ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံလူ (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
သြဂုတ် ၃၁၊ ၂၀၁၂
သြဂုတ် ၃၁၊ ၂၀၁၂
“ပြီးခဲ့တဲ့လတွေတုံးက အမေစု ဥရောပကိုခရီးထွက်တုံး ရိုက်ထားတဲ့ဓါတ်ပုံတွေထဲမှာ - ခွပ်ဒေါင်းပုံရင်ထိုးကလေး တပ်ထားတာ ကျနော်တွေ့ လိုက်မိတယ် ဦးလေးရ။ ဦးလေးရောသတိထားမိလား။”
“အေးကွ ... ဦးလေးလဲ တွေ့လိုက်တယ်။ ဓါတ်ပုံတွေကလဲ ခန့်ခန့်ငြားငြားနဲ့ အရမ်းကျက်သရေရှိတာဘဲကွနော်”
“အဲဒီလို ခွပ်ဒေါင်း၊ ကဒေါင်းလေးတွေ တွေ့ရတော့ ဦးလေးရွတ်ရွတ်ပြနေတဲ့ ဆရာကြီး အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့လေးချိုးကြီးထဲက "ကောင်းကျိုးထွေထွေနဲ့ ချန်စေမြစေသော၊ ဒေါင်းအိုးစေ တွန်စေကစေသော" ဆိုတဲ့အပိုဒ်ကလေးကို သွား,သွား သတိရမိတယ် ဦးလေးရေ”
“အံမယ် ... ငါ့တူက မဆိုးပါလားကွ။ ကဲ အဲဒီအပိုဒ်ကလေးရနေမှတော့ကွာ လေးချိုးကြီးတပုဒ်လုံးရသွားအောင် ကျက်လိုက်ပါလား”
“ဖြေးဖြေးတော့ကျက်ပါ့မယ် ဦးလေးရာ။ ဒီနေ့တော့ ဒေါင်းနဲ့ပတ်သက်တဲ့ တံဆိပ်ခေါင်းတွေအကြောင်းပြောပြပါဦး”
“အေးပါကွာ။ မင်းသိချင်တယ်ဆိုတာကိုကြားရတာဘဲ ဝမ်းသာလှပါပြီ။ အေး ... တံဆိပ်ခေါင်းအကြောင်းမပြောခင်မှာ တို့ဗမာတွေရဲ့အသဲ နှလုံးကြားမှာ ဒေါင်းငှက်ရဲ့သင်္ကေတ၊ အမှတ်အသားတွေမှာ သမိုင်းနဲ့ချီပြီး စွဲမြဲနေတယ်ဆိုတာကို ငါ့တူ အရင်ဆုံးသိထားရမယ်ကွ။”
“ဟုတ်ကဲ့ဦးလေး”
“ဒေါင်းကို နေမင်းရဲ့သင်္ကေတအဖြစ် ယူထားတယ်။ မင်းတွေ၊ ဘုရင်တွေရဲ့ တံဆိပ်အမှတ်အသားအဖြစ် သုံးခဲ့ကြတယ်။ မင်းလည်းသိသားဘဲ။ မင်းတုန်းမင်းကြီးလက်ထဲမှာ ဒင်္ဂါပြားတွေ စပီးသွန်းလုပ်တော့ ဒေါင်းပုံကိုထည့်ထားတာလေ။ အလံတွေ၊ တံဆိပ်တွေမှာလည်း ဒေါင်းဟာ အမြဲတမ်း ဝင့်ဝင့်ကြွားကြွားပါခဲ့တယ်ကွ။ တို့ဗမာအစည်းအရုံးအလံ၊ ကျောင်းသားသမဂ္ဂရဲ့အလံ၊ နယ်ချဲ့ကိုတိုက်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ရဲ့အလံတွေမှာက ဒေါင်းတွေ၊ ခွပ်ဒေါင်းတွေဟာ နေရာယူခဲ့ကြတယ်ကွ”
“ဦးလေးပြောလို့ ကျနော်သတိရပြန်ပြီ။ ဗိုလ်ချုပ်တို့ အာဇာနည်တွေ ကျဆုံးတော့ အဘိုးသခင်ကိုယ်တော်မှိုင်းရေးတဲ့ လေးချိုးကြီးထဲမှာလဲ “ဒေါင်းလံပုဝါအုပ်ပါလို့ - ကျုပ်ဖြင့် သင်္ဂြိုလ်ချင်” လိုထည့်ပြီးရေးခဲ့သေးတယ် မဟုတ်လား။
“မင်း အတော်ဟုတ်တေပါလးကွ။ ငါ့တူလို့မပြောရဘူး။ ဟဲ ... ဟဲ။ ဒေါင်းပုံပါတဲ့တံဆိပ်ခေါင်းတွေကို အင်္ဂလိပ်ခေတ် ၁၉၃၈ ကစပီး သုံးခဲ့ကြ တာ ဂျပန်တွေဝင်လာတဲ့ ၁၉၄၂ အထိပဲဆိုပါတော့ကွာ။ အဲဒီတုံးက ဂျော့ဘုရင်ပုံနဲ့ပေါ့။ ဒီမှာကြည့်”
၁၉၃၉ (ရုံးသုံး)
အဲဒီ တံဆိပ်ခေါင်းတွေကိုပဲ ၁၉၄၅ မှာ ဂျပန်ပြေးပြီး အင်္ဂလိပ်ပြန်ဝင်လာတော့ (အရောင်ပြောင်းပြီး) ဆက်သုံးကြ တယ်။
၁၉၄၅ အင်္ဂလိပ်စစ်အုပ်ချုပ်ရေး
၁၉၄၆ (အစဉ်သုံး)
၁၉၄၆ (ရုံးသုံး)
၁၉၄၇ (ကြားဖြတ်အစိုးရ)
၁၉၄၇ (ကြားဖြတ်အစိုးရ ရုံးသုံး)
“ဂျပန်ခေတ်မှာကျတော့ကောဟင်”
“အဲဒီဂျပန်ခေတ် ၃ နှစ်အတွင်းမှာ (၁၉၄၂ ကနေ ၁၉၄၅ အတွင်းမှာပေါ့ကွာ) ဂျပန်အစိုးရက အင်္ဂလိပ်ရဲ့လက်ကျန်တံဆိပ်ခေါင်းတွေပေါ်မှာ ဒေါင်းရုပ်ကိုထပ်နှိပ်ပြီး ဆက်သုံးခဲ့ကြသေးတယ်။ ကနေတဲ့ ကဒေါင်းပေါ့ကွာ။”
"ဘာဖြစ်လို့ ကဒေါင်းကိုသုံးတာလဲ ဦးလေး"
“ဟ ... ငါ့တူရ။ ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီးဝင်လာတဲ့- အဲဒီဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့အလံမှာက ဒေါင်းပုံပါတယ်လေကွာ”
“ဟာ … ဟုတ်သားဘဲ”
“နောက်ပီးတော့ ငါ့တူစဉ်းစားကြည့်။ အဲဒီနယ်ချဲ့အင်္ဂလိပ်ကို ဂျပန်အကူအညီနဲ့ အပြတ်ဆော်ပလော်တီးပြီး သူတို့ရဲ့ဂျော့ဘုရင်ပုံပါတဲ့ လက် ကျန်တံဆိပ်ခေါင်းတွေကို ကဒေါင်းပုံပါတဲ့ တံဆိပ်တုံးနဲ့ထုပြီးဖျက်ရတာ ဘယ်လောက်အရသာရှိလိုက်မလဲဆိုတာ။ အဲဒါတွေကိုတို့ရဲ့ တံ ဆိပ်ခေါင်းလောကမှာ ဒေါင်း (peacock) တံဆိပ်ခေါင်းဆိုပြီး သီးခြားလေ့လာကြရတယ်။ အဲဒီဒေါင်းရဲ့ ဒီဇိုင်းပုံကိုလိုက်ပြီး ဟသာင်္တဒေါင်း (၁) (၂)၊ မြောင်းမြဒေါင်း (၁) (၂) (၃)၊ ဖျာပုံဒေါင်းဆိုပြီး ၆ မျိုးဖြစ်သွားတယ်။ အဲဒါအပြင် အနီ၊ အပြာ၊ အနက်၊ နက်ပြာဆိုပြီး အရောင်တွေလဲ ရှိပြန်သေးတယ်။ ကဲ ဒီပုံတွေကိုကြည့်ရင် ငါတူသဘောပေါက်သွားမယ်”
ဂျပန်ခေတ် တံဆိပ်ခေါင်းအချို့
ဟင်္သာဒေါင်း (၁)
ဟင်္သာဒေါင်း (၂)
မြောင်းမြ (၁)
မြောင်းမြဒေါင်း (၂)
မြောင်းမြ (၃)
ရုံးသုံး
“လွတ်လပ်ရေးရပြီးတော့ကော ဦးလေး”
“၁၉၆၄ မြန်မာနှစ်ဆန်းတရက်နေ့မှာ ငှက် (၈) ကောင်ပါတဲ့ တံဆိပ်ခေါင်း (၁၂) မျိုးထုတ်တော့ တန်ဘိုးအကြီးဆုံး ၅ ကျပ်တန်မှာ ဒေါင်းပုံကို ထည့်ထားတယ်ကွ။ ၁၉၆၈ မှာလဲ အဲဒီ BIRD SERIES ကို အရောင်ပြောင်း၊ ဆိုက်ပြောင်းပီး ထပ်ထုပ်သေးတယ်။ ဒီမှာကြည့်”
အပေါ် (၁၉၆၄) (ဂျပန်တွင်ပုံနှိပ်သည်)
အောက် (၁၉၆၈) (အရှေ့ဂျာမနီတွင် ပုံနှိပ်သည်)
“ဒါဆိုရင် ဒေါင်းကို အမျိုးသားရေးအထိမ်းအမှတ် (NATIONAL EMBLEM) အဖြစ်သုံးကြတာကို ဆက်ပြီးရှင်သန်နေအောင်လုပ်ဖို့လိုတာ ပေါ့နော်”
“အေးပေါ့ကွ။ ကမ္ဘာ့နိုင်ငံတွေရဲ့ NATIONAL BIRD လို့ခေါ်တဲ့ နိုင်ငံဂုဏ်ဆောင်ငှက်စာရင်းမှာ တို့နိုင်ငံက BURMESE PEACOCK – PHEA SANT ဆိုတဲ့ ဒေါင်းတမျိုးကို ရွေးထားတယ်။ အိန္ဒိယကလည်းIndian peacock ဆိုတဲ့ ဒေါင်းငှက်ကို ရွေးထားတယ်။ ဒေါင်းအမျိုးအစားတွေကလဲ အမျိုးကြီးရှိတာကိုးကွ။”
“ဟုတ်လား။ ငှက်အသင်းမှာပါတဲ့ ဦးလေးတယောက်က ကျနော့်သူငယ်ချင်းနဲ့သိတယ်။ သူနဲ့တွေ့မှ မေးကြည့်ရဦးမယ်။ ဒါနဲ့ တခြားနိုင်ငံတွေ ကကော ဒေါင်းပုံတံဆိပ်ခေါင်း မထုတ်ဘူးလား။”
“ဟာ အများကြီးရှိတာပေါ့။ ဒို့အာရှနိုင်ငံတွေမှာ ဒေါင်းပုံမထုတ်ဖူးတဲ့နိုင်ငံမရှိဘူး။ အာရှတင်မကပါဘူးကွာ။ ဥရောပနိုင်ငံတွေကလဲ ထုတ်ကြ ပါတယ်။ ဟောဒီမှာကြည့် ဦးလေးလက်လှမ်းမှီသလောက်စုထားတာတွေ”
၁၉၆၈ (တောင်ကိုရီးယား နှစ် ၁၀၀ ပြည့်)
၁၉၇၃ - အိန္ဒိယ (နိုင်ငံတကာတံဆိပ်ခေါင်းပြပွဲအထိမ်းအမှတ်) (ဂရပ်ဖစ်ဒေါင်း)
၁၉၇၄ - ပြင်သစ်
ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU - Universal Postal Union)
(စာပို့နေသော ဒေါင်းငှက်များ)
ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU - Universal Postal Union)
(စာပို့နေသော ဒေါင်းငှက်များ)
၁၉၇၆ - ပါကစ္စတန်
၁၉၇၇ - ဟန်ဂေရီ
၂၀၀၄ - တရုတ်
၂၀၀၈ - ယိုးဒယား
၁၉၃၄ - မြန်မာ့အခွန်တော် တံဆိပ်ခေါင်း
ရန်ကုန်မြို့ ဟိုတယ်တခု၏ ဧည့်ခမ်းဆောင်မကြီးတွင်တွေ့ရသော မှန်စီရွှေချဒေါင်း
"ဒီလိုဆိုတော့လည်း ကျနော်တို့ရဲ့ဒေါင်းဟာ ကမ္ဘာ့အလယ်မှာ အတော်အရေးပေးခံရတာပဲနော်"
"ဟုတ်တာပေါ့ကွာ။ အော် ... ဒါနဲ့ ဟောဒီမှာ မင်းကိုပြရဦးမယ်။ USA ကထုတ်တဲ့ အမျိုးသမီးမဂ္ဂဇင်းတစောင်ဖြစ်တဲ့ မစ် (Ms. Magazine) မဂ္ဂဇင်းအဖုံးမှာ အခု ၂၀၁၂ နှစ်ဆန်းပိုင်းကပါလာတဲ့ ဒေါ်စုရဲ့ပုံကလေး။ ကံ့ကော်ပန်းနဲ့ ဒေါင်းမြီးကွက်အဆင်အင်္ကျီလေးနဲ့။ ဦးလေးသိမ်းထားတာ ကြည့်ပါဦး"
"ကျက်သရေရှိလိုက်တာ ဦးလေးရာ။ ကျနော်တို့ရဲ့ ဒေါင်းအဆင်ဆန်းတွေကို ကမ္ဘာတ၀ှမ်းလွှင့်လိုက်သလို ဘဲပေါ့နော်"
Comments