NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၄)
ရာဇာ
ဇွန် ၃၀။ ၂၀၁၂
ဒီလိုလုပ်ရင်းသားက ၂၀၀၄ လောက်ကျတော့ သတင်းကောင်းကြီးတစ်ခု ရတယ်ဗျ။ အေဇက်ဂျီ (ဟော်လန်)က ဖွင့်ထားတဲ့ သဇင်ဆေးခန်းတွေမှာ ဒီရောဂါနဲ့ပတ်သက်တဲ့ အဆင့်မြင့်အေအာဗွီဆေးတွေ ပေးမယ်ဆိုတဲ့ သတင်းပဲ။ ကြာသလား လာထား ပေါ့ဗျာ စုံစမ်းရတော့တာပေါ့။
ဟုတ်တယ်။ ကြားတဲ့သတင်းမှန်တယ်။ ဒါပေမယ့် လောလောဆယ် သူ့ပရောဂျက်ဧရိယာမှာ ရှိသူတွေကိုသာ ပေးမှာတဲ့။ ပက်လက်လန်ပြန်ရော။ ကျနော်တို့လူနာအများစုက နယ်တွေကဗျ။ ဒီတော့ သူ့ပရောဂျက်ဧရိယာကို ထပ်စပ်စုတော့ သူ့ဆေးခန်းတည်ရှိနေတဲ့နေရာ ငါးခု ပေးမယ်။ သာကေတရှိလို့ သာကေတနဲ့ဆက်စပ်နေတဲ့ ဒေါပုံနှစ်နယ်၊ လှိုင်သာယာ၊ ကျနော့်သူငယ်ချင်းစပြီးကုတဲ့ လှိုင်သာယာ၊ န၀ဒေးက ပြောင်းသွားတဲ့ အင်းစိန်ဖော့ကန်ဈေးနားက တစ်ခုဆိုတော့ အင်းစိန်ရမယ်။ ရွှေပြည်သာပေးမယ်။ သန်းခေါင်စာရင်းပြရမယ်၊ ဘာညာဆိုတော့ လိုက်ဈေးဆစ်တာပေါ့။
ဒီတော့ … မဟုတ်ဘူး။ လူတကယ်နေရင်ပေးမယ်။ အိုကေ စိုပြေ ပျော်ရွှင်စွာ ပြန်လာကြ။ တိုင်ပင်ရတော့တာပေါ့။ ဘယ်လိုလုပ်မလဲ။ ဒီလိုလုပ်မယ်။ လူနာလေးငါးယောက်လောက်ကို အိမ်တစ်လုံး စုငှားပေးရင် ရပြီပေါ့။ နယ်က ကိုယ့်လူငယ်တွေကို ဒီသတင်းစကားကို ပျော်ရွှင်စွာပါးကြတယ်။ လူနာတွေကို လိုက်မေးတော့ ဒီလောက်ဈေးကြီးတဲ့ ဆေးအလကားရမှာဆို လာနေမယ်ပေါ့။ ငါးယောက်လောက် စုငှားနေကြမယ် ဆိုပြီးလာကြတယ်။
အဲ … ဟုတ်ပြီ။ အိမ်ရှာလုပ်ငန်းက စပြီပေါ့ဗျာ။ အတော်များများက အန်အယ်လ်ဒီဆိုတော့ ခေါင်းကော လက်ကော တစ်ကိုယ်လုံးပါ ခါပြတော့ ခက်ကြပြီ။ ဒီသတင်းကို ဒေါပုံလူငယ်တာဝန်ခံ ကိုကျော်ဇင်ဝင်းက ကြားတယ်ဗျ။ သူ့ဦးလေးအိမ်ရှိတယ်တဲ့။ ခြောက်လတော့ ချုပ်ရမယ်ဆိုတော့ ပိုလို့တောင် ပျော်ကြတာပေါ့။ မားမားမတ်မတ်ရပ်မယ့်လူတော့ ရပြီ ဆိုတော့။ ။ အိမ်ငှားကြ ပြုကြ။
စာချုပ်ချုပ်ပြီးစ လာတာက ၀မ်းတွင်းက ကျောင်းဆရာမ။ သူ့ယောက်ျားက ကျနော်တို့လက်ပေါ် ဆုံးတာပဲ။ ဒီဆရာမကလည်း လာခါစက စိတ်က သိပ်မဟန်ဘူး။ အမွေကိစ္စ ဘာကိစ္စတွေကို မကျေမနပ်ပြောနေလို့ မနည်း ချော့လိုက်ရသေးတယ်။
နေတာ ဟုတ်ပြီ။ အဲ့တုန်းက သူက ဖျားနေတာ။ လူနာစောင့် ဘယ်လိုထားမလဲ ဆိုတော့ ရေကန်အသင့် ကြာအသင့်။ သူ့တူလေးတစ်ယောက် ရေတာရှည်လမ်းဟောင်းမှာ စားပွဲထိုးလုပ်နေသတဲ့။ ညအိပ်ရင် ခေါ်သိပ်မယ် ဆိုတော့ အဆင်ပြေပေါ့ဗျာ။ သူ ရောက်လာပြီး နောက်နှစ်ရက်လောက်ရှိတော့ ကျောက်ပန်းတောင်း ရေနံချောင်းမြို့သစ်ဖက်က လူတွေထပ်ရောက်လာ။ ထားစရာမရှိတာနဲ့ အဲ့ဒီအိမ် စုထား ဆိုတော့ … ထားထားချင်း ဆယ့်နှစ်ယောက်လောက် ဖြစ်သွားတော့တာပေါ့။
ပတ်ဝန်းကျင်က သိပ်မကြည်ဘူးတော့ သိတယ။် ဒါပေမယ့်လည်း တောင်းတောင်းပန်ပန် အများကိုလည်း သည်းညည်းခံဖို့ တောင်းပန်။ ကိုယ့်လူချင်းလည်း သည်းခံနေဖို့ပြော။ သိုသိုသိပ်သိပ် နေရတာပေါ့။
တစ်ရက်ကျတော့ ကျနော်တို့အုပ်စု အဲ့ဒီသွားပြီး မုန့်ဟင်းခါး ချက်ကျွေးတယ်။ အုပ်စုဆိုတာ သာကေတလူငယ် မထားထား၊ သထုံ ကိုးဆယ်ရွေးကောက်ပွဲအမတ် ကိုခွန်မြင့်ထွန်း၊ ကိုအောင်ထွေး၊ မခင်ထားရီ၊ ကျနော်၊ ကိုမင်းလွင်၊ မဖြူ … ။
စုပြီး စကားပြော ဘာပြောပေါ့။ သထုံအမတ်က တရားပြလည်း ကောင်းသဗျ။ စကားပြောလည်း ပြေပြစ်ဆိုတော့ လေပေးဖြောင့်နေတာပေါ့။ သုံးခွဲလောက်ကျတော့ အကုန်ထပြန်တယ်။ ကျနော်၊ ကိုမင်းလွင်၊ မဖြူ သုံးယောက်ပဲ ဟိုလုပ် ဒီလုပ်နဲ့ ကျန်နေတာ။ ညနေ ငါးနာရီလောက်ကျတော့ ပတ်ဝန်းကျင်က သိပ်မဟုတ်တော့ဘူး ဆိုတာ သိလိုက်ပြီ။
ဝေါ်ကီတော်ကီနဲ့ လူတွေ ဟိုနား ဒီနား ဆိုတော့ ဘာလဲ ပေါ့ဗျာ။ နောက်တော့ရ၀တနဲ့ လူတချို့ ရောက်လာပြီးတော့ “ခန လိုက်ခဲ့ပါ …” တဲ့ေ။ ဆွးနွေးစရာရှိလို့ ဆိုတော့ ကျနော်က ပြန်မေးတယ်။ ဘာကိစ္စ လိုက်ရမှာလဲ။ ဘယ်ခေါ်မှာလဲ။ ဖမ်းတာလား …။ အဲ့တုန်းက နိုင်ငံရေးသမားဆို ဘာလုပ် မလုပ် အလကားနေ ထောင်ထဲချည်း ထည့်နေတာကိုး။ ဒီမေးခွန်း မေးမိတာပေါ့။ မဟုတ်ပါဘူး … သူတို့ရ၀တရုံးတင်ပါ ဆိုတော့ လိုက်သွားတာပေါ့ဗျာ။
ဟိုရောက်တော့ မယကဥက္ကဋ္ဌက ထိပ်က ထိုင်နေတယ်။ ဘေးမှာ ရဲမှုး၊ မြို့နယ်ဆရာဝန်တွေကော တရားသူကြီးတွေကော ဗျ။ သူတို့လည်း တစ်ယောက်တစ်ပေါက် မေး၊ ကျနော်တို့သုံးယောက်လည်း တစ်ယောက်တစ်ပေါက်လို ဖြေ။ မြို့နယ်ဆရာဝန်ကြီးဆိုတဲ့ အမျိုးသမီးက ကျနော်တို့ဒီလူနာတွေဟာ မှန်ကန်တယ်ဆိုရင် သူတို့ဆီကို ဒီလူနာမှတ်တမ်းတွေ အပ်ရမယ် ဆိုလာတယ်။
ကျနော်က ပြောပါတယ်။ သူတို့ခမျာ နယ်မှာ လူသိမှာစိုးလို့ ဒီမှာလာ ခိုးဆေးကုနေရတာ မလုပ်ပါနဲ့ဗျာ တို့ရယ် ဆိုတော့ … မရဘူးဗျ။ ပေးကိုပေးရမယ်။ မပေးနိုင်ဘူးဗျာ။ ဟိုဘက်မှာလည်း ကိုမင်းလွင်နဲ့ မဖြူတို့ တစ်ယောက် တစ်ပေါက်အော်နေကြတော့ ရုံးကရုံးနဲ့ မတူ ၀က်ခြံလို ဆူကုန်တာပေါ့။
ဒီမှာတင် ရဲအကြီးအကဲလုပ်သူက ပါးတယ်။ ကဲ … ကဲ … ခင်ဗျားတို့ထဲ တာဝန်အရှိဆုံး လူပြော ဆိုတော့ မဖြူ လက်ညှိုးထိုးပြရတာပေါ့လေ။ ဒါဆို ဒီအမျိုးသမီးနေပါ၊ ခင်ဗျားတို့နှစ်ယောက်ကတော့ အပေါက်က စောင့်ပေတော့။ မေးနေ ဖြေနေတာ မြင်နေရတယ်။ ကြားတစ်ချက် မကြားတစ်ချက်ပဲ။ ငါးနာရီလောက်က ပြောလိုက်တာ၊ ဆယ့်တစ်ကိုခွဲ ရောဗျာ။
စကားဝိုင်းကအစပိုင်းသာ တင်းမာနေတာ၊ နောက်ပိုင်းကျတော့ ရီရီမောမောပါပဲ။ လမ်းကျတော့ မဖြူက ပြန်ပြောပြပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့နဲ့ ဘယ်လိုပတ်သက်သလဲ၊ ဘာလဲ ပေါ့။ သေချာတာကတော့ မေးတဲ့လူတွေက ဘာမှမသိဘူး။ အန်အယ်လ်ဒီက လူတွေကို ကိုမင်းကိုနိုင်အဖွဲ့ကလို့ ထင်နေဟန်တူတယ်။ အဲ့လို ထုံထိုင်းမှုန်မှိုင်း ဘာမှမသိလို့များ ထိုက်တန်စွာ ရာထူးရထားသလားတောင် စဉ်းစားမိတယ်။
သဇင်ဆေးခန်းလည်း မသိဘူး။ အိတ်ခ်ျအိုင်ဗွီလည်း မသိဘူး။ ဘာဆိုဘာမှ မသိတဲ့လူစု။ မသိတာများ ဒေါက်တာဘွဲ့ပေးရင် ဒီလူတွေ နေ့တိုင်းများ ဒေါက်တာဘွဲ့ရနေမလား မဆိုနိုင်။ နောက်နေ့တော့ သိတော့တာပေါ့။ အဖွဲ့ချုပ်က ဆိုတာ။
အဲ့ဒီိတော့ မဟုတ်က ဟုတ်က စွပ်စွဲပါလေရောလား။ အဖွဲ့ချုပ်ကတဲ့ မျှော်လင့်ချက်မဲ့နေတဲ့ လူနာတွေကို စုခေါ်ထားပြီးတော့ သူတို့လူကြီးတွေကို လူသားဗုံးတွေအဖြစ် တိုက်ခိုက်မှာတဲ့။ ကြံကြီးစည်ရာဗျာ။ အဲ့လိုဥာဏ်နီ၊ ဥာဏ်နက် ထွက်လို့များ ရာထူးကြီးကြီး ရထားသလားပဲ။ ကျနော်လည်း ပြန်ပြောပါတယ်။ ဘယ်လူကြီးလဲ၊ ဘုရားလူကြီးလား၊ လမ်းလူကြီးလား၊ ဈေးလူကြီးလား၊ ရပ်ကွက်လူကြီးလား … ဘယ်လောက်ကြီးတဲ့ကောင်ကို အဲ့လိုလုပ်ရမှာလဲ လို့။
ဒီလိုလုပ်လို့ဗမာပြည်ပြသနာ ပြေလည်တယ် ဆိုရင် လူနာ စုစရာ မလိုဘူး။ ကျုပ်ကိုယ်တိုင်ကို လုပ်တယ်လို့ ပြောတော့မှ၊ ပါးစပ်တွေ ပိတ်တော့တယ်။ နောက်တော့ ကိုမင်းကိုနိင်ကို မဲစစ်တာ သိတော့တယ်။
ဝမ်းတွင်းကျောင်းဆရာမ ရောက်စ တစ်ယောက်ထဲမို့ သူ့တူခေါ်အိပ်တယ် မဟုတ်လား။ သူ့တူလေးကလည်း လာအိပ်ပေးရှာပါတယ်။ အဒေါ်ဆီကို။ ဒီိတော့ ဧည့်စာရင်း တိုင်တာပေါ့။ အဲ့ဒီမှာ ပြဿနာ တက်တာ။ ဒီကလေးနာမည်က မင်းကိုနိုင်။ ၈၈ခုနှစ်မှာ မွေးလို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ချစ်ခင်လေးစားအားကျလို့၊ အင်မတန်ကို လေးစားလွန်းလို့၊ ဒီကလေးကိုလည်း ကိုမင်းကိုနိုင်လို အနစ်နာခံသူမျိုး၊ တိုင်းပြည်ကို ချစ်ခင်သလို ချစ်စေချင်လို့၊ သတ္တိရှိစေချင်လို့ မှည့်ထားတာတဲ့။ ပြတ်ကရောဗျ။
ကျနော်တို့ကတော့ ကိစ္စအေးပြီ ထင်ထားတာ။ အိမ်ရှင်ကို လှည့်ကြပ်ကော။ အိမ်ရှင်ခမျာမှာ မျက်နှာငယ်လေးနဲ့၊ ခြောက်လအထိနေ၊ ကျော်ရင်တော့ေ ဂျာင်းပေတော့။ ဒီတော့ ခြောက်လပြည့်တော့ သာကေတမှာ နောက်တစ်အိမ်ငှားတယ်။ အိမ်ရှင်မိန်းမကြီးက အသက်ကြီးပါပြီ။ ဒီအဖွားကြီးကိုလည်း ဘယ်ကောင်က ဘယ်လိုသွားပြီး ခြိမ်းခြောက်တယ် မဆိုနိုင်ဘူး။ အိမ်ငှားပြီး သုံးလလောက်ရှိတော့ ခြောက်လစာပြန်ပေးပြီး အဖွားကို တမျိုးမမြင်ပါနဲ့ အဖွားက လူနာတွေကို သနားပါတယ်၊ ဒါပေမယ့် ဘယ်လိုမှ ထားမဖြစ်လို့ပါ … ဆိုတော့ဆင်းရပြန်ကော။ သူ့ကိုနေခဲ့တဲ့ သုံးလစာ ပေးလိုက်ပါတယ်။ နောက်တစ်အိမ်ပြောင်းပေါ့။
ဆေးခန်းနား နီးအောင် သာကေတမှာပဲ အခြေချတာပေါ့။ နောက်တစ်အိမ် ငှားကော။ ငှားတော့ အရပ်ထဲက ၀ိုင်းဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်တာနဲ့ မနေရဲဖြစ်ရတာ။ အဲ့ဒီအိမ်မှာက သင်္ကြန်တွင်းကြီး။ သုံးခွဖက်က ကလေးမလေးတစ်ယောက် ဆုံးတယ်။ ဆုံးတော့ ဒီကနေ ကျနော်တို့ စက်ဘီးတွေစီးပြီး စီစဉ်ရတာပေါ့။ တောင်ဥက္ကလာကနေ သာကေတကို စက်ဘီးနဲ့လစ်ရတာ။
ဟိုရောက်တော့ ထုံးစံအတိုင်း ဦးကျော်သူတို့ နာရေးကူညီမှုကို အကူညီတောင်းတာပေါ့။ လာပါတယ်။ ဒေါ်ရွှေဇီးကွက်ကိုယ်တိုင် ကားမောင်း လာပေးတယ်။ ကားက စောရောက်လာတယ်။ ထွက်ကြိုဖို့လုပ်နေတုန်း ရောက်လာတာပါ။ ဒီတော့ ဟိုမေး ဒီမေး ပေါ့လေ။ ဟိုအိမ်ရှေ့ကားရပ် ဒီအိမ်ရှေ့ကားရပ် မေးပေါ့လေ။ နောက်တော့ တွေ့ပါတယ်၊ ကြိုတဲ့လူနဲ့။ ဒီတင် “မသာကားကြီး ငါ့အိမ်ရှေ့ နှစ်သစ်ကူးမှာ လာရပ်တယ် …” ဘာဖြစ်တယ် ညာဖြစ်တယ်၊ ပွစိပွစိ လုပ်ကုန်တာပေါ့။
နောက်တော့ ဒေါသဖြစ်လာတယ် တူပါတယ်။ ကျနော်တို့လူနာတွေ အိမ်ဝိုင်းပြီး ဆဲလိုက်ကြစမ်း၊ ခဲနဲ့ပေါက်လိုက်ကြစမ်း … ဆိုတာ ဘယ်လိုမှ တောင်းပန်လို့ မရဘူး။ အဲ့ဒီ “မသေမျိုးတွေ” ကလေ။ သူတို့ဖာသာ မသေဆေး စားထားသလားတော့ မဆိုနိုင်ဘူးပေါ့။ မသေဆေးက အရေးမကြီးဘူး၊ ဘယ်ပြေးမလည်းက အရေးကြီးလာတယ်။
ဒီလောက်ဖြစ်လှတာ သာကေတပဲ ထပ်ငှားမယ်ဆိုပြီး ငှားရော။ ဟာ … ဧည့်စာရင်းမပေးတာကော၊ လူနာတွေကို လက်ဖက်ရည်ဆိုင်မှာ ဥက္ကဌဆိုတဲ့လူနဲ့ နယ်ထိန်းက ဖမ်းမယ်ဆိုတာတွေကော၊ နင်တို့ဖာသာ သောက်ကျင့်မကောင်းလို့ ဖြစ်တာ၊ ငါတို့ရပ်ကွက်မှာ နေခွင့်မပေးနိုင်ဘူး ဆိုတာတွေကော စုံတကာ စေ့နေတာပါပဲဗျာ။
လူစကားပြောတတ်တဲ့ သတ္တ၀ါတွေကို ဆက်ဆံနေရသလိုပါလား ကွယ်တို့။ ဒီလိုအောက်ခြေကနေ အဆင့်ဆင့်အာဏာပိုင်ဆိုတဲ့အဖွဲ့အစည်းတွေ လူတွေ မကောင်းဘူးဗျ။ မကောင်းတာက ဥာဏ်လည်း မကောင်းဘူး၊ အကြံလည်း မကောင်းဘူး။ ကောင်းတာလည်း မလုပ်ဘူး။ လုပ်နေတဲ့လူကိုလည်း ဒုက္ခပေးဖို့ကြံတယ်၊ တော်တော်လေး ဆိုးပါတယ်။ အယင်က အာဏာပိုင်တွေနော်၊ ခုအာဏာပိုင်တွေတော့ စောင့်ကြည့်တုန်းပဲ။ မကောင်းရင် မကောင်းဘူး ထပ်ပြောအုံးမှာ။
ကျနော်တို့လည်း ကြံရာမရ။ လူနာတွေကလည်း လမ်းဘေးမှာ ဒုက္ခ။ ဘယ်လိုများကြံရပါ့။ ဘယ်လိုများ ပြေလည်အောင် လုပ်ဆောင်ရပါ့ နော်။ ပြောဖို့မေ့သွားလို့။ အဲ့လို ဆဲဆိုကြိမ်းမောင်း မောင်းထုတ်တော့ နောက်လူနာတစ်ယောက် ကြောက်လန့်ပြီး သေပါရောလား။
တောင်တွင်းကြီးက အဖွဲ့ချုပ်ဝင် အောင်ကို လာပို့ထားတဲ့ ကလေးမလေးပါ။ ဒီလို ဘေးကျပ်နံကျပ်မှာ အသက်ရှုပေါက် ပေါ်လာတယ်။ တောင်ဒဂုံဧရိယာမှာ နေရင်လည်း ဆေးပေးမယ်တဲ့။ တောင်ဒဂုံဆိုတော့ ယုဇနဥယျာဉ်အိမ်ရာလည်းပါတာပေါ့။
ဒီတော့ မဖြူက စဉ်းစားနည်း ပြောင်းသွားတယ်။ ယုဇနဆိုရင် တိုက်ခန်းတွေနဲ့ဆိုတော့ ကိုယ့်အခန်းတံခါး ပိတ်၊ ကိုယ့်ဟာကိုယ်နေ၊ ဘေးနဲ့ ပတ်သက်စရာမလိုတော့ဘူးပေါ့လေ။ အဲ့ဒီမှာ ငှားလိုက်၊ ထားလိုက်တဲ့လူနာ မရေတွက်နိုင်အောင်ပဲ။ အခန်း ၁၇ ခန်း တိတိ ငှားပြီး ဆေးကုပေးခဲ့ပါတယ်။
အဲ့ဒီလုပ်ငန်း စလုပ်နေစဉ်ကာလက လူနာ ငါးယောက် အခန်းက နှစ်သောင်းဆို တစ်ယောက် လေးထောင်နှုန်း ပေါ့ဗျာ။ လုပ်နေရင်းသားကနေ ကိုအောင်ထွေး တစ်ယောက် ချူသံပါလာတယ်။ သူ မတတ်နိုင်တော့ဘူး တဲ့။ သူ အလုပ်ပြန်လုပ်ပါရစေ၊ သူ့မှာ စုဆောင်းထားတာလည်း ကုန်ပြီ။ ဒီအလုပ် စလုပ်တုန်းက ဆွဲ ဆွဲ နေတဲ့ ရွှေကြုတ်နဲ့ ဆွဲကြိုးလေးလည်း ပြုတ်ပြီ။ ဒီတော့ နားသည် ပေါ့။
လည်တည်တည်နဲ့မခင်ထားရီကတော့ ပါနေသေး။ သူလည်း နည်းနည်းတော့ လန့်နေပြီ။ ဘယ်မိန်းကလေးတန်မဲ့ အ၀တ်စားရယ်လို့ ၀ယ်မှ မ၀တ်ရတာ။ ရသမျှ မုန့်ဖိုး ဒီလူနာတွေအတွက်ချည်း ကုန်တာကိုး။
ထားပါဗျာ။ အဖွဲ့ချုပ်က လူငယ်တွေလည်း ကူရှာပါတယ်။ ဒါပေမယ့် လမ်းကြုံပဲ တတ်နိုင်တော့မှာပေါ့။ လူနာများလာတာနဲ့အမျှ အလုပ်လည်း များလာတယ်။ အလုပ်များလာတော့ ငွေရှာဖို့လိုလာတာပေါ့။ အဓိက ကျနော့်အတွက် ငွေလိုတယ်။ ဘယ်လိုရှာမလဲ စဉ်းစား။ ကျနော်နေတဲ့အမေ့အိမ်မှာ ကြက်မွေးထားတယ်။ ဒီကကြက်ဥတွေကို သုံးလေးဆယ့်ငါးကျပ်ဈေးနဲ့ ယူပြီးတော့ ငါးဆယ်နဲ့ရောင်းတယ်။ လှိုင်သာယာက ကြက်ဥတွေကို တောင်ဥက္ကလာ၊ သင်္ကန်းကျွန်းသယ်ပြီး၊ မဖြူနဲ့ မခင်ထားရီက အရပ်ထဲလည် ရောင်းတယ်။
အစကတော့ အကိုက်သား။ နောက်တော့ ကြက်ငှက်တုပ်ကွေး ၀င်အုပ်လို့ အလုပ်ရှုပ်သွားသဗျို့။ ဒါဆို နောက်တလုပ် ရှာကွာ ဆိုတော့ … ကျနော့်လိုအပ်ချက်ဆိုတော့ ကျနော် လိုက်စဉ်းစားတာပေါ့။
ကျနော့်လက်ဦးဆရာက ဂျာနယ်ပိတ်ခံရလို့ တခြားဘောလုံးဂျာနယ်တစ်ခုမှာ နာမည်မခံဘဲ လုပ်နေတာ ကျနော်သိတယ်။ ကျနော့်ဆရာကို ပြန်အားကိုးတာပေါ့။ အဆိုင်းမင့်လေး ဘာလေးရမလား ဆိုတော့ ဒီလိုတော့မရ။ တစ်ခုရှိတယ် ဖောင်ပိတ်ရက်လာပါ၊ လိုအပ်တာ သို့မဟုတ် အရေးပေါ်ဆောင်းပါးတွေ ရေးပေးပါတဲ့။ ဒါနဲ့ အလစ်ချောင်း၊ ညဖက်ဆို သူ့နားသွား သွားနေတာ။ ညတိုင်း အိပ်ရေး ပျက်တယ်။ရေးရတယ်၊ ဆောင်းပါးကတော့ ၊ တစ်ပုဒ် သုံးထောင်ပေးတယ်၊ မဆိုးပါဘူး။ ပေါက်မြို့နယ်စည်း
ကိုအောင်ကျော်ကျော်က ကလောင်နာမည် ပေးတယ်။ အင်မတန်နုတဲ့ နာမည်။ ဘောလုံးဆောင်းပါးနဲ့လည်း ဘာမှမဆိုင်ဘူး။ ထားသစ္စာဖြူ …တဲ့။ မခင်ထားရီနာမည်ကော။ မဖြူနာမည်ပါ ပါအောင် ပေးတာတဲ့၊ အတော်လေး စိတ်ကူးယဉ်တဲ့လူပဲ။ ဒါပေမယ့် ကျနော် မသက်သာလှဘူး။ ညကို မအိပ်ရတာ။ အဲ့လိုနေမှလည်း စာရေးခွင့် ရမှာကိုး။
ကိုအောင်ကျော်ကျော်က ပေါက်ကနေ လူနာတွေ လာလာပို့ပေးနေတာ။ သူတည်းလိုက်ရင်လည်း မြို့စွန်တွေမှာချည်း။ ထောက်ကြံ့တို့၊ မင်္ဂလာဒုံတိုဘက်မှ တည်းတယ်။ ဒီမှာ နေစရာ ရှားလာတယ်။ တချို့လူငယ်တွေကတော့ သူတို့ချိတ်ဆက်နဲ့ သူတို့ပေါ့ဗျာ။ ဥပမာ တောင်တွင်းက ကိုသန်းနိုင်၊ ကိုပါလေး၊ ကိုအောင်ကို၊ ဗိုလ်စတီးတို့ လာပို့ရင် ၊ မြို့ထဲသရက်တောကျောင်းမှာ အဆက်ရှိလို့ အဲ့ဒီမှာတည်းတယ်။ ကိုမြင့်ငွေ(အခုအန်ဒီအက်ဖ်)၊ ကိုသြကြီး၊ ကိုဝေလွင်တို့ လာပို့ရင် ကြေးသွန်းဘုရားဖက် တည်းတတ်တယ်။ ကျောက်ပန်းတောင်း ကိုဇော်ဝင်းကျတော့ ကြုံသလို ကျရာပဲ။ နောက်တော့ဆေးရုံရှေ့ ရေလည်ကျောင်း၊ မဂ္ဂင်ကျောင်းတွေချည်း တည်းတယ်။ ကိုအောင်ကျော်နဲ့ နေစရာတိုင်ပင်တော့ ကိုယ်တော်တစ်ပါး ပင့်လာတယ်။ ခပ်ငယ်ငယ်ပါပဲ။ ကိုအောင်ကျော်ရဲ့ညီတဲ့။ ဦးစန္ဒောဘာသ ခေါ်တယ်။ သူက အလုံက။ ကရင်ကျောင်းမှာ တည်းလို့ဖြစ်တယ် ဆိုတော့ ၀မ်းသာရသေးတာပေါ့။ ဒါပေမယ့် သူနဲ့ မဆက်ဖြစ်လိုက်ပါဘူး။ နောက်တော့ ဒီကိုယ်တော်ဟာ ရွှေဝါရောင်တော်လှန်ရေးမှာ ထင်ရှားတဲ့ ဦးဂမ္ဘီရ ဖြစ်လာတယ်။
(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်)
Comments