Kyaw Thu - FFSS Yangon Activity,

‘သုခ’ အကျိုး ရွက်သယ်ပိုး
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃


‘သုခ’ ဟူသည် ချမ်းသာခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်မျိုးစေ့ချ ထူထောင်ခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး ဘဘ ဦးသုခ ပင်ဖြစ်သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ နာယကကြီး ဘဘ ဦးသုခ ရှိစဉ်အခါက ‘သုခ’ အမည်ဖြင့် ‘သုခ’ စာစောင်ထုတ်ဝေရန် အကြံပြုဆွေးနွေးခဲ့သည်။ ထိုအကြံပြုချက်အား ဘဘ ဦးသုခမှ သူရှိနေစဉ်အချိန်တွင် သူ၏ အမည်နာမအား အသုံး မပြုရန်မှာကြားခဲ့ပြီး ဘဘ မရှိတော့သည့်နောက်ပိုင်းမှသာ ‘သုခ’ ဟူသော အမည်နာမအား အသုံးပြုရန် ပြောကြား ခဲ့သည်။ ထို့ကြောင့် ဘဘ မရှိတော့သည် ၂ဝဝ၅ ခုနှစ်နောက်ပိုင်းတွင် ဘဘ ဦးသုခ၏ ဂုဏ်ကျေးဇူးကို အမှတ်ရစေ ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကုသိုလ်ဖြစ်ဆေးခန်း၊ အာဟာရ၊ စာကြည့်တိုက်၊ ပညာရေး တို့အား ‘သုခ’ ကုသိုလ်ဖြစ်ဆေးခန်း၊ ‘သုခ’ အလင်း စာကြည့်တိုက် (ပညာရေး)၊ ‘သုခ’ အာဟာရ အမည်ဖြင့် ဂုဏ်ပြု ဖွင့်လှစ် ခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ နှစ်ဦးပိုင်းတွင် ‘သုခ’ အမည်နာမဖြင့် ထပ်မံတိုးချဲ့၍ ခန်းမ ဆောင်သစ်ကြီးအား ဖွင့်လှစ်ခဲ့ပါသည်။


 

သုခခန်းမဆောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပရဝဏ်အတွင်းတွင်တည်ရှိပြီး ယင်း ခန်းမ ဆောင်အား (အခမဲ့) ငှားရမ်းပေးမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ၊ စာပေဟောပြောပွဲ၊ အစည်းအဝေးပွဲ၊ Forum များ အစရှိသည့် လူမှုနယ်ပယ် အသီးသီးရှိ အများပြည်သူလူထုတို့၏ အကျိုးပြု (နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး အစရှိသည့် ကဏ္ဍာများအားရှေးရှု၍ ထမ်းဆောင်ထမ်းရွက် လုပ်ကိုင်နေကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်း၊ အသင်းအဖွဲ့များတို့မှ အခမ်းအနားပွဲများ ကျင်းပနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ‘သုခ’ ခန်းမဆောင်ကြီး၌ အဆင်ပြေချောမွေ့စွာ အများပြည်သူလူထုအကျိုးအတွက် အသုံးပြုနိုင်ရန် (အခမဲ့) ငှားရမ်းပေး သွားမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်တွင်တည်ရှိပြီး ယင်း ‘သုခ’ ခန်းမဆောင်အား ပထမဦးဆုံးအနေဖြင့် မြန်မာနိုင်ငံအလုပ်သမား ဗဟိုပြုရေးရာ အလုပ်ရုံဆွေးနွေးပွဲအနေဖြင့် “မြန်မာနိုင်ငံအလုပ်သမားရေး ဆောင်ရွက်သူများကွန်ယက်”မှ စတင်ငှားရမ်း အသုံးပြု ခဲ့ပြီး ဖြစ်ပါသည်။

‘သုခ’ ခန်းမဆောင်အား ငှားရမ်းအသုံးပြုသူများသည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ခန်းမဆောင်နှင့် ပတ်သက်၍ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းချက်များအား လိုက်နာစောင့်ထိန်းပြီး သဘောတူလက်မှတ်ရေး ထိုးရမည်ဖြစ်သည်။ စည်းကမ်းချက်များအနေဖြင့် -

(က) အများပြည်သူအားအကျိုးပြုသော နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လုပ်ငန်းရပ်များ အတွက်သာ အသုံးပြုရမည်။ (တစ်ဦးတစ်ယောက် အကျိုးဖြစ်ထွန်းမှုအတွက် စီးပွားရေးအသွင်ဆောင်သော ဟောပြောပွဲများမဖြစ်စေရန်)

(ဂ) ‘သုခ’ ခန်းမအား အသုံးပြုသူများသည် အခကြေးငွေ တစ်စုံတစ်ရာ ပေးဆောင်ရခြင်း လုံးဝမရှိသည်ကို သိရှိ ပြီး၊ ‘သုခ’ ခန်းမအတွင်းရှိ အခမ်းအနားသုံးပစ္စည်းများအား ရိုသေစွာကိုင်တွယ်ရန်။

(ဃ) ‘သုခ’ ခန်းမအားအသုံးပြုပြီးပါက အသုံးမပြုခင် အခြေအနေအတိုင်း တာဝန်ရှိသူထံတွင် သန့်ရှင်းသပ်ရပ်စွာ ပြန်လည်အပ်နှံရန်၊

(င) ‘သုခ’ ခန်းမအသုံးပြုစဉ် ခန်းမအတွင်းရှိ ပစ္စည်းများပျက်စီးခဲ့လျှင် ပစ္စည်း၏ကာလတန်ကြေးနှင့် ညီမျှသော တန်ဖိုးအတိုင်း ပေးလျှော်ရပါမည်။

(စ) မိမိကျင်းပပြုလုပ်မည့် အခမ်းအနားအစီအစဉ်အား အခမ်းအနားမကျင်းပမှီ (၂) ရက်ကြိုတင်၍ အုပ်ချုပ်ရေး မှူး (သို့) ပြန်ကြားရေးဋ္ဌာနသို့ အကြောင်းကြားရန်။

(ဆ) ‘သုခ’ ခန်းမအား နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိသာ သုံးစွဲခွင့်ပြုပါသည်။

အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများအား သဘောတူလိုက်နာ စောင့်ထိန်းပါမည်ဟု ကတိပြုလက်မှတ် ရေးထိုးပါသည်။

 

 
၂ဝ၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆ ~ ၁၇) ရက်နေ့ နှစ်ရက်တိုင်တိုင် နံနက် (၈း၃ဝ) နာရီမှ ညနေ (၅းဝဝ) နာရီ အချိန်အထိ အခကြေးငွေတစ်စုံတစ်ရာမယူဘဲ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ‘သုခ’ ခန်းမဆောင်အား “မြန်မာ နိုင်ငံအလုပ်သမားရေး ဆောင်ရွက်သူများကွန်ယက်” အဖွဲ့အား (အခမဲ့) ငှားရမ်းခဲ့သည်။ ယင်းအခမ်းအနား၌ အလုပ် သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများအား တရားမျှတစွာ ဖြေရှင်းပေးရေးဦးတည်ချက်ဖြင့် ပထမဦးဆုံးအကြိမ် အဖြစ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ မှတ်ပုံတင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ် (၁) ဦးစီတက်ရောက်၍ စာတမ်းဖတ် အကြံပြုဆွေးနွေးခြင်း၊ (ILO) မှ Mr. Ross Wilson မှ အလုပ် သမားများနှင့် ပတ်သက်သည့် ကိစ္စရပ်များပြောကြားခြင်း၊ အုပ်စုဖွဲ့၍ ဆွေးနွေးခြင်း/သုံးသပ်ခြင်းတို့အား ပြုလုပ်ခဲ့ကြ သည်။ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီး ဦးတင်ဦး၊ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ သဘာပတိအဖြစ် ဦးဌေး တို့မှ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံအလုပ်သမားရေးရာ ကွန်ယက်၏ ဖိတ်ကြားမှုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီး ကွက်မှ အလုပ်သမားအရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားပေးခဲ့ပါသည်။


အလုပ်သမားရေး ဆောင်ရွက်သူများကွန်ယက်သည် အလုပ်သမားထုအကျိုးရှေးရှု၍ တစ်နိုင်ငံလုံးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကြခြင်းဖြစ်သည်။ ယင်းအဖွဲ့အစည်းအား အလုပ်သမားအရေး ဆောင်ရွက်သူများအဖွဲ့၊ မြန်မာအလုပ်သမားကွန်ယက်၊ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ LRDP၊ သင်္ဘောသားများ အဖွဲ့ MMF၊ စက်မှုဇုံအလုပ်သမားများသမဂ္ဂ MITU၊ ပို့ကုန်သွင်းကုန်စစ်ဆေးရေး အလုပ်သမားသမဂ္ဂ၊ လယ်ယာ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ AFFM၊ အလုပ်သမားများအတွက် ဥပဒေအဖွဲ့ LLC၊ အလုပ်သမားမားသမဂ္ဂများ ပူးပေါင်းရေးကော်မတီ CCTU  တို့ဖြင့်ဖွဲ့စည်းထားပြီး ဒေါ်မာမာဦးနှင့်အဖွဲ့၊ နန္ဒစစ်အောင်နှင့်အဖွဲ့၊ ဦးဇွဲရန်နိုင်နှင့်အဖွဲ့၊ ဖန်တီးအိမ်အမျိုးသမီးအဖွဲ့ အစရှိသည့် အလုပ်သမားအရေး အဖွဲ့အစည်းအသီးသီးတို့မှ အခမ်းအနားအား နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ လျှောက်ထားပြီး ဝိုင်းဝန်းကူညီခဲ့ကြသည်။  အခမ်းအနားသို့ လူဦးရေပရိသတ် (၁၅ဝ) ဦး တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်းခေါင်းဆောင်များ၊ စက်ရုံ/အလုပ်ရုံမှ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ် များအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလုပ်ရုံဆွေးနွေးခြင်း (၂) ရက်တာအတွင်း လူဦးရေ (၁၅ဝ) ဦးတို့အား နေ့လည်စာ ထမင်းကျွေးမွေးခြင်း၊ ကော်ဖီနှင့်မုန့်များ ကျွေးမွေးခြင်းတို့အပြင် အဝေးမှလာရောက်သူများအတွက် (၂) ရက်တာ တည်းခိုခွင့်အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝန်ထမ်းဆောင်များတွင် နေထိုင်ခွင့်ပေးခဲ့သည်။

ထိုသို့ ‘သုခ’ ခန်းမဆောင်အား အများအကျိုးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး - ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့်တကွ အသင်းသူ/သား များ၊ ဝန်ထမ်းများတို့မှ အများပြည်သူလူထုအတွက် သုခချမ်းသာရရှိစေရန် ရည်ရွယ်ချက်ဖြင့် စတင်ပေးဆပ်အသုံးပြု ခွင့်ပြုခဲ့ကာ လူမှုရေးလုပ်ငန်းများတိုးချဲ့၍ ဆထက်တစ်ဖိုး တိုး၍တိုး၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလှူရှင် များနှင့်တကွ အများပြည်သူတို့အား အသိပေးပြောကြားအပ်ပါသည်။

Comments