေလို့ ချစ်ကြည်ပေ သွေးစည်းညီညွတ်ခြင်း အရင်းခံတည်မနေ၊ ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှလေ၊ ပူးပေါင်းနေထိုင်ကြပေ၊ ရာသက်လုံးဆုံးကမ္ဘာတိုင်စေ၊ တို့တတွေ၊ တို့တတွေ တို့တိုင်းရင်းသား ငါတို့တတွေ xxx

ဒီသီချင်းပုဒ်ကလေးအတိုင်း မာအေး ရင်ထဲမှာ ပိုင်းထားခဲ့တာဆိုတော့ ကိုယ်ဆွေကိုယ်မျိုးတွေနဲ့ တူတယ်ထင်ရင် နှိုင်းကြည့် ယှဉ်ကြည့်ဖြစ်တတ်ပါတယ်။ မာအေး သြစီမှာ ရှိနေတုန်း ဗြိတိသျှ ဘုရင်မကြီး ကြွချီလာတာနဲ့ ကြုံတာကိုး ရှင့်။ တပြုံးပြုံးနဲ့ ဘုရင်မကြီးရဲ့ ရှေ့တော်မှာ ဖျော်ဖြေ ကခုန်နေကြတာ သြစီမြေက မူလ တိုင်းရင်းသားတွေချည်းပါဘဲ။ သူတို့ရဲ့ သဘာဝအတိုင်း လှုပ်ရှား တက်ကြွမှုဟာ TV ကြည့်နေတဲ့ မာအေးဆီလဲ ရောက်လာသလို ခံစားရပါတယ်။ မာအေးတို့ တောင်ပေါ်သား တမြေထဲဖွား ညီအကိုများရဲ့ ပြင်ဆင်ပုံများနဲ့ သိတ်မကွာခြားတာမို့လဲ အလိုလို သတိထား ယှဉ်မိသွားတယ် ထင်ပါရဲ့။

သူတို့တွေဟာ သူတို့ရိုးရာတွေကို အဖိုးမဟာကုဋေ မျက်နှာထားနဲ့ ခတ်ကြွားကြွား ဇမ်းတင်၊ ငါတို့လဲ ဘုရင်ဘဲဟေ့လို့ မအော်ရုံတမယ်ဘဲ၊ ကိုယ်လုံးကိုယ်ထည်က တောင့်တောင့်၊ ရုပ်ကလဲ ဖြောင့်လိုက်ပါဘိ၊ ဒီငတိလေးတွေ လုံကလေးတွေဟာ သြစီက လူတွေ 'ယူနီ' လို့ နာမ်စားသုံးတဲ့ 'ယူနီဗာစီတီ' တက္ကသိုလ်ကြီးတွေမှာ ပညာရှာကြရင်း အပျင်းလဲပြေ၊ အမွေလဲဆက်ခံ ဆိုတာမျိုး ကျိုးစားသူများပါလို့ ကြားခဲ့ရပါတယ်။ မထင်ပေါ်ခဲ့ရတဲ့ သူတို့ ရိုးရာ ဇီးကင်းလောက်ဟာကို ကြိုကြို ကြားကြားက မကျန် မြေလှန် ဖေါ်ထုတ် အကေါင်းစားကြီးတွေ လုပ်ပြကြတာ ချီးကြူးစရာပါဘဲ၊ လူရိုင်းတွေလို့ လွယ်လွယ် ခေါ်ခဲ့မိတာ ရှက်စနိုးပါတယ်ရှင်ရယ်။

သြစီတင် ဘယ်ကမှာလဲ၊ နောက်တပြည်ကိုလဲ ကူးရောက်သွားသေးတယ်လေ။ 'နယူးဇီလန်' လို့ ခေါ်တဲ့ ကျွန်းနိုင်ငံ လှလှလေးထဲက 'အော့ကလန်' ဆိုတဲ့ မြို့ကလေးကိုပါ အဲဒီက မြူဇီယမ်ကို အလေ့အလာရောက်တော့ မူရင်းတိုင်းရင်းသား 'မိုဝါရီ' လူမျိုးများရဲ့ ကပွဲကို လက်မှတ်ခံ စောင့်ကြည့်ခွင့် ရပါတယ်။ သူတို့ရဲ့ ရိုးရာလှေကြီးလှေငယ်တွေ၊ သမိုင်းဝင် အိမ်တော်ပုံစံငယ်တွေပါ - တချိန်ထဲမှာ မြင်ရအောင် ပြသ စုဆောင်းထားတာမို့ - “ဆာရိုက်ဒါဟက်ဂက်ရဲ့ မုဆိုးကျော် အလန်ကွာတာမိန်း” ရောက်ခဲ့တဲ့ အိမ်မက်နိုင်ငံတွေထဲများ ပါနေသလား - အံ့သြရလောက်တယ်၊ မိုဝါရီတသင်းဟာ သူတို့ဘာသာစကါးနဲ့ သီချင်းလဲဆို၊ ကိုယ်ဟန်လဲပြ၊ အကလဲကြမ်း၊ ပေါင်တန်ကို တဖျန်းဖျန်းရိုက်၊ နင်းကြမ်းမှာက ဖနောင့်ဆောင့်သံလိုက်၊ ရစ်သမ်ကို ကိုက်စေပြီး ညည်းညူတာလေးနဲ့လဲ အလုပ်ဖြစ်၊ တိုးရစ်တွေ ဘယ်လောက် မျက်စေ့ကျမလဲ စဉ်းစားကြည့်၊ မြင်ကွင်းက ပျော်စရာအတိမို့ ကိုယ့်အသိစိတ်မှာ ပြည်မြန်မာ တောင်ပေါ်တကျေးက မောင်ညီမလေးတွေဆီ ရောက်သွားခဲ့ပါတယ်၊ တို့တတွေရဲ့ အလှ အတူပြကြရင် ပျော်ရမှာပါရှင်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

Comments