Zun Pwint - Essay

ဖေဖေ့အကြောင်း (၁၀)
ဇွန်ပွင့်
ဇူလိုင် ၃၀၊၂၀၁၃



တစ်ညနေ မိသားစုထမင်းဝိုင်းမှာ ဖေဖေက သူနှစ်သက်တဲ့ ရုပ်ရှင်ကားတစ်ကား အကြောင်းကို ပြောပြပါတယ်။  

ဇာတ်လမ်းကြောရိုးကတော့ နာဇီတွေက ဂျူးတွေကို ရှာပြီး လိုက်ဖမ်းချုပ် သတ်ဖြတ် တဲ့ အချိန်။ ဇာတ်အိမ်တည်တဲ့မြို့မှာ ရှိတဲ့ သီလရှင်ကျောင်းက မာသာကြီးက သိပ် စည်းကမ်းကြီးတာ။ သီလရှင်လေးတွေဟာ နေ့စဉ်နဲ့အမျှကိုယ့်ကိုပေးထားတဲ့ တာဝန်ကို စနစ်တကျလိုက်နာလုပ်ဆောင်ကြရတယ်။ အဲဒီ သီလရှင်လေးတွေထဲမှာ တစ်ဦးက အလုပ်လုပ်ရင် နမော်နမဲ့နိုင်တယ်၊ အ၀တ်အစား ၀တ်ရင်ဗိုသီ ဘတ်သီ ၀တ်တာ၊၊ ထမင်းစားခန်းမှာ အဆောင်းအအုပ်ကို ဖုံးရင် ခပ်ဟဟ ထားတတ်တာ၊ စသဖြင့်ပေါ့လေ။ တစ်နေ့တော့ အဲဒီမြို့ကို နာဇီစစ်တပ်ဝင်ပြီဆိုကတည်းက သီလရှင်ကျောင်းက မာသာကြီးက ဂျူးမိသားစုတွေကို မြေအောက်ခန်းထဲမှာ ၀ှက်ထားပေးတယ်။ သီလရှင်လေးတွေကို အလှည့်ကျ ထမင်းပို့စေတယ်။ နမော်  နမဲ့သီလရှင်လေးတာဝန်ကျတဲ့တစ်နေ့။ အဲဒီနေ့မှာပဲ နာဇီတွေက သီလရှင်ကျောင်းကို  ပိုက်စိတ်တိုက်ရှာတယ်။ တစ်ခန်းဝင်တစ်ခန်းထွက် ရှာကြပေမယ့် ဂျူးတွေကို မတွေ့ ဘူး။ အခန်းတစ်နေရာရောက်တော့ ကလေးတွေ ကစားပြီးအော်သံသဲ့သဲ့ကို ကြား  လိုက်ကြတယ်။ ဒီမှာတင် မာသာကြီးရဲ့အကြည့်က နမော်နမဲ့သီလရှင်လေးဆီကို တန်းခနဲ ရောက်သွားတယ်။ နာဇီတွေလည်း အသံကြားရာဆီ လိုက်ကြည့် တော့ မြေအောက်ကို ဆင်းတဲ့လှေခါးတံခါး ဟနေရာကနေ အသံတွေ ထွက်နေ တာဖြစ်သိသိချင်း တံခါးကိုဖွင့်ပြီး ဂျူးတွေကို ဖမ်းချုပ်ခေါ်သွားတော့တယ်။  

ဖေဖေက ကျွန်မတို့ကို ဆုံးမချင်ရင် အော်ဟစ် ရိုက်နှက် ဆုံးမလေ့မရှိပါဘူး၊ ခုလို  ရုပ်ရှင်၊ ဇာတ်လမ်း၊ အတွေ့အကြုံ စတာတွေနဲ့ ဟပ်ပြီး ဆုံးမလေ့ရှိပါတယ်။ ဒီဇာတ် လမ်းကို ကျွန်မ ဆယ်ကျော်သက်အရွယ်ကတည်းက ဖေဖေပြောပြတာပါ။ နောက် အလျဉ်းသင့်တိုင်းလည်း ပြန်ပြောပြလေ့ရှိပါတယ်။  

ဖေဖေ လူပျိုဘ၀ကတည်းက သောကြာနေ့ ရုပ်ရှင်ကားသစ်ကို အမြဲလိုလိုကြည့်လေ့ ရှိခဲ့ပါတယ်။ တစ်ယောက်တည်း ကြည့်တာများပါတယ်။ တစ်ခါတလေမှသာ အပေါင်း အသင်းပါတတ်တာပါ။ တစ်နေ့ ဂလုတ်ရုံ (ဂုဏ်) ကားသစ်လဲတာနဲ့ သွားကြည့်ပါတယ်။ ရုံထဲဝင်သွားမှ ကြည့်တဲ့သူနည်းပြီး ရုံကလည်းခြောက်ကပ်နေသည်။ ဒီတစ်ကားတော့ စွံမှာမဟုတ်ပါဘူး။ ၀င်ပြီးမှ မထူးဘူးဆိုပြီး ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။  

မင်းသားကလည်း စကတည်းက ပြေးလိုက်တာ။ ဘယ်သူကလိုက်လို့ ဘယ်ပြေးမှန်း မသိရ။ နောက်သင်္ဘောပေါ်တက်ပြေး တစ်နေရာရောက်တော့ဆင်းပြေး၊သူ့ နောက်က လည်း လူစိမ်းတွေကလိုက်၊ တစ်မြို့ဝင် တစ်မြို့ထွက် ပြေးလိုက်ရတာ။ နောက်က လိုက်တဲ့အုပ်စုက တစ်အုပ်စုမက နောက်ထပ်အုပ်စုပါတိုင်းလာ။ စီအိုင်အေ ရော၊ ကေဂျီဘီရော။ သူကလည်း ပြေး။တစ်ကားလုံး ပြေးနေတာပဲ။ သူပြေး ရင်း နောက်ဆုံးကျတော့ အဆောက်အဦကြီး တစ်ခုထဲကို စွတ်ခနဲ ဆို ပြေးဝင်သွားတယ်။ အဲဒီကျမှ ဒါရိုက်တာက အဆောက်အဦကြီးထဲ မင်းသားဝင်သွားရာကစပြီး ကင်မရာကို ဆွဲသွားလိုက်တာ တစ်ခန်းဝင်၊ တစ်ခန်း ထွက်၊ အပေါ်တက်၊ အောက်ဆင်း။ ပရိသတ်ကလည်း အဆောက်အဦကြီးရဲ့ ခန်းနား ကြီးကျယ်ပုံ၊ အခင်းအကျင်းတွေကို အသေးစိတ်ကို ကြည့်ရပါတယ်။ နောက်ဆုံး မင်းသားပြေးဝင်သွားတဲ့အခန်းထဲမှာ စင်တစ်ခုရှိပါတယ်။ အဲဒီပေါ်တက်ပြီး လူ့အခွင့် အရေး၊ လူတစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့် ရှိရမယ်စသဖြင့် ပြောဟောတော့တာပါပဲ။ သူ့ နောက်ကလိုက်လာတဲ့ သူတွေလည်း အပေါက်ဝကနေပဲ သူ့ကို မဖမ်းနိုင်ကြတော့ဘဲ ဒီအတိုင်း ကြည့်နေကြရတော့တယ်။ အဲဒီအခန်းထဲဝင်သွားပြီး သူ့ဆန္ဒကို ထုတ်ဖော် ပြောဟောနေရင် ဖမ်းလို့မရဘူး။ ဒါသူ့အခွင့်အရေးပဲ။ 

အဲဒီအဆောက်အဦကြီးကတော့ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦကြီးပဲ။  

ဒီလိုကားမျိုးကိုပြန်ပြောပြရာမှာလည်း ဖေဖေက ဒါရိုက်တာရဲ့ ကျွမ်းကျင်လိမ္မာမှု၊ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦဆိုတာ လူတိုင်းဝင်ကြည့်လို့ ရတာမဟုတ်တာကို ရုပ်ရှင်ဇာတ်ဝင်ခန်းအဖြစ် သိမ်သိမ်မွေ့မွေ့ တင်ဆက်ပုံ၊ ဇာတ်ကားတစ်ကားမှာ ဒါရိုက်တာရဲ့ကဏ္ဍအရေးကြီးပုံကိုလည်း ရှင်းပြပါတယ်။ ဇာတ်ကားနဲ့ဆက်စပ်ပြီး လည်း လူ့အခွင့်အရေးဆိုတာ..... ဆိုတာကို ကျွန်မတို့ကလေးတွေနားနဲ့ တန်အောင် ရှင်းပြလေ့ရှိခဲ့ပါတယ်။ 


(ဆက်ပါဦးမယ်)

Comments