Salai Kee Lae Aune


ဦးထန်းငိုင်းအွမ်၏ အင်ထာဗျူးအား ပြန်လည်ရှင်းလင်းခြင်း
ဆလိုင်းကီးလဲအောမ်း
ဧပြီ ၃၀၊ ၂၀၁၃



ဧရာဝတီစာစောင်တွင် မြတ်စုမွန် ၂၀၁၃ ဧပြီ (၂၂) ရေးသားသည့် ချင်းတိုင်းရင်းသားစာပေ ပြန်လည်သင်ကြား ခွင့် ရတော့မည် ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတပုဒ်ကို ဖတ်ရသည်။

လာမည့် ပညာသင်နှစ်မှ စတင်ကာ ချင်းပြည်နယ် အတွင်းရှိ အစိုးရကျောင်းများတွင် ချင်းတိုင်းရင်းသား စာပေကို ပြည်နယ်အစိုးရ အထောက်အပံ့ဖြင့် တရားဝင် သင်ကြားနိုင်ရန် ကြိုတင်ပြင်ဆင် နေပြီဖြစ်ကြောင်း ချိုးချင်း စာပေ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ထံမှ သတင်းရရှိသည်- ဆိုသည့် သတင်းကတော့ မှန်ပါလိမ့် မည်။ ချင်းပြည်နယ်သည် အစိုးရကိုသာ မှီခိုအားကိုးနေရပြီး ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ မိမိစာပေလုပ်ငန်းကို မိမိတို့ကိုယ်တိုင်လုပ်ဆောင်ကြရန် မနိုးကြားနိုင်ခဲ့ချေ။ စီးပွါးရေးအခြေအနေကြောင့် ဖြစ်သည်။ နောက်ဆုံး ပေါ်ပေါက်လာသည့် ချင်းပြည်နယ်အစိုးရတွင် ထောက်ပံ့ရေးအစီအစဉ် ရှိကောင်း ရှိနိုင်ပါသည်။ အကူအညီဆိုသည်ကတော့ မလိုဘဲ မရှိပါ။ ကူညီပါက ကူညီသောသူ မည်သူ့ကိုမဆို ကျေးဇူးတင်ရှိရန်သာ ဖြစ်သည်။ အမှန်ဆိုလျှင် မည်သည့်အစိုးရတက်တက် မိမိတို့ စာပေ၊ သမိုင်း၊ ယဉ်ကျေးမှုအရေးကို လုပ်ဆောင်ရန် တာဝန်ရှိသူမှာ မိမိတို့ကိုယ်တိုင် ဖြစ်သည်။ ချိုးချင်းဒေသတွင် ချိုးအရေးကို တာဝန်ယူလုပ်ဆောင်မည့် ချိုးတိုင်းရင်းသားအစည်းအရုံး ရှိပါသည်။ စနစ်တကျ တဆင့်ပြီးတဆင့် လုပ်ငန်းလုပ်ဆောင်မည် ဖြစ်သည်။

ချင်းပြည်နယ် ၉ မြို့နယ်ရှိ နယ်မြေဒေသအလိုက် ချင်းစကား အမျိုးအစား ကွဲပြားချက် အပေါ် မူတည်ကာ ချိုးစာပေ၊ ဟားခါးစာပေ၊ ဖလမ်း စာပေ၊ တီးတိန်စာပေနှင့် ခူမီစာပေဟူ၍ ၅ မျိုးခွဲ၍ သင်ကြားသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်ခရိုင်မှ ချိုးချင်း စာပေ ကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဘုန်းတော်ကြီး ထန်းငိုင်းအွမ်က ပြောသည် - အမှန်ဆိုလျှင် စာပေတီထွင်ခဲ့သူများကြောင့် ဟားခါးစာ၊ ဖလမ်းစာ စသဖြင့် ကွဲပြားသွားခြင်း ဖြစ်သည်။ ယခု ချိုးတိုင်းရင်းသားအစည်းအရုံးက ပြန်လည်သုံးသပ်သည်မှာ မည်သူမဆို မိမိဘာသာစကားအသံထွက်အမှန်အတိုင်းရေးသားနိုင်၍ မည်သူရေးသားထားသော စာသားကိုမဆို အသံထွက်အမှန်အတိုင်း ဖတ်နိုင်ရန် အက္ခရာစာလုံးသတ်မှတ်ရေးကို ဦးစွာလုပ်ဆောင်ရန် ဖြစ်သည်။ ချိုး၊ ခူမီး၊ လိုင်မီး၊ ဇိုမီး၊ အရှို၊ နာဂ ဟူ၍ ချင်း(၆)မျိုးရှိသည့်အနက် အားလုံးကို မတတ်နိုင်သည်ထား၊ အတတ်နိုင်ဆုံး ချိုးတိုင်းရင်းသားတွင် ချိုးစာပေတခုတည်း ရှိစေရန် ရည်မှန်းပါသည်။ ယင်းတွင် ဘာသာစကားတခုတည်းကို သုံးစွဲရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မည်သည့်ဘာသာစကားကိုမျှ မပျောက်မပျက်စေရန် ရည်ရွယ်ပါသည်။ ချိုးချင်းတိုင်းရင်းသားဆိုသည်မှာ ချင်းပြည်နယ်၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွင်သာ ရှိသည်မဟုတ်။ မတူပီမြို့နယ်တွင်လည်း မရာနှင့် ဇိုးတုန်သည် လိုင်မီးအစုဖြစ်၍ ကျန်သောအစုသည် ချိုးအစု ဖြစ်ပါသည်။ အလားတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်များတွင်လည်း ချိုးတိုင်းရင်းသားများ နေထိုင်ကြပါသည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် ချိုးစာပေကိုလည်းကောင်း၊ ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ် များတွင် ဟားခါးစာပေကို လည်းကောင်း၊ ဖလမ်းမြို့နယ်တွင် ဖလမ်းစာပေကို လည်းကောင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် တီးတိန်စာပေကို လည်းကောင်း၊ ပလက်ဝ မြို့နယ်တွင် ခူမီး စာပေကိုလည်းကောင်း အသီးသီး သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်- ဤသို့ သတ်မှတ်၍ မရနိုင်ပါ။ စကားကိုလိုက်၍ မြို့နယ်ခွဲခြင်းမဟုတ်။ ဥပမာ- မတူပီမြို့နယ်ကိုကြည့်ပါ။ အုပ်စုကြီး သုံးစု တွေ့မည်။ တစုက မရာအုပ်စု။ ယင်းသည် လိုင်မီးအစုကြီးထဲမှ အစုခွဲတခုဖြစ်သည်။ မရာဘာသာစကား သီးခြားရှိသည်။ နောက် အစုတခုက ယိုးတုန်အစု၊ ဇိုးတုန်ဟု ရေးလေ့ရှိသည်။ ယင်းသည်လည်း လိုင်မီးအစုကြီးတွင် ပါဝင်သော အစုခွဲဖြစ်သည်။ ဇိုးတုန်ဘာသာစကား သီးခြားရှိသည်။ ယင်းအစုနှစ်ခုက ဟားခါးစာ၊ စကားသင်ရန် သဘောတူကောင်း တူပါလိမ့်မည်။ အတင်းအဓမ္မ လိုက်နာခိုင်း၍မူ ရမည်မဟုတ်။ နောက်တစုကို ပြန်ကြည့်။ ယင်းအစုတွင် ဒိုင်စကားနှင့် ဘတူစကားဟူ၍ အုပ်စု နှစ်ခု တွေ့ရမည်။ ၄င်းတို့ကို ဟားခါးစာ၊ စကား အဓမ္မသင်ခိုင်းရန် အခက်အခဲ ရှိနိုင်ပါသည်။ မြို့နယ်နှင့်ခွဲမည်ဆိုလျှင် ဤနည်းနှင်နှင် အခက်အခဲ လွတ်မည်မဟုတ်။

သူက “လွတ်လပ်ရေး မရခင်က ချင်းပြည်နယ် တနယ်လုံးမှာ ချင်းစာပေ သင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တိတ်တိတ်လေး ခိုးသင် ခဲ့ရတယ်။ ကိုယ့်ဘာသာစကားကို ကိုယ်မသင်ရဘူးဆိုတော့ လူမျိုးစုတွေအပေါ်မှာ ဗမာတွေက ဖိနှိပ်တယ်လို့ ထင်ခဲ့တယ်။ အခု သင်ရတော့မယ်ဆိုတော့ ဖိနှိပ်မှု အောက်ကနေ လွတ်မြောက် တော့မယ်လို့ ထင်မိတယ်။ လူတွေကလည်း ၀မ်းသာကြတယ်” ဟု ဧရာဝတီသို့ ပြောသည် - လွတ်လပ်ရေး မရခင်က ချင်းပြည်နယ်တနယ်လုံး ချင်းစာသင်ခဲ့တယ် ပြော၍မရပါ။ အင်္ဂလိပ်က သူ့အုပ်ချုပ်ရေး၊ သူ့ခရစ်ယန်မိရှင်အရေးကြောင့် သူ ကမကထ လုပ်ဆောင်ပေးသည်ကို လက်ခံသည့်နေရာများတွင် ၄င်းတီထွင်ပေးသော စာကို သင်ကြခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ကိုတော်လှန်သည့်နေရာကမူ အင်္ဂလိပ်သင်ခိုင်း သော ချင်းစာကို မသင်ပါ။ လွတ်လပ်ရေးရလာသောအခါ အားလုံးအတွက် မြန်မာစာရှိနေသည်ဆိုသည့် အမြင်ဖြင့် အစိုးရက မည်သည့်တိုင်းရင်းသားအတွက်မျှ အကုန်အကျ ခံမပေးခဲ့ချေ။ မသင်ရဘူးဟူ၍ကား ပိတ်ပင်ခဲ့ခြင်းမရှိပါ။ ကျောင်းသင်ခန်းစာ၌ ထည့်မပေးခြင်းသာ ရှိပါသည်။ ခိုးသင်ရသည်ဆိုသည်မှာ လွန်ကဲနေပါသည်။ ခိုးသင်စရာ မလိုဘူးခဲ့ပါ။ သင်၍ ရပါသည်။ မိမိဖါသာ မတတ်နိုင်ခြင်းသာ ရှိပါသည်။ ခရစ်ယန်ဘာသာများတွင် ကျမ်းစာနှင့် သီချင်းအတွက် မရှိမဖြစ်ဘူးဆိုကာ မိမိတို့အစီအစဉ်ကိုယ်စီဖြင့် သင်ပေးကြရခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်သည်။

ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့၏ ဆွေးနွေးမှုများ နောက်ပိုင်း ယခုကဲ့သို့ ချင်းပြည်နယ်အတွင်း ချင်းစာပေ သင်ကြား ခွင့် ရရှိလာခြင်းဖြစ်သည်- ဤအဆိုက မမှန်ပါ။ နဂိုမူလကတည်းက သင်ကြားခွင့် ရှိပါသည်။ ဤစာရေးသူနှင့် အင်ထာဗျူးသူများသည် CNFအဖွဲ့ကို propaganda လုပ်ပေးကြခြင်းသာ ဖြစ်ပါသည်။ တခုတော့ရှိပါသည်။ ယခုအချိန်တွင် CNF က ဆက်ကြေးမကောက်တော့ပါဟု ယူဆရသည်။ ၄င်းငွေကြေးဖြင့် မိမိတို့စာပေအလုပ်ကို လုပ်နိုင်ကြလိမ့်မည် ၀မ်းသာကြခြင်း ဖြစ်ပါလိမ့်မည်။

သို့သော် စာသင်မည့် အချိန်စာရင်းထဲတွင် ထည့်သွင်းသင်ကြားခွင့်ရရှိခြင်း မဟုတ်သေးဘဲ အချိန်ပို အနေဖြင့် သာ သင်ကြားခွင့် ရရှိခြင်း ဖြစ်သည် - အချိန်ပိုအနေဖြင့် သင်ကြားရမည့်အပြင် Compulsory subject မဖြစ်နိုင်ပါ။ Optional subject သာ ဖြစ်ရပါလိမ့်မည်။ မည်သည့်နိုင်ငံ၊ မည်သည့်ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တွင်မဆို ဤအတိုင်း ဖြစ်ပါသည်။ သင်ယူလိုသူက ဤစာပေကို သင်ယူခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးကို ကြည့်၍ ရွေးချယ်ပါလိမ့်မည်။

ချင်းတိုင်းရင်းသားစာပေကို လာမည့် ၂၀၁၃ – ၂၀၁၄ ပညာသင်နှစ်တွင် ဒုတိယတန်းအထိ သင်ကြားခွင့် ရတော့မည်ဖြစ်ပြီး ကိုလိုနီခေတ်က သင်ကြားခဲ့သည့် စာပေကို သင်ရိုးပြောင်းလဲကာ သင်ကြားရန် စီစဉ်နေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။  

“ချင်းစာပေက နာရီပေါင်း ၁၂၀ သင်ရင် အရေး၊ အဖတ် တတ်တယ်။ ဒီနှစ်မှာ အရေးနဲ့ အဖတ်ကိုသင်မယ်၊ နောက်နှစ်တွေမှာ ဘာသာစုံ သင်နိုင်အောင် လုပ်သွားမယ်။ ၄ တန်းအထိ သင်နိုင်အောင် လုပ်သွားမယ်။ ကိုယ့်စာပေကိုယ် သင်ရတော့ ကိုယ့်ယဉ်ကျေးမှုကို အသေးစိတ် ဖော်ထုတ်နိုင်မယ်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ် ထိန်းသိမ်းနိုင်မယ်” ဟု သိက္ခာတော်ရ ဘုန်းတော်ကြီး ထန်းငိုင်းအွမ်က ဆိုသည်။

ထို့အပြင် တိုင်းရင်းသားများ အနေဖြင့် မိမိတို့ တိုင်းရင်းသားစာပေကို သင်ကြားခွင့်ရရှိခြင်းသည် တိုင်းရင်းသားများနှင့် ယုံကြည်မှု တည်ဆောက်ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးကို အထောက်အကူ ဖြစ်နိုင်ကြောင်းလည်း သူက ဆက်လက်ပြောသည်။

ချင်းတိုင်းရင်းသား စာပေကို သင်ကြားနိုင်ရေးအတွက် မြို့နယ်အသီးသီးတွင် စာပေကော်မတီများ ဖွဲ့စည်းထားပြီး မြေပြန့်မှ လာရောက် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအတွက် သင်တန်းများလည်း ပို့ချရန် စီစဉ်ထားကြောင်း သိရသည်။

လာမည့် ဧပြီ ၃၀ ရက်တွင် ချင်းပြည်နယ် တောင်ပိုင်း မြို့နယ်အသီးသီးရှိ ချင်းတိုင်းရင်းသား စာပေဖြစ်မြောက်ရေး ကော်မတီများ နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ဦးမည်ဖြစ်ပြီး ဒေသအလိုက် စကားကွဲပြားမှုနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်ခြင်း၊ ပြဋ္ဌာန်းစာအုပ်အား ပြန်လည်စိစစ် ဖြည့်စွက်ခြင်းနှင့် အမြဲတမ်း စာပေကော်မတီ ဖွဲ့စည်းခြင်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည် - အထက်ပါ ဦးထန်းငိုင်းအွမ် ဖော်ပြသော အစီအစဉ်များတွင် အတည်မဖြစ်သေးသော ၄င်း၏ စိတ်ကူး အစီအစဉ်များ အများဆုံး ပါရှိပါသည်။  ချိုးတိုင်းရင်းသားအစည်းအရုံး သည် ချိုးစာပေကော်မိတီကို ဖွဲ့စည်းတာဝန်ပေးအပ်ရန်၊ ချိုးစာပေညီလာခံကို လိုအပ်လျှင် လိုအပ်သလို ခေါ်ယူရန် အစီအစဉ်များ ထားရှိပြီးဖြစ်ပါသည်။ ယင်းအစီအစဉ်မတိုင်မှီက ဘာသာရေးဘက်မှသော်လည်းကောင်း၊ နိုင်ငံရေးဘက်မှ သော်လည်းကောင်း စာပေကို အကြောင်းပြုသည့် အဖွဲ့အစည်း ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် နိုင်ငံရေးပါတီမည်မျှကွဲကွဲ၊ ကိုးကွယ်သည့် ဘာသာမည်မျှကွဲကွဲ၊ ချိုးတိုင်းရင်းသားတခုတည်း ဖြစ်သည်နှင့်အညီ ဘာသာရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သော ချိုးတိုင်းရင်းသားအစည်းအရုံးတွင် အားလုံးဆုံဆည်း၍ ချိုးစာပေ၊ ချိုးယဉ်ကျေးမှု၊ ချိုးသမိုင်း - ပင်မလုပ်ငန်း သုံးခုအပြင် ဖွံဖြိုးရေးနှင့် ချစ်ကြည်ရေးလုပ်ငန်းများကို တစုတစည်းလုပ်ဆောင်ကြမည့်အကြောင်း ဤစာဖတ်သူများ သိရှိစေရန် သတင်းပါးအပ်ပါသည်။ ချိုးတိုင်းရင်းသား တစုံတဦး၌ ပြောမှားဆိုမှား အမှားအယွင်း တစုံတခုရှိပါက ၄င်း၏ ပုဂ္ဂလိက အမှားအယွင်းဖြစ်ကြောင်း ခွင့်လွှတ်ကြပါရန် တောင်းပန်ပါသည်။

Comments