ှShin Sandardika - Articles

အလှနဲ့ ဓမ္မ
ရှင်ဆန္ဒာဓိက (ပေလေးပင်နတ်မှီတောရ)
သြဂုတ် ၃၀၊ ၂၀၁၃



(ဒီဇာတ်လမ်းကို လုံးစေ့ပြန်ဆိုခြင်းမဟုတ်ပဲ ဇာတ်လမ်းကျောရိုးကိုယူပြီး ခံစားတင်ပြခြင်းဖြစ်ပါတယ်။)

ဗုဒ္ဓသာသနာဝင် ဂျပန်ဘိက္ခုနီမ တစ်ဦးဖြစ်သူ “ရီယိုနင်”ရဲ့ မွေးခုနှစ်က ၁၇၉၇-ခု ဖြစ်ပါတယ်။ ဘကြီး တော်သူတစ်ဦးက သူ့ခေတ် သူ့အချိန်မှာ အလွန်ထင်ရှားကျော်ကြားတဲ့ စစ်သူကြီး “ဂျင်ရှင်း”လို့ဆိုတယ်။ ဒီက လေးမဟာ အလွန်ထက်မြက်တဲ့ ကဗျာဗီဇဥာဏ် ရင့်သန်တဲ့သူ ဖြစ်တဲ့အပြင် သူ့ရဲ့လှပတဲ့ရုပ်ရည်မှာ အထူးသ ဖြင့် ညှို့အားကောင်းလှတဲ့ မျက်လုံးအစုံကြောင့် ငယ်စဉ်ကတည်းက ပေါ်လွင်ထင်ရှား ချစ်ခင်သူများတဲ့သူ တစ် ဦးဖြစ်လာခဲ့တယ်။

ဒါကြောင့်လည်း ဧကရာဇ်ဘုရင်မကြီးရဲ့ထံပါးမှာ အသက် ၁၇-နှစ်အရွယ်ကစလို့ အခစားဝင်ရောက် အ မှုထမ်းခဲ့ရတာဖြစ်တယ်။ နန်းတွင်းသူတစ်ဦး ဖြစ်လာချိန်မှာတော့ ကလေးမရဲ့ ကဗျာစွမ်းရည်နဲ့ အလှပုံရိပ်တွေ က မြှင့်တင်ပေးလိုက်ပြန်လို့ နန်းတွင်းနန်းပြင် နှစ်ရပ်လုံးမှာ ပိုလို့ပင် ထင်ရှားကျော်ကြားလာပြန်တယ်။ ဘုရင်မ ကြီးရဲ့ မြှောက်စားအားပေးခြင်း ခံရသူအဖြစ်နဲ့ ဆတန်ဖိုး တိုးလာမယ့် ဘ၀အရည်အသွေးတွေ၊ တိုးတက်ကျော် ကြားလာမယ့် အချိန်အခါတွေကို မျှော်လင့်စောင့်စားရင်း စိတ်ကူးယဉ်နေမိတဲ့အချိန်မှာဘဲ လင်းလက်နေတဲ့ ကောင်းကင်တစ်ပြင်ကြီးခုလုံး မိုးတိမ်ညိုတွေဖုံးပြီး အမှောင်ကြီးလွှမ်းသွားပုံမျိုး ခံစားလိုက်ရပါတော့တယ်။

ဒါကတော့ သူအလွန်အားကိုး ချစ်မြတ်နိုးခဲ့ရတဲ့ မိမိရဲ့သခင် ဘုရင်မကြီး နတ်ရွာလားသွားခြင်ပဲ ဖြစ်ပါ တယ်။ အလွန်အမင်း အားကိုးအားထားပြုခဲ့ရတဲ့ ဘုရင်မကြီး မရှိတော့တာဖြစ်လို့ စိတ်ကူးမြှော်မှန်းထားတဲ့ ဘ၀ ပန်းတိုင်ဆီ လျှောက်လှမ်းရမယ့် လှေကားထစ်တွေ တစ်ခုမကျန် ကျိုးပျက်သွားပြီလို့ စိတ်မှာ ခံစားလိုက်မိရှာ တယ်။

လောက်လေးကို ဆွဲလိုက်တဲ့အခါ လောက်လေးကိုင်းကွေးပြီး လေးကြိုးနောက်ဆီကို ပါလာတာနဲ့အမျှ လောက်စာသွား အားကောင်းသလို သိတ်ကို စိတ်ဓါတ်တွေ ကျဆင်းသွားရာကနေ သတိတစ်ချက် ပြန်ဝင်လိုက် ချိန်မှာ ပင်ကိုယ်က ဥာဏ်ထက်သူလဲဖြစ်တာမို့ အတွေးတစ်ချက် ၀င်လာတယ်။ သူစဉ်းစားလိုက်မိပုံက လျှောက် လှမ်းရမယ့် ဘ၀ခရီးပန်းတိုင်ရဲ့ အကွာအဝေး အတိုင်းအတာဟာ ဝေးချင်ဝေးမယ် နီးချင်နီးမယ်၊ ပန်းဝင်တဲ့ အချိန်ကာလကလဲ ကြာချင်ကြာမယ် မြန်ချင်လဲမြန်မယ် အတိအကျ မပြောနိုင်ပေမယ့် သေချာတာက ရောက်ရ မယ့်ပန်းတိုင်ကတော့ မလွဲမသွေ ရှိနေမှာပဲဆိုတဲ့ သံဝေဂအသိ ၀င်လာခဲ့ပါတယ်။

အဖြစ် အပျက်၊ အစ အဆုံး၊ ဆိုတာတွေက နှစ်မျိုးပေါင်းပြီး ရှိနေသလို ထင်ယောင်ထင်မှား လှည့်စား နေကြတယ်ဆိုတာကို တဒင်္ဂသဘော နားလည်ပြီးနောက်တော့ ဘိက္ခုနီမအဖြစ်နဲ့ ဇင်တရားကိုသိဖို့ ဆရာရှာ ထွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ဒီကလေးမလေးရဲ့ ဆွေမျိုးတွေက တစ်ကိုယ်တော်ဘ၀နဲ့ တော ထွက်သွားမယ့် မိန်းမသားတစ်ဦးရဲ့အဖြစ်ကို စိုးရိမ်စိတ်တွေနဲ့ ကြှိုတင်မှန်းဆပြီး အမျိုးသားတစ်ဦးနဲ့ အတင်းအ ကြပ် လက်ထပ်ပေးလိုက်ပါတော့တယ်။

ဇွတ်အတင်း စီစဉ်ကြတဲ့အတွက် လက်ထပ်လိုက်ရချိန်မှာ သူကလဲ ကတိတစ်ခုကို တောင်းဆိုလိုက်ပါ တယ်။ သူ့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကတော့ သူ အိမ်ထောင်သည်ဘ၀နဲ့နေပြီး ရင်သွေးသုံးဦး ပေါ်ပေါက်ပြီး ပြီဆိုရင် မုချတောထွက်မယ် ဒါကိုခွင့်ပြုရမယ် ဆိုတာပါဘဲ။ ဒီလိုနဲ့ အိမ်ထောင်သည်ဘ၀နဲ့ နေလာလိုက်တာ သူ့ အသက် ၂၅-နှစ်ပြည့်လုလုအချိန်မှာဘဲ ရင်သွေးသုံးဦး ထွန်းကားပြီးဖြစ်သွားပါတော့တယ်။ သူ့အလိုဆန္ဒ ပြည့်ဝ ခဲ့ပါပြီ။

ကလေးမ တောထွက်တော့မယ်ဆိုတော့ လင်သားနဲ့ ဆွေမျိုးတွေက အတန်တန် တားကြပါသေးတယ်။ နောက်ဆုံး သားသမီးတွေပြပြီး တားကြပေမယ့် အလောင်းတော် သိဒ္ဓတ္ထဘ၀က သားလေးကို ရာဟုလာ (အ မှောင်ဖုံးလေး) လို့ အမည်တပ်လိုက်တာကို သတိရပြီး တားမြစ်ချက်မှန်သမျှကို ဇွတ်အတင်းငြင်းဆန်ပြီး ထွက် ခွာခဲ့ပါတော့တယ်။

တောထွက်ပြီဆိုတာနဲ့ ဆံပင်ကိုပယ်၊ လူ့လောကီအ၀တ်တွေကိုစွန့်ကာ ဖန်ရည်ဆိုးတဲ့အ၀တ်နဲ့ သူ တော်စင်မတစ်ဦးဘ၀ကိုယူပြီး တရားရှာထွက်ခဲ့ပါတော့တယ်။ သူ့ရဲ့သာသနာတော်ဆိုင်ရာ ဘွဲ့နာမည်ကိုတော့ “ရီယိုနင်”လို့ ခံယူလိုက်ပါတယ်။

“ဇင်”တရားရနိုင်မယ့်နေရာကို စုံစမ်းမေးမြန်ပြီး ခရီးထွက်လာလိုက်တာ အီဒို ဆိုတဲ့ မြို့ကြီးကို ရောက် လာခဲ့တယ်။ ဒီမြို့မှာ ထင်ရှားကျော်ကြားတဲ့ ဇင်တရားပြဆရာကြီး “တက်ဆူဂျူ”ဆီသွားပြီး တပည့်မတစ်ဦးအ ဖြစ် သဘောထားကာ တရားပြပေးပါရန် တောင်းပန်တိုးရှိုးခဲ့ရှာတယ်။ ဒါပေမယ့် ဆရာကြီးက မျက်လွှာပင့် အကြည့် လက်ကနဲအမြင်မှာ သူ့ရဲ့ရုပ်အဆင်း လှပလွန်းတာကြောင့် လက်မခံနိုင်ဘူးလို့ ငြင်းဆိုတာကို ခံလိုက် ရပါတော့တယ်။

အဲဒီအချိန် သူသဘောပေါက်လိုက်တာက အမှန်တရားနယ်အ၀င် တံခါးသော့ကိုဖွင့်ရာမှာ ငါ့အလှက တားဆီးသလို ဖြစ်နေပါလား ဆိုတာကိုပါ။ ဒါပေမယ့် ဇွဲမလျော့ပဲ နောက်ဆရာတစ်ဦးကိုတွေ့ဘို့ ဆက်ရှာလိုက် တာ “ဟာကူအို”အမည်ရှိတဲ့ တရားပြဆရာတစ်ဦးကို တွေ့ပြန်ပါတယ်။ ဆရာကို အရိုအသေပြုပြီး အရင်လိုဘဲ တပည့်မအဖြစ် လက်ခံတရားပြပေးဘို့ လျှောက်ထားလိုက်တော့ ဟာကူအိုကလဲ သူ့အလှကြောင့်ဆိုပြီး ငြင်း လိုက်ပြန်တယ်။ နောက်ဆက်တွဲ မှတ်ချက်အနေနဲ့ “သင်းကလေးရဲ့အလှက ဒုက္ခကိုသာ ပေးမှာသေချာတယ်” လို့ ပြောလိုက်သေးတယ်တဲ့။

အလှအပဆိုတာ အမှတ်တရားအတွက် ရန်သူမဟုတ်ပေမယ့် ရီယိုနင်ရဲ့အလှကတော့ တရားရှင်ဆိုသူ တွေရဲ့ ငြင်းဆန်ခြင်းခံခဲ့ရသလို သစ္စာတရားဆီသွားရာလမ်းကို ကန့်လန့်ပိတ် ဆီးကာနေသလို ဖြစ်နေပါတော့ တယ်။

ရီယိုနင်ရဲ့ သစ္စာတရားသိလိုစိတ်က မိမိအလှကို ခင်တွယ်စိတ်ထက် အဆမတန်ပြင်းထန်နေတာမို့ သူ့ အတွက် ရန်သူလိုဖြစ်နေတဲ့ အလှအပကို တိုက်ခိုက်ဖျက်ဆီးဘို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒီတော့ ဒီကလေးမ သံချောင်းတစ်ချောင်းကို မီးဖိုထဲထည့် မီးဖုတ်လိုက်ပါတယ်။ ခဏနေ သံချောင်းမီးရဲလာချိန်မှာ မီးဖိုကဆွဲနှုတ်ပြီး တော့ “ငါ့တက်လမ်းကို နှောင့်ရှက်နေတဲ့ ငါ့အလှတွေ သွားကြပေတော့” လို့ဆိုပြီး အကြောက်အလန့်မရှိ သူ့ရဲ့ ဘယ် ညာ ပါးပြင်နှစ်ဖက်အပေါ် တစ်လှည့်စီ အပြန်ပြန်အလှန်လှန် မီးတရဲရဲရှိနေတဲ့ သံချောင်းနဲ့ အထပ်ထပ် ကပ်ပစ်လိုက်ပါတော့တယ်။ ခဏအတွင်းမှာဘဲ သူနှင်ထုတ်လိုက်တဲ့ သူ့ရဲ့အလှတွေ သူ့ဘ၀နိဂုံး အဆုံးသတ် ချိန်အထိ သူ့ဆီ ပြန်မလာကြတော့ပါဘူး။

ဒီနောက်မှာ ဆရာတော် ဟာကူအိုက သူ့ကို တပည့်တစ်ဦးအဖြစ် လက်ခံပြီး တရားဓမ္မသင်ပြပေးလိုက် ပါတယ်။ ဒီလို မျက်နှာကို သံပူကပ်ပြီးအလှကို ဖျက်ဆီးလိုက်ရတာနဲ့ ပတ်သက်လို့ ရီယိုနင် ကဗျာရေးခဲ့ပါတယ်။ ဆရာတော်ဟာကူအို အရိပ်နိမိတ်ပြ သင်ကြားချက်တွေကိုမှီပြီး အတွင်းအပြင် အရာအားလုံးကို သုံးသပ်လိုက် တဲ့ အချိန်တစ်ချိန်မှာ ဖြတ်ကနဲလို မြင်လိုက်ရတဲ့ တရားနိမိတ်တွေ ပေါ်လာခဲ့ပါတယ်။

မမြဲတဲ့ သင်္ခါရ မြူတွေထဲမှာ သိသူ အသိခံ အသိတရားဆိုတာတွေ၊ မြင်သူ အမြင်ခံ အမြင်တရား ဆို တာတွေဟာ ရှိနေတယ်လို့ ထင်ရချိန်အတွင်းမှာ ခဏပေါင်းများစွာကို ဖြတ်သန်းပျောက်ကွယ်နေကြတဲ့ သ ဘောတွေမျှသာဖြစ်လို့ ဗုဒ္ဓရှင်တော်မြတ် ဥပမာပြုခဲ့တဲ့ ရေမြှုတ်၊ ရေပွက်၊ တံလျှပ်၊ မျက်လှည့်၊ ငှက်ပျောအူ ဆို တဲ့ ဥပမာတွေကို ထောက်ထားပြီး အလင်းဥာဏ်ဝင်လာခဲ့ပါတယ်။

အရာအားလုံးသည် တစ်ခုဖြစ်သည်
All is One

တစ်ခုသည် သုညဖြစ်သည်

The One is None
သုညဆိုသည် အရာအားလုံးပင်

None is Everything
အနတ္တသဘောကို ရှုမြင်သုံးသပ်လိုက်တဲ့အခါ သုညတ တံခါးကနေ လွတ်မြောက်မှုကို အာရုံပြုလိုက် နိုင်ပါတော့တယ်။

ဒီဇာတ်လမ်းကို လေ့လာကြည့်မယ်ဆိုရင် ခုနှစ်သက္ကရာဇ် အတိအကျ ဖေါ်ပြထားတာဖြစ်လို့ စိတ်ကူး ယဉ်ဇာတ်လမ်း မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ကလေးမရဲ့ငယ်နာမည်ကို ဖေါ်ပြမထားဘဲ ဘိက္ခုနီမဘွဲ့ကို သာ ဖေါ်ပြထားပါတယ်။ ပဋာစာရီထေရီမကြီးရဲ့ အမည်ကလဲ ဘိက္ခုနီဘ၀ ရောက်ခါမှ ခေါ်တွင်လာတဲ့ အမည် ဖြစ်ပါတယ်။

ဒီမိန်းကလေးမှာ မိဘမရှိကြတော့ဘူးနဲ့တူတယ်။ ဆွေမျိုးတွေက အတင်းအကြပ် အိမ်ထောင်ပြုပေးကြ တယ်ဆိုတာရယ်၊ ဘိက္ခုနီမအဖြစ် တောထွက်ခါနီးမှာ လင်သားနဲ့ဆွေမျိုးတွေက တားမြစ်ကြတယ် ဆိုတာကို သာတွေ့ရပြီး အမိအဖဆိုတာတွေ ပါမလာပါဘူး။

သူ့ရဲ့ အဓိက အရည်အချင်းနှစ်မျိုးက ကဗျာဥာဏ်ထက်သန်ခြင်းနဲ့ ရုပ်ရည်ချောမောပြီး ဆွဲဆောင်အား ကောင်းတဲ့ မျက်လုံးအလှပိုင်ရှင် ဖြစ်တာပါ။ Alluring Beauty= ညှို့အားပါသောအလှဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆို ချက်ကိုကြည့်ပြီး မျက်လုံးကို အထူးပြုဖေါ်ပြလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့သဘင်လောကမှာ မင်းသမီး မထွေးလေးဟာ လူတဖက်သားကို မျက်လုံးနဲ့ညှို့ပြီး အနားရောက်လာအောင် စွမ်းဆောင်နိုင်တယ်လို့ လူထု ဒေါ်အမာရဲ့ စာတစ်ပုဒ်မှာ ဖတ်ဘူးပါတယ်။

လောကီနယ်မှာ ရုပ်ရည်လှပမှုဆိုတာ အလွန်တန်ဖိုးမြင့်တဲ့ အရည်အသွေးတစ်မျိုး ဖြစ်ပါတယ်။ လော ကုတ္တရာမျက်စိထဲမှာတော့ အလှအပဆိုတာ ရုပ်ပစ္စည်းမှာ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ လောကလူသားတွေနဲ့ ဆက်ဆံနေရတာဖြစ်လို့ လောကသမုတိဆိုတဲ့ သတ်မှတ်ချက်သဘောမျှလေးကိုသာ လက်ခံကြတာဖြစ်တယ်။

ဒီဇာတ်လမ်းမှာ ပြောစရာဖြစ်လာတာက ရီယိုနင်ရဲ့အလှကြောင့် တရားပြဆရာနှစ်ဦးစလုံးက တရားပြ ဘို့ တပည့်အဖြစ်လက်ခံဘို့ ငြင်းလိုက်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဘာကြောင့် သူတို့ ငြင်းဆိုလိုက်ကြတာ လဲ။ အလှအပသက်သက်ကိုကြည့်ပြီး လက်မခံကြတာလား။ အလှပိုင်ရှင်တွေ တရားမရနိုင်ဘူးလို့ တစ်ချက် လွှတ် ပြောလို့ရမလား။ တရားပြဆရာတွေက တရားဓမ္မကို သိမြင်လိုစိတ် ပြင်းထန်နေတဲ့ စေတနာနဲ့သဒ္ဓါတရား အလှတွေကို မမြင်နိုင်ဘဲ အပေါ်ယံအလှကိုကြည့်ပြီး ငြင်းလိုက်တာလား။ ဆရာကြီးတွေမှာ အနာဂတံသဥာဏ် (ဖြစ်လတ္တံ့အခြေအနေများကို သိနိုင်သည့်သဘော) ရထားလို့ ကလေးမတစ်ဦးတည်းရဲ့ အပေါ်မှာကြည့်ပြီး ဆုံး ဖြတ်ကြတာလား။ ဒါမှမဟုတ် အလှမလေး သူတို့နားရောက်နေရင် သူတို့ရဲ့ သီလသိက္ခာ သမာဓိသိက္ခာတွေ ပြို ပျက်ကုန်မှာ စိုးလို့များလား စတဲ့ ဝေဖန်စရာ စောဒကတက်စရာ မေးခွန်းတွေမှ အများကြီးပါ။

ဒီလိုဆိုရင်တော့ ဗုဒ္ဓဟောခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ဗုဒ္ဓလက်ထက်တော်က သော တာပန်အမျိုးသမီးလေးတစ်ဦး မုဆိုးတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တယ်လို့ဆိုတယ်။ မုဆိုးတောလိုက်ထွက် ကာနီးမှာ မုဆိုးတို့အသုံးအဆောင်ဖြစ်တဲ့ လေးမျှားလက်နက် စသည်တွေကို ပြင်ဆင်ပေးရတယ်။ တောပစ်ရာ ကပြန်လာတော့ လင်တော်မောင်ပစ်လာတဲ့ သားကောင်တွေကို သောတာပန်မလေးက ရောင်းသင့်တာရောင်း၊ ချက်သင့်တာချက်ဆိုတဲ့ အိမ်မှုကိစ္စတွေကို မလစ်ဟင်းအောင် လုပ်ကိုင်ပြီးနေတာကို သိမြင်နေတဲ့ရဟန်းတစ်ချို့ က” ဒီဒကာမလေး သောတာပန်ဆိုတာ ဖြစ်နိုင်ပါ့မလား” ရယ်လို့ သံသယစကား ဆိုကြတယ်။ ဒါကိုသိတော့ ဗုဒ္ဓက “အနာမရှိတဲ့လက် ဆားရည်ထဲနှိုက်ရင် မစပ်ဘူး”လို့ မိန့်တော်မူလိုက်ပါတယ်။

ကိုယ့်မှာ ကိလေသာအနာမရှိရင် အလှအပဆိုတာကို ကြောက်စရာမလိုဘူးလို့ တွေးယူနိုင်ပါတယ်။ လှပမှုကို ဖျက်ဆီးပြီးမှ တရားနဲ့ထိုက်တန်တယ်လို့ ဆိုတာမဟုတ်ပါဘူး။ ဗုဒ္ဓခေတ်က ခေမာမိဖုရားကြီးဆိုတာ ဧရာမ အလှဘုရင်မကြီးလို့ ပြောမယ်ဆို ပြောလောက်ပါတယ်။ ဘိက္ခုနီမပြုတဲ့အခါ ဆံပင်ပယ်ပြီး ဖန်ရည်ဆိုးအ ၀တ်ကို ရုံလိုက်တာပါဘဲ။ ကိုယ့်ရုပ်ရည်ကို ဖျက်စရာမလိုပါဘူး။

အမှန်စင်စစ် ရုပ်အပြစ်ဆိုတာ ရုပ်အဆင်းလှတာမလှတာနဲ့ မဆိုင်ပါဘူး။ “ယံရူပံ အနိစ္စံ ဒုက္ခံ ၀ိပရိဏာမ ဓမ္မံ အရံရူပဿ အာဒိနဝေါ” ဆိုတဲ့ သတ္တဋ္ဌာနသုတ်အရ မမြဲခြင်း ဖေါက်ပြန်ခြင်းဆိုတဲ့ သဘောတွေကိုသာ ရုပ် အပြစ်လို့ ဆိုတာဖြစ်ပါတယ်။

အပြစ်ရှိတဲ့ ရုပ်တွေကလွတ်အောင် ဘယ်လိုလုပ်ရမှာလဲ၊ ရုပ်တွေကို ဖျက်ဆီးပြီး လွှင့်ပြစ်ရမှာလား၊ မဟုတ်ပါဘူး။ “ဆန္ဒရာဂ ၀ိနယော ဆန္ဒရာဂ ပဟာနံ” ရုပ်အပေါ် စွဲလမ်းနှစ်သက်တတ်တဲ့ အလိုအာသကို ဆုံးမ ပယ်သတ်လိုက်ရင် ရုပ်မှလွတ်မြောက်သွားနိုင်ပါတယ်။ ဒါကြောင့် မယောင်ရာ ဆီမလူးမိစေဘို့ အမှန်အသိရှိကြ ဘို့ အလှနဲ့ပါတ်သက်တဲ့ ဓမ္မသဘောကို တင်ပြအပ်ပါတယ်။ ရုပ်စွဲ ဆန္ဒရာဂစွဲဆိုတဲ့ အကြောင်းသဘောလေးကို ပယ်သတ်နိုင်မယ့် အမြင်မှန် ပညာကို ပွားများနိုင်ကြပါစေ။


ယူနတီဂျာနယ် အတွဲ-  ၊ အမှတ်-  ၊   -  -၂၀၁၃ နေ့ထုတ်တွင် ပုံနှိပ်ဖေါ်ပြသည်။ 

Comments