Kachin in SF Bay Community protest against war in Kachin



ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီက ကချင်ပြည်နယ်တွင်း ထိုးစစ်ရပ်ရေး ဆန္ဒထုတ်ဖော်
မိုးမခဓာတ်ပုံသတင်း၊ ကချင်ကွန်မြူနီတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၂
ယမန်နေ့က ဆန်ဖရန်ဘေးဧရိယာ ဥက္ကမြို့တွင် ကချင်တိုင်းရင်းသားမိသားစုများ စုဝေးကြပြီး ကချင်ပြည်နယ်တွင်း အစိုးရတပ်များက ထိုးစစ်များပြင်းထန်စွာ တိုက်ခိုက်နေမှုများကို ရပ်ရေး ဆုတောင်းပွဲနှင့် ဆန္ဒပြ ထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြသည်။ ကချင်အရေး စိတ်ဝင်စားသူ လူဦးရေ ၅၀ ခန့် တက်ရောက်ကြပြီး လက်ရှိ ပြည်တွင်းစစ်ဒဏ်ခံစားနေရသူ ကချင်ပြည်သူများအတွက် ဆုတောင်းခြင်း၊ ထိုးစစ်များ ရပ်စဲရေး ဆန္ဒထုတ်ဖော် လမ်းလျောက်ခြင်းနှင့် ကယ်လီဖိုးနီးယား အထက်နှင့် အောက်လွှတ်တော်အမတ်များထံ ကချင်ပြည်နယ်ငြိမ်းချမ်းရေး တောင်းဆိုသည့် လက်မှတ်များ စူဆောင်းသည့် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။
           
      ဒီဇင်ဘာလ အတွင်းတွင် ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်၏ စစ်ဆင်ရေးများ တိုးမြှင့်လာပြီး၊ စစ်တပ်က လက်နက်ကြီးများ သုံးစွဲခြင်း၊ လေယျာဉ် ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ခြင်း၊ ဓာတုလက်နက်များ သုံးစွဲခြင်း၊ လက်နက်မဲ့သည့် ဒေသခံ ပြည်သူများအပေါ်တွင် အလွန်အမင်း ပြင်းထန်သည့် တိုက်ခိုက်မှုများ ကျုးလွန်နေခြင်းကို ရပ်ဆိုင်းရန်၊ နိုင်ငံတကာဥပဒေများအရ ပြည်တွင်းစစ်အတွင်း တိုက်လေယျာဉ်များ သုံးစွဲသည်မှာ ဆီးရီးယားအစိုးရက ၎င်းပြည်သူများ၊ သူပုန်များအပေါ် ကျုးလွန်သည်ထက် အလွန်ဆိုးဝါးသည်ဟု ကချင်တိုင်းရင်းသားမိသားစုများက ထုတ်ဖော်ပြောကြားသည်။ စိုးရိမ်ပူပန်စွာဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။
 ဒီဇင်ဘာ ၂၉  တရက်တည်းတွင် စစ်တပ်၏ ထိုးစစ်မှာ အကြိမ်ပေါင်း ၂၅ ကြိမ်ထက် မနည်း ရှိသည့်အတွက် အလွန်ပြင်းထန် ရက်စက်သည့် အကြမ်းဖက်စစ်ပွဲဖြစ်သည်ဟု ကချင်အမျိုးသားတဦးက မိုးမခကို ပြောကြားသည်။
လာမည့် ဇန်န၀ါရီ ၁ ရက် နှစ်သစ်ကူးတွင်လည်း ရန်ကုန်မြို့တွင် မြန်မာပြည်ငြိမ်းချမ်းရေးလိုလားသူများက ကချင်ပြည်တွင်းစစ် ရပ်စဲရေး ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ကြမည်ဟု ကြားသိရသည်။
ဖိတ်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဇန်န၀ါရီလ ၁ရက် ၂၀၁၃ခုနှစ် ညနေ ၂နာရီမှ ၅နာရီထိ မဟာဗန္ဓုလပန်းခြံရှေ့မှာ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူပြည်သူများက နှစ်သစ်ကူးငြိမ်းချမ်းရေးဆုတောင်းပွဲ တခုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလိုလားသူများပါဝင်ဆုတောင်းနိုင်ပါတယ်။ယနေ့နေ့လည်က သက်ဆိုင်ရာမှခွင့်ပြုမိန့်ရရှိခဲ့ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊
 ကျောင်းသားလူငယ်များ၊ငြိမ်းချမ်းရေးလိုလားသူများ ပူးပေါင်းပါဝင်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။
(ဓာတ်ပုံများကို ကချင်တိုင်းရင်းသားအရေး လှုပ်ရှားသူများ ကျေးဇူးပြုပါသည်)

Comments