Maung Yin Nga Tay - Articles

ရောက်တတ်ရာရာ အတိုအစများ
ပါရီဒစ္စနေလန်းကိုလာလည်တဲ့ မြောက်ကိုရီးယားက ပုဂ္ဂိုလ်လေး
မောင်ရင်ငတေ
သြဂုတ် ၃၁၊ ၂၀၁၃


Le neveu du dirigeant nord-coréen étudiera à Sciences Po à la rentrée.

မြောက်ကိုရီးယားနိုင်ငံက အဓိပတိ ဆရာလေး Kim Jong-Un ရဲ့တူကလေး Kim Han-Sol ဆိုတဲ့ ပုဂ္ဂိုလ်လေး ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ၁၈၇၁ ခုနှစ်ကပင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ L’Institut d’Etudes Politiques de Paris ခေါ် Institute of Political Studies in Paris ခေါ် နာမည်ကျော် Sciences Po ဆိုတဲ့ကျောင်းကြီးမှာ အခုနှစ် စက်တင်ဘာလက စတင်ပြီး ကျောင်းလာတက်ခွင့် ရရှိ ခဲ့ပါပြီ၊ သူဟာ အရှေ့တောင်ဥရောပက Bosnia-Herzegovina နိုင်ငံရှိ ရှေးမြို့ဟောင်း Mostar မြို့ က United World College ကျောင်းမှာ နှစ်နှစ်တက်ခဲ့ပြီး ယခုနှစ် ၂၀၁၃ ဂျွန်လကမှ ဘွဲ့ရရှိလာခဲ့ သူပါ၊ သူရဲ့ အသက်ကတော့ ၁၈ နှစ် ခန့်သာရှိသေးပြီး မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းမှာ မွေးဖွားခဲ့ပြီး အသက်ခပ်ငယ်ငယ်မှာဘဲ ပေါ်တူဂီတို့ရဲ့ ပိုင်နက်နယ်မြေဟောင်း မကာအိုမြို့မှာ သူ့ရဲ့ ဖခင် ပြောင်းရွှေ့နေထိုင်ခဲ့လို့ သူပါ လိုက်နေခဲ့ရပါတယ်၊ သူရဲ့အဖေ Kim Jong-nam ကလည်း ဆွစ်ဇာလန်နိုင်ငံ L’école internationale de Genève မှာကျောင်းတက်သွားဖူးသူ တယောက်ဖြစ် ခဲ့ပြီး ပြင်သစ်စကားကို လည်လည်ဝယ်ဝယ် ပြောဆိုနိုင်သူတဦး ဖြစ်ပါတယ်တဲ့၊ မြောက်ကိုရီးယားမှ အာဏာရှင် မျိုးနွယ်တွေကတော့ အနောက်ဥရောပမှာ နိုင်ငံရေးပညာတွေ သင်ကြားပြီး အနာဂတ် မြောက်ကိုရီးယားကို ဘယ်လို ဖန်တီးကြမယ် ဆိုတာ ကလည်း စိတ်ဝင်စားစရာပါ၊ အရာရာတိုင်းမှာလျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေလေ့ရှိတဲ့ မြောက်ကိုရီးယားတွေဟာ အနောက်ဥရောပ ယဉ်ကျေးမှု တွေနဲ့ထိတွေ့ဆက်ဆံနေကြရင်း ဘယ်လိုများ ပွင့်လင်းလာမလဲဆိုတာကို စောင့်မျှော်ကြည့်နေသူ များပြာစွာရှိနေမှာပါ၊ သူတို့ သားအဖရဲ့ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းလိုတဲ့ အပြောတွေ အပေါ်မှာ အနောက်တိုင်းဆန်ဆန် နေထိုင်လိုတဲ့ စိတ်တွေက ပိုပြီးထင်ရှားပေါ်လွင်နေတာပါ၊

27, rue Saint-Guillaume, l’Institut d’Etudes Politiques de Paris.

Kim Han-Sol တက်ရောက် ပညာသင်ကြားမယ့်ကျောင်း Sciences Po ဆိုတာက ပြင်သစ်နိုင်ငံရဲ့ အဓိက နိုင်ငံရေးသမားကြီးတွေနဲ့ ပတ်သက်တဲ့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းဖြစ်ပါတယ်၊ စတင်ပြီး ဖွင့်လှစ်ခဲ့စဉ် ၁၈၇၂ ခုကနေ ၁၉၄၅ ခုနှစ်အထိ  L’École libre des sciences politiques ဆိုပြီး ခေါ်ခဲ့ပါတယ်၊ ၁၉၄၅ ကနေ ၁၉၆၉ ခုနှစ်အထိ L’Institut d’études politiques de l’Université de Paris (IEP) ၁၉၆၉ ခုနှစ်နောက်ပိုင်းမှာတော့ L’Institut d’études politiques de Paris ဆိုပြီး ပြောင်းလည်း ခေါ်ဝေါ်ခဲ့တာပါ၊ ပါရီ Sciences Po နိုင်ငံရေးကျောင်းမှာ ပြင်သစ်ရဲ့ သမတကြီးများ ဖြစ်ခဲ့ကြတဲ့ François Mitterrand ဖရန်ဆွာ မိတရောင်း (၁၉၁၆-၁၉၉၆) Jacques Chirac ယာ့က် ရှီးရတ် (၁၉၃၂-….) François Hollande ဖရန်ဆွာ အော်လန်ဒ် (၁၉၅၄-….) တို့လို ပုဂ္ဂိုလ်ကြီးများ တက်ရောက်ခဲ့ဖူးကြသလို ပြင်သစ် ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသူများနဲ့ တခြားသော ပြည်တွင်း ပြည်ပက နိုင်ငံရေးသမား အတော်များများ တက်ရောက်ခဲ့ကြတဲ့ ကျောင်းတကျောင်းပါ၊ အရင်သမတဟောင်း Nicolas Sarkozy နီကိုလာ ဆာကိုဇီ (၁၉၅၅-….) ကတော့ ဒီကျောင်းကို ၁၉၈၁ ခုနှစ်က တက်ခဲ့ သေးသော်လည်း ဒီပလိုမာ ရရှိမသွားပါဘူးတဲ့၊ ဒီကျောင်းကို တက်ရောက်ရဖို့က စာတော်ရမဲ့အပြင် တခြားတော်ရမှာတွေ အများကြီးပါ၊ ဒါကြောင့်လည်း Kim Han-Sol လို တော်သူတွေ Sciences Po ကျောင်းကြီးရှိရာကို ရောက်ရှိလာတာပေါ့၊ ဒီကျောင်းရဲ့ ကျောင်းနယ်မြေရှိရာကတော့ ပါရီမြို့လယ် အမှတ် ၇ ရပ်ကွက်မှာပါ၊ အဲဒီရပ်ကွက်က စဲန်းမြစ်ရဲ့ လက်ဝဲကမ်းပါးက ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိခဲ့တဲ့ နာမည်ကျော်ကြား အနုပညာသမားတွေနဲ့ စာပေပညာရှင်တွေ ကျင်လည်ကျက်စားရာ လက်တင်ရပ်ကွက်ကြီးထဲမှာ တည်ရှိပါတယ်၊ ပါရီမြို့လယ်မှာရှိလို့ ကျောင်းအဆောက်အဦတွေက လက်ရာကောင်းတဲ့ ရှေးဟောင်းတိုက်များဖြစ်ပြီး ကြီးကျယ်ခန်းနားပေမဲ့ ကျောင်းရဲ့ပရိဝုဏ်တွေက မောင်ရင်ငတေတို့ရဲ့ တခါက တက္ကသီလာ မြကျွန်းသာလိုတော့ လွမ်းလောက်စရာ သိပ်မရှိပါဘူး၊

Le campus euro-asiatique de l’Institut d’Etudes Politiques de Paris

ဒီ Sciences Po ကျောင်းက နိုင်ငံတကာရှိ တက္ကသိုလ်ပေါင်းစုံနဲ့ ချိတ်ဆက်ထားသလို ပြင်သစ်ပြည် တလွှားမှာလည်း ၂၀၀၀ ခုနှစ် နောက်ပိုင်းက စတင်လို့ ကျောင်းနယ်မြေခွဲတွေကို တိုးချဲ့ဖွင့်လှစ်ခဲ့ ပြီးတော့ ကျောင်းသားသစ်များကို ပိုမိုတိုးချဲ့ လက်ခံလာခဲ့တာပါ၊ Kim Han-Sol လာတက်ရမယ့် နယ်မြေကတော့ ပါရီမြို့က ကီလိုမီတာ ၂၀၀ လောက်ဝေးတဲ့ အထက်နော်မန်ဒီကမ်းခြေ စဲန်းမြစ်ဝ အနီးမှာရှိသော Le Havre မြို့မှာပါ၊ အဲဒီမှာ အာရှတိုက်သားတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ Sciences Po ကျောင်းရဲ့ Le campus euro-asiatique ဌာနခွဲရှိပါတယ်၊ အဲဒီဌာနခွဲက အင်္ဂလိပ်စာ စကားပြောတဲ့နိုင်ငံများက ကျောင်းသားတွေများပါတယ်၊ Kim Han-Sol နဲ့အတူ ကျောင်းသားပေါင်း ၂၀၀ ကျော် တက်ရောက် သင်ကြားခွင့် ရကြပါတယ်တဲ့၊ ပြင်သစ်သတင်းစာ Le Figaro ကတော့ ကမ္ဘာ့ရဲ့ နာမည်အကြီးဆုံး ကွယ်လွန်သူ အာဏာရှင် အဖိုးဖြစ်သူကိုရော လက်ရှိ အာဏာရှင်ဖြစ်သူဦးလေးကိုပါ သေချာမမြင်ဖူးခဲ့မမှတ်မိတဲ့ အာဏာရှင်မျိုးနွယ်ဖွားကလေး အကြောင်းကတော့ ပိုမိုပြီး ပြင်သစ်ပြည်တလွှားမှာ စိတ်ဝင်စားဘွယ် ကောင်းလာလေမလား ဆိုတာကို ပြောဆိုငြင်းခုံကြရဖို့ ရှိပါတယ်တဲ့၊

 ပါရီဒစ္စနေလန်း

သူခပ်ငယ်ငယ် လေးငါးနှစ်သားက သူရဲ့အဖေဖြစ်သူ လက်ရှိမြောက်ကိုရီးယား အာဏာရှင်လေးရဲ့ အကိုကြီး Kim Jong-nam နဲ့အတူ ဂျပန်နိုင်ငံ မြို့မှာရှိတဲ့ ဒစ်စနေလန်းကို လည်ပတ်ဖို့အသွားမှာ နာရီတာလေဆိပ် အရောက်မှာဘဲ သူတို့တတွေ ကိုင်ဆောင်လာတဲ့ Dominican Republic နိုင်ငံရဲ့ ပတ်စ်ပို့စာအုပ်တွေက အတုဖြစ်နေတာကို ဂျပန် လေဆိပ် လဝက သိရှိသွားခဲ့လို့ ဂျပန်ပြည်တွင်းကို ဝင်ခွင့်မရခဲ့ဘဲ နှင်ထုတ်ခံခဲ့ရပါတယ်၊ အဲဒီနောက်ပိုင်းကစပြီး သူတို့ မိသားစုတစုလုံး မကာအိုမြို့မှာ အခြေစိုက်နေထိုင်ခဲ့ကြတာပါ၊ ဒါကြောင့်သူဟာ ကမ္ဘာ့အရှေ့ဖျားမှာရှိတဲ့ ဝေါ်လ်ဒစ္စနေကို မရောက် ဖူးခဲ့ပါဘူး၊ အခုတော့ သူ Kim Han-Sol (၁၉၉၅- ….) ဟာ ၂၀၀၁ ခုနှစ်က သူ မရောက်ရှိခဲ့ရတဲ့ အာရှအရှေ့ဖျားက ဒစ္စနေလန်းအစား ဥရောပအနောက်ဖျားက Disneyland တည်ရှိရာ ပါရီမြို့ကို စာသင်ဖို့ဆိုပြီး ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်၊ မြောက်ကိုရီးယားရဲ့ အရေးကြီး ပုဂ္ဂိုလ်စာရင်းဝင်တဦး ဖြစ်တဲ့အတွက် သူနေထိုင်ရာ နေရာကိုတော့ မောင်ရင်ငတေတို့ သိခွင့်ရှိမှာ မဟုတ်သော်လည်း ၁၈ နှစ်သား ချာတိတ်အရွယ်သာ ရှိသေးတဲ့ မြောက်ကိုရီးယားသားကလေးကတော့ မောင်ရင်ငတေတို့ ရပ်ကွက်ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်ရှိနိုင်တဲ့ ပါရီမြို့ ၁၃ ရပ်ကွက်က ကာတီယေးရှီနွား တရုတ်တန်းမှာ အလုပ်လာလုပ်တဲ့ တရုတ်ကလေး အယောင်ဆောင်ရင်ဆောင် ဒါမှမဟုတ် တောင်ကိုရီးယား ဆိုးလ်မြို့တော်ကြီးကနေ ပါရီကို ခေတ္တခဏ လာရောက်လည်ပတ်တဲ့ ဆောက်ကိုရီးယန်း တိုးလ်ရစ်တယောက် အသွင်ဆောင်ပြီးတော့ လာရောက်ပြီး လမ်းသ လားမှာကို မြင်ယောင်မိနေပါတယ်ခင်ဗျား၊

ပါရီတရုတ်တန်းမှ ဟောင်ကောင်စတိုင်လ် မိုးမျှော်တိုက်များ

ဘယ်လိုဘဲဖြစ်ဖြစ် စာသင်ဖို့ဘဲ ရောက်လာလာ ဒစ္စနေလန်းကို လည်ပတ်ချင်လို့ဘဲရောက်လာလာ တရုတ်တန်းမှာဘဲ ဂဏန်းအက လာရောက်ကက နောင်နှစ် သိပ်မကြာခင်မှာတော့ ပြင်သစ်ပြည် ပါရီမြို့ ဤရပ်ကွက်၌ ဤတိုက်ခန်း၌ မြောက်ကိုရီးယားမှ အာဏာရှင် မျိုးနွယ်ဖွား Kim Han-Sol တယောက် ဘယ်နေ့ကနေ ဘယ်ရက်အထိ နေထိုင်သွားခဲ့ပါသည်ဆိုတဲ့ ကျောက်ပြားတချပ် ပါရီတိုက်တန်း နံရံ တခုမှာ ပေါ်ပေါက်လာဖို့ ရှိကြောင်းပါ၊



Comments