Maung Yin Nga Tay - Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
အောက်တိုဘာ ၃၁၊  ၂၀၁၂

● ပါရီ အီဖယ် လေဘာတီ


 

ပါရီမြို့ကို နားနားနေနေအနေနဲ့ လျှောက်လည်မယ်ဆိုရင်တော့ အနဲဆုံး သုံးရက်ခန့်အချိန် ပေးရမှာဖြစ်ပါတယ်။ အကယ်၍ ပါရီမြို့ကိုလည် ပတ်ဖို့ တရက်တည်းသာ အချိန်ပေးနိုင်သူတွေ အတွက်ကတော့ မြန်မြန်ဆန်ဆန် အစီအစဉ်အနေနဲ့ အဓိကကျတဲ့ La tour Eiffel အီဖယ် တာဝါ၊  L’avenue des Champs-Élysées ရှောင်ဇေလီဇေလမ်းမကြီးနဲ့ L’arc de triomphe de l’Étoile အောင်မြင်ရေးမုဒ်ဦး၊ Le musée du Louvre လုဗ်နန်းတော်ပြတိုက၊် L’hôtel de ville de Paris ပါရီမြို့တော်ခန်းမနဲ့ La cathédrale Notre-Dame de Paris နော့ထ် ဒမ်ဘုရားကျောင်း၊ မာရသွန်လျှောက်နိုင်သူများ ဖြစ်သည်ဆိုပါက La Basilique du Sacré-Cœur de Montmartre တောင်ပေါ်ဘုရား ကျောင်းစတဲ့ ပါရီမြို့ရဲ့ အဓိကအကျဆုံး အထင်ရှားဆုံး နေရာများကို ရောက်ရှိလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ တနေရာကို ပျမ်းမျှခြင်း ၂ နာရီ နှုန်းနဲ့ နားချိန် ၂ နာရီပေါင်းရင် စုစုပေါင်း ၁၂ နာရီခန့် အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာတွေကို ရောက်ပြီးရင် ပါရီရောက်ပြီဟု ဆိုနိုင်ပါတယ်။ (အီဖယ်တာဝါပေါ်သို့တော့ တက်ဖို့အချိန်မရှိပါဘူး။ တက်ချင်ပါက အချိန်သုံးနာရီခန့် ပေးရမှာဖြစ်ပါတယ်။ ထို့အတူ လုဗ်ရ်ပြတိုက် အထဲသို့ ဝင်ကြည့်လိုပါကလည်း  အချိန်သုံးနာရီခန့် အနဲဆုံးပေးရမှာပါ၊ ဒါဆိုရင်အထက်ဖော်ပြပါ နေရာများကို အပြည့်ရောက် ဖို့ မလွယ်တော့ပါဘူး)၊ ပါရီမှာသုံးရက်လောက် အချိန်ရရင်တော့ ပထမရက်မှာ (၁) အီဖယ်မျှော်စင် အပေါ်တက်မယ်။ (၂) ရှောင်ဇေလီ ဇေလမ်းမကြီးနဲ့ အောင်မြင်ရေးမုဒ်ဦး၊ ဒုတိယရက်မှာ (၁) လုဗ်ရ်နန်းတော်ပြတိုက် ပြတိုက်ထဲဝင်မယ် မိုနာလီဇာပန်းချီကားနဲ့ ဗီးနပ်ရုပ် တုကြည့်မယ်။ (၂)  မြို့တော်ခန်းမနဲ့ နော့ထ်ဒမ်ဘုရားကျောင်း၊  (တောင်ပေါ်ဘုရားကျောင်း ကတော့ ပထမရက်နဲ့ ဒုတိယရက်ညနေပိုင်းကို အချိန်ရရင် ရသလို သွားနိုင်ပါတယ်) တတိယရက်မှာ (၁) Le château de Versailles ဗားဆိုင်းနန်းတော်ပြတိုက်၊ (၂) La Seine စိန်းမြစ်အတွင်းသင်္ဘောစီးနိုင်ပါတယ်။ ပြတိုက်တွေထဲဝင်ကြည့်မယ် အီဖယ်တာဝါပေါ်တက်မယ် သင်္ဘောစီးမယ် ဆိုရင်တော့ ယူရိုငွေ ၁၀ နဲ့ ၁၅ ယူရိုကြား ပေးဝင်ရမှာဖြစ်ပါတယ်။ လုဗ်နန်းတော်ပြတိုက်အပါအဝင် ပြတိုက်တော်တော်များများက  လတလရဲ့ ပထမဦးဆုံးသော တနင်္ဂ နွေနဲ့ ကြုံကြိုက်ခဲ့ရင်တော့ ဝင်ကြေးငွေမပေးဘဲ ဝင်ကြည့်ခွင့်ရနိုင်မှာဖြစ်ပြီး ဝင်လိုသူတွေများပြားနိုင်သလို တန်းစီဝင်ရမယ့်အချိန် ပိုပြီးတော့ ပေးရမှာဖြစ်တယ်။ ပါရီမြို့မှာ ဘာလုပ်ချင်လုပ်ချင် အမြဲလိုလို တန်းစီနေတာကိုတွေ့မြင်ရမှာပါ၊ ရုံးတွေမှာတန်းစီ ဈေးဝယ်ရင်တန်းစီ ရုပ်ရှင် ရုံမှာတန်းစီ ဘူတာရုံမှာတန်းစီ အိမ်သာဝင်ရန်တန်းစီ။ ဒါကြောင့်လည်း ပြင်သစ်လူမျိုးတွေဟာ စိတ်ရှည်သည်းခံနိုင်လာကြတာ ဖြစ်ပါလိမ့် မယ်။ မသိချင်ယောင်ဆောင် ကျော်ခွနေရာဝင်လုတဲ့ ခေတ်သစ်ပြင်သစ်တွေလည်း ရှိတော့ရှိတာပေါ့ဗျာ၊

● အီဖယ် (Alexandre Gustave Eiffel)

အီဖယ်မျှော်စင်ကို တည်ဆောက်ခဲ့တဲ့ မွန်ဆီယာအီဖယ်ကို ၁၈၃၂ ခုနှစ်မှာ ပြင်သစ်ပြည် Dijon မြို့၌ မွေးဖွားခဲ့ပြီး အသက် ၉၁ နှစ်အရွယ် ၁၉၂၃ မှာ ကွယ်လွန်ခဲ့ပါတယ်။  ဂျာမန်လူမျိုး သူရဲ့မိဘနှစ်ပါးဟာ ပြင်သစ် ဂျာမဏီ ဘယ်လ်ဂျီယမ် နယ်စပ်မှာရှိတဲ့ EIFEL low mountain range ဒေသ မှာမွေးဖွားကြီးပြင်း နေထိုင်ခဲ့ကြသူများဖြစ်ကြပြီး ၁၈၀၀ ပြည့်နှစ် ကျော်ကျော်လောက်မှာမှ ပြင်သစ်နယ်မြေထဲကို ရွေ့ပြောင်း အခြေစိုက် နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့မျိုးရိုးနာမည်ကိုလည်း သူတို့မွေးရပ်ဒေသကိုအစွဲပြုပြီးတော့ EIFFEL လို့ခေါ်တွင်စေခဲ့ တာဖြစ်ပါတယ်။


 

ပြင်သစ်နယ်မြေထဲကို သူကောင်းဖြစ်ချင်လို့ တရွာပြောင်းလာတဲ့ အီဖယ်တောင်တန်းဒေသသား မိဘနှစ်ပါးကနေမွေးဖွားလာတဲ့ မောင်ရင် အီဖယ်ဟာ နာမည်ကျော်ကြား လူသိများလွန်းလှတဲ့မျှော်စင်ကြီးတခုကိုတည်ဆောက်ပြီး မျှော်စင်ကိုသူ့တို့ရဲ့မျိုးရိုးအမည်ပေးလိုက်တဲ့ နောက်မှာတော့ မူလတောင်တန်း အီဖယ်ကနေ လူအီဖယ်ဖြစ်ခဲ့ရာက နောက်ဆုံးမှာတော့ မျှော်စင်အီဖယ်အဖြစ် ကမ္ဘာ့လူသိအများဆုံး အကျော်ကြားဆုံးအမည်တခု ဖြစ်လာပါတော့တယ်။



အီဖယ်ဟာ Baccalauréats ခေါ် ပြင်သစ်အထက်တန်းအောင်တဲ့အခါ École Polytechnique ကျောင်းကိုတက်ဖို့ အဆင့်မမှီဟု သတ်မှတ် ခံရပြီး ဒုတိယအဆင့်သာရှိတဲ့ École Centrale des Arts et Manufactures ကျောင်းကိုသာ တက်ရောက်ပညာသင်ခွင့် ရခဲ့သူဖြစ်ပါတယ်။ သံမဏိ ဂုံးတံတားတွေ သံထည်အဆောက်အဦးတွေတည်ဆောက်တဲ့ မြို့ပြအင်ဂျင်နီယာပညာဟာ မွန်ဆီယာအီဖယ်ရဲ့ မူရင်းအလုပ်ပ ညာလို့ ပြောနိုင်ပါတယ်။ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့က မီးရထားဘူတာရုံကြီးရယ် ပြင်သစ်ပြည်တောင်ပိုင်း ဘော်ဒိုးမြို့က la passerelle Eiffel တံတားအပါအဝင် အခြားနိုင်ငံတော်တော်များများက (အထူးသဖြင့်တော့ တောင်အမေရိကတိုက်) တံတားကြီးများ အဆောက် အဦးကြီးများ အမျိုးစုံကိုလည်း ဦးဆောင်ပါဝင်တည်ဆောက်ခဲ့ပါတယ်။ သူ၏ အထင်ပေါ်အကျော်ကြားဆုံး လက်ရာများကတော့ ပြင်သစ် တောင်ပိုင်းက သံမဏိမီးရထားဂုံးတံတားဖြစ်တဲ့ Garabit viaduct တံတား (၁၈၈၅)၊ နယူးယောက်မြို့က Statue of Liberty (၁၈၈၆)၊ ပါရီမြို့က နာမည်ကျော်မျှော်စင် Eiffel Tower (၁၈၈၉)  တို့ဘဲဖြစ်ပါတယ်။




Le Viaduc de Garabit လို့အမည်တွင်တဲ့ ပြင်သစ်ပြည် တောင်ပိုင်းမှာတည်ရှိတဲ့ ဂါရာဘီ သံမဏိ သံဘောင် တလမ်းသွား မီးရထားတံတား ကြီးကို ပါရီကမျှော်စင်ကြီး မတည်ဆောက်မီ လေးနှစ်စောပြီး အီဖယ်ဦးစီးတည်ဆောက်ခဲ့တာပါ။ ဒီတံတားကြီးနဲ့ခေတ်ပြိုင် မောင်ရင်ငတေ တို့ရဲ့ ရွှေပြည်တော် နောင်ချိုမြို့နဲ့ကျောက်မဲမြို့အကြား မန္တလေး-လားရှိုး မီးရထားလမ်းပေါ်မှာတော့ နာမည်ကျော် ဂုတ်ထိပ်တံတားကြီး တည်ရှိပါတယ်။ အမေရိကန်ကုမ္မဏီက အင်္ဂလိပ်နယ်ချဲ့တွေအတွက် တည်ဆောက်ပေးခဲ့တဲ့ဂုတ်ထိပ်တံတားက လေးနှစ်ကျော် ဘဲနောက်ကျပြီး ၁၉၀၀ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။ အီဖယ်ရဲ့ ဂါရာဘီတံတားက ပေ ၄၀၀ မြင့်ပြီး ဂုတ်ထိပ်တံတားက ၃၃၅ ပေမြင့်ပါတယ်။ ၂၂၆၀ ပေ အရှည်ရှိတဲ့ ဂုတ်ထိပ်က ၁၈၅၄ ပေရှည်တဲ့ ဂါရာဘီတံတားထက် ပေ ၄၀၀ ကျော်ပိုရှည်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဂုတ်ထိပ်တံတားကြီးဟာ အီဖယ်ခေတ်ကပါ။ လွန်ခဲ့တဲ့ နှစ်တရာကျော်က မြန်မာပြည်မှာ အီဖယ်နဲ့ ခေတ်ပြိုင်ရှိခဲ့ပါတယ် နောက်မကျခဲ့ပါဘူး။ အခုများတော့လည်း ကျုပ်တို့ရွှေပြည်မှာ၊ မောင်ရင်ငတေ မပြောတော့ပါဘူးလေ။ အားလုံးဘဲသိကြကြောင်းပါခင်ဗျား၊

မွန်ဆီယာအီဖယ် ပါဝင်တည်ဆောက်ခဲ့တဲ့ တခြားသော ကမ္ဘာကျော်လက်ရာတခုကတော့ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်က လက်ဆောင်ပေးခဲ့တဲ့ ၁၅၁ ပေ အမြင့်ရှိသော La Statue de la Liberté လေဘာတီရုပ်ထုဘဲ ဖြစ်ပါတယ်။ လေဘာတီရဲ့ အတွင်းထဲက သံထည်ပိုင်းဆိုင်ရာတွေကို အီဖယ်ကတာဝန်ယူ တည်ဆောက်ခဲ့တာပါ၊


 

မူလပထမက အဲဒီလေဘာတီရှိရာ ကမ်းခြေကိုရောက်လာသူတွေ လေဘာတီကိုမြင်တွေ့ခွင့်ရသူတွေဟာ လွတ်လပ်ခြင်းတွေ အပြည့် အဝခံစားရမယ့်သင်္ကေတ ကမ္ဘာ့လူသားအားလုံးကို အမေရိကမြေမှ ကြိုဆိုပါတယ်ဆိုတဲ့ သင်္ကေတတွေကို ကိုယ်စားပြုထားခဲ့ပေမဲ့ ပြောင်း လဲလာတဲ့ခေတ်ကြီးမှာတော့ အမေရိကဟာ စိမ်းကားတဲ့အသွင်ဆောင်လို့ လာနေပါပြီ။ လေဘာတီ ရုပ်တုကြီးကတော့ နောက်ကျသားတွေကို သနားကြည့်တွေနဲ့ မင်းတို့ကွာ ဒီကိုလာတာ သိပ်နောက်ကျသကိုးလို့ ပြောနေသလိုလို ငါလည်းစိတ်ကုန်ပြီကွာ အိမ်ပြန်ချင်ပြီကွာလို့ ပြော နေသလိုလိုပါဘဲလို့  စာတပုဒ်မှာ မောင်ရင်ငတေဖတ်မိခဲ့ဖူးပါတယ်။ မောင်ရင်ငတေကိုင်ဆောင်ထားတဲ့ ပတ်စပိုစ့်မဟုတ်တဲ့ ခရီးသွားလာခွင့် စာအုပ်ကလေးကတော့ မင်းကွာ ပိုက်ဆံတွေအကုန်ခံပြီး သွားလာဖို့လုပ်မနေပါနဲ့။ ငါ့ရင်ဘတ်ပေါ်မှာ ဘာတံဆိပ်မှထုစရာမလိုဘဲနဲ့ မင်း သွားခွင့်ရထားတဲ့ နေရာတွေကို အရင်သွားပါကွာတဲ့။ သွားခွင့်ရထားတဲ့နေရာတွေ အများကြီးရှိနေတာဘဲတဲ့။ မင်းသွားလို့ရတာ မြန်မြန်သွား ထားကွတဲ့ ကြာရင် မင်းတို့သွားဖို့ တစတစပိုခက်လာဖို့ဘဲ ရှိပါသတဲ့ဗျာ။ မောင်ရင်ငတေလည်း ဘာကိုပြန်ပြောနိုင်မှာလည်းနော်။ ဟုတ်ကဲ့ ပါခင်ဗျာပေါ့၊ မောင်ရင်ငတေဆိုတဲ့ကောင်က နာမည်ကျော်ကြား လူသိများထင်ရှားသူမှ မဟုတ်တာဆိုတော့ အမေရိကန်ဗီဇာရဖို့ မလွယ် ကူပါဘူး။ ငွေကုန်မယ် စိတ်ရှုပ်မယ်။ ပြီးရင် ရီဂျက်ထိခံရမယ်။ ထိလည်းထိပြီးပါပြီ။ ကုန်တာလည်း ကုန်ခဲ့ပြီးပါပြီ။ သူတို့ကလည်း စလျှောက် မယ်ဆိုကထဲက မရပါက ငွေပြန်အမ်းမည်မဟုတ်ပါဆိုတဲ့ မဟာစည်းမျဉ်းစည်းကမ်းကြီးတွေနဲ့ ချည်ပြီးတုတ်ပြီး အပိုင်ရိုက် ငွေကိုယူထား တာပါ။ အရင်းရှင် စီးပွားရေးသမားတွေရဲ့ မဟာဗျူဟာမြောက်တဲ့ ဗီဇာစီးပွားရေးပေါ့ဗျာ။ ဒါတောင်မှ မောင်ရင်ငတေတို့လို သွားလည်ချင် တဲ့ကောင်တွေရော အခြေချနေထိုင်ချင်တဲ့ မြောက်များစွာသောသူတွေဟာ ငွေပေးဖို့တန်းစီနေတာ နေ့စဉ်နဲ့အမျှ ရှိနေဆဲပါဗျာ။ မယုံမရှိပါနဲ့ သံရုံး ဗီဇာဆက်ရှင်ကို သွားကြည့်နိုင်ပါတယ်။ တနှစ်တနှစ် အမေရိကန် အစိမ်းရောင်ကဒ် လျှောက်ဖို့ ပွဲစားတွေ ဧဂျင်စီတွေ ပုံစံမျိုးစုံနဲ့ သွေးဆောင်နေကြတာလည်း လူတကာသိပါတယ်ဗျာ။ ဟဲဟဲ မောင်ရင်ငတေလည်း ဘယ်နေမလဲ။ ခေတ်မီသူတိုင်း အစိမ်းရောင်ကဒ် လျှောက်ဖူးသည်ထဲမှာ ပါခဲ့ဖူးတာပေါ့ဗျာ။ ခုတော့ လာပါလာပါခေါ်ရင်တောင်မှ တော်ပါပြီ အမေရိကရယ်။ ဆူရှီ မလိပ်ပါရစေနဲ့တော့။ ဟော ဒီမှာဘဲ အေးချမ်းစွာ နေပါရစေ။

 

ဒီလို နယူးယောက်မြို့သူကြီး လုံးလုံးဖြစ်သွားတဲ့ မဒမ်လေဘာတီကို သွားမတွေ့နိုင်တော့ပေမဲ့လည်း ပါရီမြို့လယ်တလျှောက် ဖြတ်သန်းစီး ဆင်းသွာတဲ့ စိန်းမြစ်ရဲ့အလယ်ကျွန်းသူလေး မဒ်မွာဇယ်လေဘာတီကိုတော့ မောင်ရင်ငတေ သွားရောက်တွေ့ဆုံနိုင်ခွင့်ရခဲ့ပါတယ်။ ဒါနဲ့ဘဲ ကျေနပ်ပါတယ်လေ။ မနေတတ်ရင်လည်း မကျေနပ်စရာတွေသာ ပိုများလာလိမ့်မယ့် လောကမဟုတ်ပါလား။ 

အီဖယ်မျှော်စင် (La tour Eiffel သို့မဟုတ် La Dame de Fer)
 La Dame de Fer ခေါ် The Iron Lady ဆိုတာက အင်္ဂလိပ်လူမျိုး အမျိုးသမီး ဝန်ကြီးချုပ်ဟောင်း
မာဂရက်သက်ချာရဲ့ ရုပ်ရှင်ကား မဟုတ်ဘူးနော်၊ La Dame de Fer က ပါရီမြို့ရဲ့ သံမဏီလေဒီ အီဖယ်မျှော်စင်ကို တင်စားခေါ်ကြတာပါ၊ ဒီပြင်သစ်တွေဟာ မျှော်စင်ကိုသာ သံမဏီလေဒီလို့ အမည်တပ်ခေါ်ဝေါ်ကြပေမယ့်လည်း မျှော်စင်ကြီးရဲ့ ပထမထပ် ပတ်ပတ်လည်မှာ ဂုဏ်ပြုပြီးရေးထွင်းထားခဲ့တဲ့ ၁၈ ရာစုနှစ်ကာလ စောစောပိုင်းအတွင်းက ပေါ်ထွက်ထင်ရှားခဲ့ကြတဲ့ ၇၂ ယောက်သော ပြင်သစ်လူမျိုး အင် ဂျင်နီယာနဲ့ သိပ္ပံပညာရှင်များမှာတော့ အမျိုးကောင်းသမီးနာမည်တခုမှ မပါရှိပါဘူးတဲ့။ စာရင်းဝင်နိုင်တဲ့အမျိုးသမီး အနည်းဆုံး နှစ်ဦးတော့ ရှိပါသတဲ့။ အဲဒီနှစ်ဦးထဲက တဦးကတော့  Elasticity Theory ကို စဦးရှေ့ဆောင်တွေ့ရှိတီထွင်ခဲ့တဲ့ Marie-Sophie Germain (1776 - 1831) ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ အမျိုးသမီးတဦး ဖြစ်နေခဲ့လို့ အီဖယ်ရွေးချယ်ခဲ့တဲ့ ၇၂ ယောက်စာရင်းကနေ ဖယ်ရှားခံခဲ့ရခြင်းပါတယ်။ အဲဒီခေတ်က လူအချင်းချင်း ခွဲခြားမှုတခုပေါ့ဗျာ။


 

ပြင်သစ်နိုင်ငံလို့ ဆိုလိုက်တာနဲ့ မောင်ရင်ငတေတို့ ဗမာလူမျိုး အားလုံးဟာ ပဲရစ်မြို့နဲ့ အီဖယ်တာဝါကို ပြေးမြင်လိုက်ပြီးသားပါ။ အားလုံး သိလောက်အောင်လည်း အီဖယ်တာဝါဟာ ထူးခြားလှပါတယ်။ ထရိုကာဒီယို မေထ`&ိုဘူတာကအတက် ဘယ်ဘက်ခြမ်းကကွယ်နေတဲ့ အဆောက်ဦးကိုကျော်လိုက်တာနဲ့ ထရိုကာဒီယိုရင်ပြင်ပေါ်ကနေ အီဖယ်ကိုလှမ်းမြင်တွေ့လိုက်ရတဲ့အခါ လူတွေအားလုံးရဲ့ အာမေဍိတ် အသံ “ဟာ၊ ဟေးးးး ” ဆိုတာကို တညီတညွတ်တည်းလိုလို ကြားရမှာဖြစ်ပါတယ်။ လိုက်ပို့ခဲ့သမျှ ရောက်ဖူးခဲ့သမျှ တခြားနေရာတွေမှာတော့ အဲလိုမျိုး ကြားရခဲလှပါတယ်။ ကိုယ်ကိုတိုင်လည်း အဲဒီကိုရောက်ရင် လွတ်လပ်စိတ်တွေ ဖြစ်ပေါ်ခံစားရပါတယ်။ မျှော်စင်ရဲ့မြင်ကွင်းကို အပေါ်ဆီးက အတားဆီးမဲ့ တမျှော်တခေါ်မြင်တွေ့ ရခြင်းကြောင့် ဖြစ်မှာပါ။ ဒါကြောင့်လည်း မျှော်စင်တည်ဆောက်ပြီးကာမှ မူလကရှိခဲ့တဲ့ ဒီထရိုကာဒီရိုရင်ပြင် အဆောက်ဦးဟောင်းကိုဖျက်ပြီး  အသေအချာ ပြန်လည်တည်ဆောက်ခဲ့တာဖြစ်နိုင်ပါတယ်။ အရင် မောင်ရင်ငတေ ရောက်ခါစ အချိန်တွေကဆို အားအားရှိ ပျင်းပျင်းရှိ အချိန်တွေပိုနေသခိုက်ကာလတွေမှာတုံးကတော့ ဒီမျှော်စင်တဝိုက်ရယ် စိန်းမြစ်နဘေး တယောက်တည်းထိုင်လို့ လွမ်းချင်းဖွဲ့ နေခဲ့ရတာပေါ့။ ခုကာလလို ဂျီတော့ခ်တွေ ချတ်တင်တွေ ဖဘတွေ ဗိုက်ဗာတွေ တန်ဂိုတွေ အင်တာ နက်တွေခေတ်မှ မဟုတ်တာနော်။ ကိုယ်ပိုင်အမဲရောင် ခပ်ချာချာဟန်းဖုန်းလေးကလည်း ခေါ်သူမဲ့ဘဝနဲ့ တခါတခါ ဖုန်းမည်သံ ကြားလိုက် ရရင် ဝမ်းသာလို့ ထခုန်ခဲ့ရတဲ့ အချိန်လေးတွေပေါ့။

 

လှေခါးထစ်ပေါင်း ၁၆၆၅ ထစ်ရှိပြီး အထပ် ၈၀ တိုက်တစ်လုံးအမြင့်နဲ့ ညီမျှလောက်တဲ့ အမြင့်ပေ ၁၀၅၀ ရှိတဲ့ အီဖယ်တာဝါကို တည် ဆောက်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ဆောက်လုပ်စဉ်အခါက 1889 World Trade Fair Paris (l’Exposition universelle de 1889 Paris) အတွက်သာရည်ရွယ်ပြီးဆောက်လုပ်ခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ ကမ္ဘာအရပ်ရပ်ကို သွားဖူးချင် ရောက်ဖူးချင်ကြတဲ့သူတွေ အားလုံးအတွက်တော့ ပထမဆုံးရောက်ဖူးချင်ကြတဲ့ အဓိကကျတဲ့အဆောက်အဦး ဖြစ်လာခဲ့ပါတယ်။ စတင်ဖွင့် လှစ်ခဲ့တဲ့ ၁၈၈၉ ခုကနေ ဒီကနေ့အထိ မျှော်စင်ကြီးကို တက်ရောက်ခဲ့ဖူးသူ စုစုပေါင်း သန်း ၂၅၀ ကျော် ရှိခဲ့ပါပြီတဲ့။ ခုနှစ်ပိုင်းတွေမှာတော့ တနှစ်ပျမ်းမျှ လူပေါင်း ၇ သန်းတက်ရောက်ခဲ့တာမှာ ၇၅ ရာခိုင်နှုန်းက နိုင်ငံခြားသား ကမ္ဘာလှည့်တွေဖြစ်ကြကြောင်းပါ။ မောင်ရင်ငတေတို့ ကတော့ ဘယ်နှစ်ခေါက် ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် ကြုံကြိုက်ရင် ကြုံကြိုက်သလို အပေါ်ကိုရောက်အောင်တက်ဖြစ်ပါတယ်။ ဒါပေမဲ့ အပေါ်ကို တက်ရောက်ဖို့ရာ ပေးရမဲ့ငွေကြေးတန်ဖိုးက မနည်းတာကြောင့်  မျှော်စင်ခြေရင်းက မြက်ခင်းပြင်ပေါ်မှာထိုင်ပြီး ကြိုတင်ဝယ်လာတဲ့ (ဈေး ခပ်ပေါပေါ) ဘီယာဗူးဖွင့်သောက်ရင်း မျှော်စင်ကို မြက်ခင်းပြင်ကနေ မော့ကြည့်ရတဲ့အရသာကလည်း ဘီယာနဲ့လိုက်ဘက် ကောင်းမွန်လှ ကြောင်းပါ ခင်ဗျာ။ မောင်ရင်ငတေရဲ့ ဇိမ်ခံနည်းထဲက တနည်းပေါ့ဗျာ။

 

ဆောက်လုပ်ခဲ့တဲ့ မွန်စီယာအီဖယ်ကတော့ မျှော်စင်ကြီးဆောက်လုပ်ခဲ့တဲ့အတွက် ဘာတွေ ဘယ်လောက်များ အကျိုးအမြတ်ရခဲ့သလဲလို့ မသိနိုင်ပေမဲ့ အီဖယ်တာဝါရဲ့ မျှော်စင်ထိပ်ဖျားနားက အပေါ်ဆုံးထပ်အထပ်ကို နွေအားလပ်ရက်ရာသီတွေလို နေပူပူမှာ တစ်ယောက်တက် ရောက်ခ ၁၄ ယူရိုပေးပြီး အပေါ်တက်ရဖို့အတွက် မျှော်စင်ကြီးရဲ့လေးဖက်လေးတန် တန်းစီတိုးနေတဲ့သူများဟာ မောင်ရင်ငတေတို့ ငယ်ငယ်က ပြည်သူ့ဆိုင်တွေမှာ နို့ဆီသကြားထုပ်ဖို့ တန်းစီခဲ့ရသလိုဘဲလို့ ထင်ရောင်မြင်မိပါတယ်။ ပျမ်းမျှခြင်း တစ်ယောက်ကိုတဆယ်ယူရို၊ ဆယ်ယောက်တရာ၊ တထောင်ကိုတသောင်း၊ လူ ၇ သန်းကျော်တက်ရောက်ခဲ့တဲ့ ၂၀၁၁ မှာ သန်း ၇၀ ကျော် ဝင်ငွေရှိခဲ့ပါတယ်။ ဒီမျှော်စင်ကို ခုအချိန်မှာ တည်ဆောက်မယ်ဆိုရင် ဒေါ်လာသန်း ၄၈၀ သာ ကုန်ကျမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ သန်း ၁၀၀၀၊ ၂၀၀၀ အကုန်ခံမယ်ဆိုခဲ့ရင်လည်း ဒုတိယ တတိယ အီဖယ်အဖြစ်နဲ့ဘဲ မူလပထမဆိုတဲ့ တန်ဖိုးကိုတော့ မှီနိုင်မယ်မထင်ကြောင်းပါ၊ ရှေးဟောင်း တန်ဖိုး ပထမတန်ဖိုးတွေပါ။ မျှော်စင်အရောင်ကတော့ ခြောက်ကြိမ်တိုင်တိုင် ပြောင်းခဲ့တယ်ဆိုပေမဲ့ မူလလက်ဟောင်း သံမဏိအရောင်ကနေ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိခဲ့ဘဲ မူလအရောင် အညိုရောင်ကနေ သွေဖယ်မသွားဘဲ အရင်အတိုင်းနီးပါး ရှိနေဆဲပါ။ သို့သော်လည်းဘဲ ဒီကြားထဲ မျှော်စင်ကြီးတခုလုံးကို ဆေးအရောင်ပြောင်းလဲသုတ်ချင်သူတွေကလည်း သီးသန့် အုပ်စုတစုအဖြစ် ယခုတိုင်အောင် ရှိနေပါသေး သတဲ့။

Comments