အပတ်စဉ် ဂျာနယ် ၂ စောင် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရ


ဇူလိုင် ၃၁၊ ၂၀၁၂ YPI (Yangon Press International )

ပြည်ထောင်စု ၀န်ကြီး ၅ ဦး ဋ္ဌာနပြောင်းရွှေ့ရန် သတင်းထွက်ပေါ်  ဟူသည့် သတင်းဖေါ်ပြမှုများကြောင့် The Voice Weekly နှင့် Envoy  အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းလိုက်ကြောင်း ဂျာနယ်အယ်ဒီတာများကပြောသည်။

ယင်းဂျာနယ်တိုက်များအား စာပေစိစစ်ရေးသို့ လာရောက်တွေ့ဆုံရန် ယမန်နေ့ညနေပိုင်းက အကြောင်းကြားခဲ့ပြီး ယနေ့နံနက်ပိုင်း ဂျာနယ်တိုက် အယ်ဒီတာများ သွားရောက်တွေ့ဆုံသည့်အခါ ယာယီရပ်ဆိုင်းကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မည်သည့် သတင်း အတွက်ကြောင့် ယာယီရပ်ဆိုင်းရသည်ကို တိုက်ရိုက် ရည်ညွှန်း ပြောဆိုခြင်းမရှိသော်လည်း စာပေစိစစ်ရေး စည်းမျဉ်းများ မလိုက်နာမှုကြောင့်  အကန့်အသတ်မရှိ ရပ်ဆိုင်းထားသည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်ဟု  သိရှိရသည်။   

နောက်ဆုံးထုတ် The Voice Weekly သတင်းဂျာနယ် မျက်နှာဖုံး ယင်းမျက်နှာဖုံးတွင် ပါရှိသည့် ပြည်ထောင်စု ၀န်ကြီး ၅ ဦးနှင့် ပတ်သက်သည့် သတင်းနှင့် ဆင်ဆာ ဖြုတ်ခံရသည့် ကာတွန်း သတင်းကြောင့် ယခုလို ရပ်နားခံရသည်ဟု ယူဆထားကြသည်။

ဇူလိုင် ၂၈ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ် မျက်နှာဖုံးတွင် ပြည်ထောင်စု ၀န်ကြီး ၅ ဦး ဋ္ဌာနပြောင်းရွှေ့ ရန်သတင်းထွက်ပေါ် ဟုဖေါ်ပြထားခဲ့ပြီး Envoy သတင်းဂျာနယ်တွင်လည်း အလားတူ ပြည်ထောင်စု ၀န်ကြီး အပြောင်းအရွှေ့ သတင်းဖေါ်ပြခဲ့သည်။

အရေးယူခံရသည့် ဂျာနယ် တစောင်ဖြစ်သည့် Envoy ဂျာနယ် မျက်နှာဖုံး သတင်း 
သို့ရာတွင် ဂျာနယ်အယ်ဒီတာများကမူ စိစစ်ရေးမှ ခွင့်မပြုပဲ ၀န်ကြီး အပြောင်းအရွှေ့ သတင်းနှင့် ကာတွန်းပြပွဲတွင် ဆင်ဆာဖြတ်ခံရသည့် ကာတွန်းနှင့် ပတ်သက်ည့် သတင်းဖေါ်ပြခဲ့ခြင်းကြောင့်ဟု ကောက်ချက်ချ ကြကြောင်းလည်း The Voice Weekly ဂျာနယ်အယ်ဒီတာက ပြောသည်။ အလားတူ Envoy ဂျာနယ်မှ သတင်းထောက်ကလည်း ၀န်ကြီး ၅ ဦးအပြောင်းအရွှေ့ သတင်းဖေါ်ပြမှု ကြောင့် ယခုလို ရပ်ဆိုင်းခံရသည်ဟု ယူဆကြောင်း ပြောသည်။

ပြီးခဲ့သည့် ဇွန်လကုန်တွင် သတင်းဂျာနယ်များနှင့် မဂ္ဂဇင်းစာအုပ်များ ထုတ်ဝေခြင်းမပြုမီ စိစစ်သည့် လုပ်ငန်းစဉ် ဖျက်သိမ်းမည်ဟု ဦးတင့်ဆွေက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားဖေါ်ပြခဲ့သော်လည်း ဇူလိုင်လကုန်သည် အထိ ပုံနှိပ်မဖေါ်ပြမီ တင်ပြရသည့် လုပ်ငန်းစဉ်မှာ ရှိနေဆဲဖြစ်ကာ ယခုကဲ့သို့ ဂျာနယ် ၂ စောင် ယာယီရပ်နားသည့် အဖြစ်အပျက်ပင် ထပ်မံဖြစ်ပွားလာသည်။

ဇွန်လအတွင်း ရခိုင်အရေးကိစ္စ နှင့်ပတ်သက်၍ ဂျာနယ်များက ခွင့်ပြုချက်မယူပဲ သတင်းဖေါ်ပြမှုများ ရှိခဲ့ရာ ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်နှင့် ပြန်ကြားရေး ဒုညွှန်ချုပ် ဦးတင့်ဆွေတို့က ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် အရေးယူနိုင်ကြောင်း ခေါ်ယူ သတိပေးခဲ့သည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအနီး လူသတ်မှု နှင့်ပတ်သက်သည့် လျှပ်တပြက်ဂျာနယ် ၏ သတင်းဖေါ်ပြမှုကြောင့်လည်း လျှပ်တပြက်ဂျာနယ် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံခဲ့ရပြီး အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကိုလည်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည်။

ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက် သတင်းမီဒီယာ အပေါ် ဖြေလျော့မှုများ ပြုလုပ်လာခဲ့သည်ဟု ပြောဆို ရေးသားနေကြသော်လည်း သတင်းဂျာနယ်၊ မဂ္ဂဇင်း ၊ လုံးချင်းစာအုပ်များ ထုတ်ဝေခွင့်နှင့်ပတ်သက်၍ အစိုးရက တင်းကြပ်သည့် ချုပ်ကိုင်မှုများ ရှိနေသကဲ့သို့ သတင်းဂျာနယ်များ ပုံနှိပ်ထုတ်ဝေခြင်း မပြုမီ သတင်းဓါတ်ပုံမှ အစ စီးပွားရေး ကြော်ငြာအဆုံး တင်ပြခွင့်ပြုချက် တောင်းခံနေရဆဲဖြစ်သည်။         ။ 

မူရင်းလင့်ခ https://www.facebook.com/notes/yangon-press

Comments