Dr. Myint Oo (GP) - Articles

မငိုဘဲ ယိုစီးကျတဲ့မျက်ရည်
ဒေါက်တာမြင့်ဦး (ဂျီပီ)
ဒီဇင်ဘာ ၃၀၊ ၂၀၁၂


လူ့ဘ၀မှာ ကျမျက်ရည်ယိုစီးရတဲ့ဖြစ်စဉ်မျိုးတွေ ရှိနေတတ်ပါတယ်။ ပူဆွေးဝမ်းနည်းပြီး ငိုကျွေးတဲ့အခါမျိုးမှာ၊ ကြက်သွန်လှီးရင်းက ကြက် သွန် အငွေ့တွေ မွှန်ထွန်လာတဲ့အခါမျိုးမှာ၊ မျက်စိထဲကို ငြုပ်သီးဖတ်ဝင်ရောက်သွားတဲ့အခါမျိုးမှာနဲ့၊ သူများက ကိုယ့်ကိုကြည်စားလိုက်လို့ မျက်လုံးထဲကို လိမေ်္မ်ာခွံနဲ့ ညှစ်ထဲ့ခံလိုက်ရတဲ့အခါမျိုးမှာ၊ မျက်ရည်ကျလာတတ်ပါတယ်။ မျက်ရည်ကျပြီဆိုရင် မရှုနိုင်မကယ် နိုင်ဖြစ် လာပြီး မျက်စိနှစ်ဖက်ကို တစ်သွင်သွင်ပွတ်သပ်ရင်းက လုပ်ကိုင်နေဆဲအလုပ်တွေလည်း ခေတ္တခဏ ရပ်ဆိုင်းသွားရပါတော့တယ်။

● မျက်ရည်ယိုမှ လူစုကွဲသတဲ့လား

လူအုပ်စုကြီးတစ်ခုကို လူစုခွဲဖို့ ဘယ်လိုမှ ဖြောင်းဖျပြောဆိုလို့မရတဲ့အခါမျိုးမှာ လူအုပ်စုပြိုကွဲသွားအောင် ပြုလုပ်တဲ့နည်းလမ်းတွေထဲမှာ လူအုပ်ထဲကို မီးသတ်ပိုက်ရေနဲ့ထိုးပက်တာ၊ နံပါတ်တုတ်နဲ့ဝင်ရောက်ရိုက်နှက်တာ၊ မြင်းစီးပုလိပ်တွေနဲ့နှိမ်နင်းရတာ၊ ရာဘာကျည်ဆံနဲ့ပစ်ခတ်ဖြိုခွင်းရတာတွေအပြင် မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာတွေလည်းပါဝင်နေလေ့ရှိပါတယ်။ ၂၀၀၇ ခုနှစ်တုံးက သံဃာတော်တွေ မေတ်္တာပို့ဆန်္ဒပြနေတာကို မျက်ရည်ယိုဗုံးပစ်ခတ်ပြီး အုပ်စုပြိုကွဲသွားအောင် ဖြိုခွင်းခံရခဲ့ဖူးပါတယ်။

● မျက်ရည်ယိုဗုံးဆိုတာ
CS၊ ဒါမှမဟုတ် CN ဒါမှမဟုတ် CR လို့ အတိုကောက်သတ်မှတ်ထားတဲ့ ဓါတုအရည်တစ်မျိုးမျိုးထည့်သွင်းထားတဲ့ လက်ပစ်ဗုံးကို မျက် ရည်ယိုဗုံးလို့ ခေါ်ဆိုကြပါတယ်။ ဓါတုပစ္စည်းတွေထဲမှာ ကာဗွန်၊ အောက်စီဂျင်၊ ဘရိုမိုက်နဲ့ ကလိုရိုက်တွေပါဝင်နေတတ်ပါတယ်။ ဒီဓါတ် ငွေ့ရည်တွေဟာ မျက်စိထဲမှာရှိတဲ့ ကော်နီရာနာဗ်ကြောကို လှုံဆော်စေနိုင်တဲ့အတွက် ထိမိတဲ့သူကို မျက်ရည်ယိုကျလာစေနိုင်ပါတယ်။ CS ဓါတ်ငွေ့ဟာ တစ်ခြားဓါတ်ငွေ့တွေထက် ပိုမိုပြင်းထန်ပြီး တစ်ခဏအတွင်းမှာ အာနိသင်ပျောက်ကွယ်သွားတတ်တဲ့အတွက် မျက်ရည်ယို ဗုံးအများစုမှာ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ CS ဓါတ်ငွေ့ကို ၁၉၂၈ ခုနှစ်မှာ  Ben Corson  နဲ့ Roger Stoughton လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသားနှစ်ယောက်က ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် သူတို့နာမယ် အတိုကောက်အက္ခရာနှစ်လုံးကိုအစွဲပြုပြီး CS ဓါတ် ငွေ့လို့ခေါ် ဆိုတာဖြစ်ပါတယ်။ ဓါတုဗေဒသင်္ကေတနဲ့ C10H5CIN2 လို့သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ပြောင်းဖူးအဆီနဲ့ရောနှောထားတဲ့ ငြုပ် ကောင်းရည်ကိုလည်း မျက်ရည်ယိုဗုံးထဲမှာ ထည့်သွင်းတတ်ကြပါသေးတယ်။ မျက်ရည်ယိုဗုံးဟာ လူကိုအနာတရအနည်းဆုံး ဖြစ်ပွားစေပြီး မသေစေနိုင်တဲ့လက်နက်အမျိုးအစား (Non-lethal weapon) ထဲမှာပါဝင်ပါတယ်။ လူအုပ်စုထဲကို မျက်ရည်ယိုဗုံးပစ်ခတ်တဲ့အခါမှာ လက် ပစ်ဗုံးပစ်သလို လက်နဲ့လွှဲပြီးပစ်လို့ရသလို၊ ခပ်ဝေးဝေးရောက်ရှိသွားအောင် သေနတ်ထဲကို ကျည်ဆံအသွင်ထည့်ပြီး မောင်းခလုတ် နှိပ်ပစ် ခတ်ရတာတွေလည်းရှိပါတယ်။ မျက်ရည်ယိုဗုံးပစ်ခတ်တာဟာ သေနတ်သံလောက် အသံမကျယ်လောင်ပေမယ့်၊ ဗုံး(ကျည်ဆံ) ပေါက်ကွဲ သွားတဲ့အခါမှာတော့ သတ္တုဗူးထဲကနေ ဓါတ်ငွေ့တွေပန်းထွက်လာပြီး လူအများစုကို ထိမှန်နိုင်တဲ့အတွက် မငိုဘဲနဲ့မျက်ရည်တွေယိုစီးကျဆင်းလာစေပါတော့ တယ်။

● ဗုံးထိဒဏ်ရာများ
CS ဓါတ်ငွေ့မှုန်လေးတွေဟာ လူ့ရဲ့မျက်စိ၊ နှာခေါင်း၊ ပါးစပ်နဲ့ အဆုတ်ထဲကို ၀င်ရောက်သွားတဲ့အခါမှာ စက္ကန့်ပိုင်းအတွင်းမှာ မျက်ရည် တွေယိုကျလာပြီး၊ နှာရည်နဲ့သွားရည်တွေပါ ယိုဆင်းလာတဲ့အတွက်၊ နှာချေတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူမွန်းကြပ်တာတွေပါ ဖြစ်လာရ နိုင်ပါတယ်။ မျက်လုံးအိမ်ထဲကအောင့်လာပြီး မျက်ခွံတွေဖောင်းကားလာနိုင်ပါတယ်။ မျက်တောင် ခဏခဏခပ်နေရပါတယ်။ မျက်စိအမြင်ဝေ ၀ါးလာပြီး ခေတ္တမျက်စိကွယ် သွားနိုင်ပါသေးတယ်။ ဓါတ်ငွေ့မှုန်တွေ အရေပြားကိုထိမိရင် အရေပြားယားယံတာ၊ နီမြန်းတာနဲ့ စုပ်ပြဲကွဲစပ်တာတွေဖြစ်လာနိုင်ပါတယ်။ မျက်ရည်ယို ဗုံးဒဏ်ထိမှန်လို့ ပျို့အန်သူ၊ ၀မ်းသွားသူတွေလည်းရှိတတ်ပါတယ်။ သာမန်အားဖြင့် မျက်ရည်ယို ဗုံးထိမှန်ထားတဲ့ ဒဏ်ရာတွေဟာ နာရီဝက် တစ်နာရီအ တွင်းမှာပဲ သူ့အလိုလို ပျောက်ကင်းသွားလေ့ရှိပါတယ်။ တစ်နာရီထက် ပိုကြာအောင် ထပ်ခါတစ်လဲလဲ ထိမှန်နေတယ်ဆိုရင်တော့ မျက်စိကွယ်သွားရနိုင် သလို၊ နောက်ဆက်တွဲ မျက်စိရေတိမ်စွဲရောဂါနဲ့ အတွင်းတိမ်ရောဂါတွေ စွဲကပ် ကျန်ရစ်တာတွေလည်းရှိနိုင်ပါတယ်။ မျက်ရည်ယိုဗုံးထိမှန်ခဲ့တဲ့အတွက် နာတာရှည် ပန်းနာရင်ကြပ်ရောဂါစွဲကပ်သွားရတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ မျက်ရည်ယိဗုံးဟာ လူကိုမသေစေနိုင်တဲ့လက်နက်လို့ ဆိုထားပေမယ့် လည် ချောင်းနဲ့အဆုတ်ထဲကို ဓါတုအငွေ့အမှုန်တွေ ထိမှန်လောင်ကျွမ်းသွားပြီဆိုရင်တော့ အသက်ရှုရပ်ပြီး သေဆုံးသွားရနိုင်ပါတယ်။

● မျက်ရည်ယိုဗုံး ပစ်ခတ်နေရင်
မျက်ရည်ယိုဗုံးပစ်ခတ်နေတဲ့အချိန်မှာ ပစ်ခတ်ဖြိုခွင်းတဲ့နေရာကနေ အလျင်အမြန် လွတ်ကင်းအောင်ပြေးလွှားဖို့လိုအပ်ပါတယ်။ မျက်ရည် ယိုဗုံး ပေါက်ကွဲထားတဲ့နေရာမှာ တိမ်တိုက်တွေလို အဖြူရောင်ဓါတ်ငွေ့မှုန် မီးခိုးလုံးကြီးတွေ ရှိနေတတ်တဲ့အတွက် အဲ့ဒီနေရာတွေကို ရှောင်ရှားရမှာဖြစ်ပါ တယ်။ မတော်တဆ မီးခိုးလုံးထဲမှာရောက်ရှိနေတယ်ဆိုရင်တော့ မီးခိုးလုံး မထိမိအောင်၊ လက်ကိုင်ပုဝါကို ရေဆွတ်ပြီး မျက်နှာကို ကာကွယ်ထားလို့ ရ နိုင်ပါတယ်။ မျက်ကပ်မှန် တပ်ဆင်ထားတဲ့သူက မျက်ကပ်မှန်ကို အရင်ဆုံး ချွတ်ပစ်လိုက်ဖို့လိုအပ်ပါတယ်။ ဓါတ်ငွေ့တွေကိုမရှုမိအောင်ကိုယ့်ရဲ့ အင်္ကျီရင်ဘတ်ကိုဟပြီး ကိုယ့်ရင်ငွေ့ကို နှခေါင်းတေ့ပြီး ရှူရှိုက်နေလို့ရပါတယ်။ မီးခိုးလုံးမွှန်နေတဲ့ အခန်းထဲမှာ လှောင်ပိတ်မိ မနေရအောင် ပြေးလွှားရှောင် ရှားပြီး လေကောင်းလေသန့် ရှူရှိုက်လို့ရတဲ့နေရာကို အမြန်အရောက်သွားဖို့လည်းလိုအပ်ပါတယ်။ မီးခိုးငွေ့ မ၀င်သေးတဲ့ အလုံပိတ်အခန်းထဲမှာ ပုန်း အောင်းနေလို့ရပါတယ်။ အရေပြားကို ဓါတ်ငွေ့မှုန်တွေထိမိခဲ့ရင် အ၀တ်အစားကို အမြန်ချွတ်လိုက်ပြီး ထိမိတဲ့နေရာတစ်ဝိုက်ကို ဆပ်ပြာနဲ့ရေ ဆေးကြောပစ်ဖို့လိုပါတယ်။ (စွန်းထင်းထားတဲ့ အ၀တ်အစား တွေကို ပလပ်စတစ်အိပ်နဲ့ထုပ်ပိုးထားပြီး နောက်ပိုင်းမှ သီးခြားလျော်ဖွတ်ပစ်ရပါ့မယ်)။ မျက်စိ တွေပူစပ်ပူလောင်ဖြစ်ပြီး အမြင်ဝါးလာတယ် ဆိုရင်တော့ ရေသန့်သန့်နဲ့ ၁၅ မိနစ် လောက်ကြာအောင် ဆေးကြောနေဖို့လည်း လိုအပ်ပါတယ်။ ဓါတ်ငွေ့ထိမိတဲ့ မျက်မှန်နဲ့ လက် ၀တ်ရတနာတွေကိုချွတ်ထားပြီး ဆပ်ပြာနဲ့ ဆေးကြောပစ်ရပါမ့ယ်။

● ဒဏ်ရာ ကုသဖို့
အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဗဟိုဌာန (စီဒီစီ) ရဲ့ မျက်ရည်ယိုဗုံးသတိပြုစရာလမ်းညွှန်ချက်တွေကို ဖေါ်ပြပေးပါ့မယ်။ မျက် ရည်ယိုဗုံး ထိမှန်ထားတဲ့လူနာအများစုဟာ ဆေးရုံတက်ရောက်ကုသစရာမလိုဘဲ၊  ဓါတ်ငွေ့တိမ်မှုန်နေရာကနေ ရှောင်ခွါလိုက်တာနဲ့ ရရှိထားတဲ့ဒဏ်ရာ ဒဏ်ချက်တွေဟာ နာရီဝက်လောက်အတွင်းမှာဘဲ သူ့အလိုလိုသက်သာသွားနိုင်ပါတယ်တဲ့။ ရှေးဦးပြုစုနည်းကတော့ မျက်စိအစုံကို ရေများများနဲ့ ဆေးကြောပစ်ရတာပဲဖြစ်ပါတယ်။ မျက်စိယားယံနေတာတွေ သက်သာသွားတဲ့အထိ ရေဆေးကြောနေဖို့ လိုအပ်ပါတယ်။ အရေပြားမှာ ဓါတ်ငွေ့ထိထားတဲ့နေ ရာတွေကို ဆပ်ပြာနဲ့ ဆေးကြောပေးရပြီး၊ အသက်ရှုမွန်းကြပ်နေတဲ့ လူနာတွေကိုတော့ အောက်စီဂျင်ပေးပြီး ကုသဖို့လိုအပ်ပါတယ်။ ပါးစပ်ချင်းတေ့မှုတ် သွင်းရတဲ့ အကူအသက်ရှုနည်းကို မပြုလုပ်ရပါဘူး။ မောပန်းနေတဲ့လူနာကို ပန်းနာရင်ကြပ်ကုထုံးအတိုင်း ကုသပေးလိုက်မယ်ဆိုရင် သက်သာသွားလေ့ရှိပါတယ်။ အရေပြားလောင်ကျွမ်းဒဏ်ရာရရှိတဲ့ လူနာတွေ ကိုလည်း မီးလောင်ဒဏ်ရာကုသတဲ့နည်းအတိုင်း ဆေးပတ်္တီးစီးပေးပြီးကုသပေးလို့ရပါတယ်။ အရေပြားဒဏ်ရာတွေဟာ မျက်စိနဲ့ ပါးစပ်က ဒဏ်ရာတွေထက် အနာကျက်နှုန်းနှေးကွေးနိုင်ပါတယ်။ မျက်ရည်ယိုဗုံးဓါတ်ငွေ့ကို ဓါတ်ပြယ်နိုင်တဲ့ ဖြေဆေးမရှိသေးတဲ့အတွက်၊ အချင်းချင်း ကူညီယိုင်းပင်းပြုစုတာကသာ ဒဏ်ရာအမြန်ဆုံးသက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ လူအုပ်စုထဲမှာရှိနေခဲ့ရင် နှခေါင်းစီး လက်ကိုင်ပုဝါ တွေ ကို ဆောင်ထားသင့်ပါတယ်။

● မျက်ရည်ယိုဗုံးက မီးလောင်စေနိုင်သလား
မျက်ရည်ယိုဗုံးသုံးစွဲသူအတွက် ညွှန်ကြားချက် ၁၅၉ (Guide 159) မှာ မျက်ရည်ယိုဗုံးကထွက်ရှိတဲ့ ဓါတုဓါတ်ငွေ့တွေကြောင့် အရေပြား လောင်ကျွမ်းမှုကို ဖြစ်စေနိုင်ပေမယ့် အလွယ်တကူမီးမလောင်နိုင်ဘူး (none ignite readily) လို့ဖေါ်ပြထားတာကိုဖတ်ရှုရပါတယ်။ မျက်ရည်ယိုဗုံးထုတ်လုပ်တဲ့ ကုမ်္ပဏီ ကြီးတစ်ခုရဲ့ အဆိုအရ သူတို့ထုတ်လုပ်ပြီးတဲ့ မျက်ရည်ယိုဗုံး ၈၀၀၀ ကျော်ကို သုံးစွဲပြီးတဲ့မှတ်တမ်းတွေအရ တစ်ကြိမ်တစ်ခါမှ မီးလောင်တဲ့အဖြစ်မျိုး မရှိ ခဲ့ဖူးလို့လည်းဆိုထားပါတယ်။ မျက်ရည်ယိုဗုံးထဲမှာ မျက်ရည်ယိုစေတဲ့ CS ဓါတ်ငွေ့အပြင်၊ အခြားမီးလောင်စေနိုင်တဲ့ င်္ူောာဘေူန ဓါတုပစ်္စည်းတွေ ပါဝင်နေခဲ့ရင်တော့ မီးလောင်စေနိုင်ပါတယ်။ ၁၉၉၃ ခုနှစ်တုံးက အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်၊ ဝေကို (Waco) မြို့က ဂိုဏ်းတစ်ခုကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ လူ ၇၆ ယောက် မီးလောင်သေ ဆုံးခဲ့ရ တဲ့အဖြစ်ဟာ ပစ်ခတ်ခံရတဲ့နေရာမှာ  မီးလောင်စေတတ်တဲ့ လောင်စာပစ္စည်းတွေရှိနေတဲ့အတွက်ကြောင့်လို့ အစီရင်ခံစာက ဆိုထား ပါ တယ်။

● မျက်ရည်ယိုဗုံးနဲ့ နိုင်ငံတကာဥပဒေ
မျက်ရည်ယိုဗုံးဟာ မီးမလောင်စေနိုင်တဲ့အတွက် နိုင်ငံတကာဥပဒေမှာ အရပ်သားလူအုပ်စုကို ဖြိုခွဲဖို့အတွက် ခွင့်ပြုပေးထားပါတယ်။ စစ်မြေပြင်မှာ သုံးစွဲခွင့်မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အန်္တရာယ်ပြုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ အရပ်သားလူအုပ်စု (Combative Crowd) ကိုဖြိုခွင်းတဲ့အခါမျိုးမှာ မျက်ရည်ယိုဗုံး ဒါမှမဟုတ် ငြုပ်ကောင်းဗုံးနဲ့ ပစ်ခတ်ဖြိုခွဲပိုင်ခွင့်ရှိပါတယ်။

● မငိုဘဲနဲ့ မျက်ရည်မယိုရလေအောင်
လူအုပ်စုထဲမှာပါဝင်နေခဲ့ရင် အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်တွေကို ၀တ်ဆင်ထားဖို့သင့်ပါတယ်။ ရေသန့်ပုလင်းတွေကို ကိုယ်နဲ့တပါထဲယူ ဆောင်လာခဲ့ပါ။ မော်တော်ဆိုင်ကယ်ဦးထုပ်ကိုဆောင်းပြီး လူအုပ်ထဲမှာပါဝင်ဆင်နွှဲလို့ရနိုင်ပါတယ်။ သံပုရာရေညှစ်ထားတဲ့ အ၀တ်စုတ်တွေ ကို ပလပ် စတစ်အိပ်ထဲမှာ ထည့်ပြီးယူဆောင်လာခြင်းအားဖြင့် မျက်ရည်ယိုဗုံးပစ်ခတ်တဲ့အချိန်မှာ ပလပ်စတစ်အိပ်ထဲက သံပုရာအငွေ့တွေကို ရှုရှိုက်နေလို့ရနိုင်ပါတယ်။ အောက်မျက်ခွံအစပ်ကို သွားတိုက်ဆေးလိမ်းပေးထားလိုက်မယ်ရင် မျက်ရေယိုဓါတ်ငွေ့မထိအောင်တားဆီးပေး ထားနိုင်ပါတယ်။ မျက်ရည်ယိုဗုံးမ ပစ်ခင်ကထဲက ဘေးကင်းလွတ်ကင်းနိုင်မယ့်နေရာတွေကို ကြိုတင်ခန့်မှန်းကြည့်ရှုထားဖို့လိုအပ်ပါတယ်။ ခေတ်္တပုန်းကွယ်ခိုအောင်းနိုင်တဲ့ အနီးအနားကနေအိမ်တွေကိုလည်း ကြိုတင်ရှာဖွေပေးထားပါ။ လွတ်အောင်ပြေးတဲ့အခါမှာ လူအုပ်စုများ တဲ့ဖက်ကိုမပြေးပဲ လူအုပ်စုကွဲသွားတဲ့ဖက်ကိုသာ ဦးတည်ပြေးပါ။ လမ်းမကြီးတွေပေါ်ကို ပြေးတက်တာထက် လမ်းသွယ်တွေထဲကို ၀င်ပြေး ရှောင်ပုန်းတာက ပိုမိုစိတ်ချရနိုင်ပါတယ်။ လုံခြုံစိတ်ချတဲ့နေရာကို ရောက်ပြီဆိုမှ အနားယူပါ။

ဆန္ဒတွေဖေါ်ထုတ်ဖို့အခွင့်အရေးရလာတဲ့ အခုလိုအချိန်အခါမျိုးမှာ လူအုပ်စုအားကိုးပြီး အကြမ်းဖက်တာတွေကို မလုပ်မိအောင် အချင်း ချင်းထိန်း သိမ်းဖို့လိုအပ်သလို၊ လုံခြုံရေး အာဏာပိုင်တွေဖက်ကလည်း ညှိနှိုင်းသဘောတူ အဖြေရှာဖို့ ကျိုးပမ်းခြင်းအားဖြင့် မငိုဘဲကျရ မယ့်မျက်ရည်တွေကို ထိန်းသိမ်းထားနိုင်ပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်း ရှင်းနိုင်ကြပါစေ။

Comments