Naing Oo Nyo (Phoe Zero) - Poem

တဆယ့်သုံးနှစ် ကမ္ဘာသစ်
နိုင်ဦးညို (ဖိုးဇီးရိုး)
ဒီဇင်ဘာ ၃၀၊ ၂၀၁၂

 
မိကျောင်းမင်းများ
ရေခင်းပြချင်သည်
ခံစားကြည့်လိုက်
ငွေရတုလား
ငွေအတုလား
ဘာကိုများဘယ်လိုဖြစ်စေချင်၊

တချို့ကလည်း
ကဗျာတွေရေး ပုံတွေရေး၊
တချို့ကလည်း
ခရီးတွေသွား ပွဲတွေများ
တချို့ကလည်း
အကျယ်ဒါဏ်မှာ ကျိုးလို့ကြေမွ၊
တချို့ကလည်း
သွေးခြောက် သမိုင်းပျောက်၊

ဖားတွေလည်း
ခြေရာခွက်ထဲမှာပျော်ကြ၊
မြွေဆရာများလည်း
ခြေတွေပြင်ကြမြင်ကြ၊
ငှက်အပေါင်းလည်း
အတောင်ကျိုးသူကျိုး
အတောင်ကျွတ်သူကျွတ်
အတောင်ညောင်းသူညောင်း
အတောင်ရောင်းသူရောင်းကြ၊
ပွဲကစားသူများလည်း
ဈေးအရောင်းမြှင့်တင်ပွဲ
အမည်အဖတ်ဆယ်ပွဲ
ဂဠုန်ဆားချက်ပွဲ
လေလံတင်ပွဲ
ရန်ပုံငွေပွဲ
ခြေလှမ်းသွက်သွက်နွဲကြဆွဲကြ၊

ရိုးလ်မော်ဒယ်တွေရယ်
ဂျာနယ်ကျော်တွေရယ်
ကာနယ်လ်ကြီးတွေရယ်
ဈေးရောင်းကောင်းဖို့ရယ်
မင်းသားနေရာရဖို့ရယ်
သိန်း ၅၅၀ ဂစ်တာရယ်
သိန်း ၄၁၅ ဆွယ်တာရယ်
သိန်း ၇၀၀ ချက်လက်မှတ်ရယ်
ကမ္ဘာမကြေဘူးသူများရယ်
အစာမကြေနေသူများရယ်
စိန်စီသောမဲဆောက်ညရယ်
အိမ်အလည်သွားသူများရယ်
ကမ္ဘာပတ်ချင်သူများရယ်
တန်းစီတိုးစားများရယ်
ကျော်ခွချင်သူများရယ်
ဖျာဝင်ခင်းသူများရယ်
သမိုင်းပျောက်သူများရယ်
သမိုင်းဝင်ချင်သူများရယ်
ဖွချင်ပွချင်သူများရယ်
ဘိုင်ကျဘုပြောနေသူများရယ်
ပွင့်ပွင့်လင်းလင်းသမားများရယ်
မီးလောင်သွားတဲ့မီးခိုးဗုံးများရယ်
တရုတ်ကြီးကြောက်ရသူများရယ်
မြစ်ဆုံကိုအချစ်ကုန်သူများရယ်
ဖယောင်းတိုင်ချစ်သူများရယ်
လမ်းတခြမ်းခင်းခဲ့သူများရယ်
ပိုတာတွေရောင်းစားသူများရယ်
ဂျိုကာအတက်မျှော်နေသူများရယ်
တိုးတိုးကြိတ်ကြိတ်ငြိမ်းချမ်းရေးရယ်
ကန့်လန့်ကာနောက်ကကြိုးများရယ်
ငို၍ရီ၍မရသောမျက်နှာများရယ်
မျက်ရည်နဲ့မျက်ခွက်များရယ်
ဖောင်စီးရင်းရေငတ်နေသူများရယ်
အပြန်လမ်းစရိတ်မရှိသောသူများရယ် ……..

တဆယ့်နှစ်အကုန် ကမ္ဘာအပျက်
လုံးဝဥဿုံ ပါခဲ့ကုန်ပြီ
ကြိုဆိုပါတယ် တဆယ့်သုံးရယ် ။   ။

Comments