Ko Aung Hmine - Good Tatmadaw

စစ်တပ်ကောင်းမှ တိုင်းပြည်ကောင်းမည်
ကိုအောင်မှိုင်း၊ အောက်တိုဘာ ၃၁၊ ၂၀၁၃
အရိုးအရင်းကိုက်မဲ့အထဲမှာ ငါမပါဘူးဆိုတဲ့အတွေးအခေါ်နဲ့သာ ကနေ့မြန်မာ့နိုင်ငံရေးကို ဦးဆောင်နိုင်လိမ့်မယ်လို့ ကျနော်ယုံ ကြည်တယ်။ ကျနော်ဆိုလိုချင်တာ ကနေ့မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါနေကြတဲ့ အတိုက်အခံဆိုသူတွေရော တိုင်းရင်းသား ခေါင်းဆောင်ဆိုသူတွေ အားလုံးကို ရည်ရွယ်ပြီးပြောတာပါ။ ကနေ့အရိုးအရင်းကိုက်ဘို့ တန်းစီနေကြသူတွေကို ကျနော်တခုတော့ ပြောချင်တယ်။ ကျနော်တို့ နိုင်ငံရဲ့ သဘာဝသံယံဇာတ ၆၀%ကျော်ဟာ အရင်းအမြစ်ကစပြုန်းတီးခဲ့ရပြီ။ ဥပမာသစ်တော အား လုံးရဲ့  လေးပုံသုံးပုံကို ခုတ်လှဲပစ်ခဲ့ပြီးပြီ။ မကြာမီကျနော်တို့မြန်မာနိုင်ငံမှာကျွန်းမျိုးတုန်းတော့မယ်။ ကျွန်းသစ် ၈၀%ကို ခုတ်လှဲ အပြောင်ရှင်းပြီးပြီဖြစ်တယ်။ပြန်လည်စိုက်ပျိုးပြုစုပျိုးထောင်မှုလဲ ကောင်းကောင်း မလုပ်နိုင်တာကြောင့် အနာဂါတ်မြန်မာ့ ကျွန်း သစ် ဆိုတာသမိုင်းစာအုပ်ထဲက မြန်မာ့ပြည်မှာ ရှိခဲ့ဘူးတဲ့ အလွန်တန်ဘိုးရှိတဲ့ သစ်မာပင်တမျိုးအဖြစ် မှတ်တမ်းတင်ခံရတော့ မှာပါ။
ဒီတော ဒီတောင် ဒီမြစ်တွေနောက် ဘာကျန်ဦးတော့မှာလဲ။ရောင်းစားဘို့နဲနဲသာကျန်တော့တဲ့ တောတောင်ရေမြေတွေအတွက် လုယက်ရောင်းစားဘို့ ကနေ့လူအချို့ သူ့ထက်ငါ တန်းစီနေကြတာတွေ့ရတော့ အတော်အတွေးအခေါ်နဲကြတာဘဲ ဒါမှမဟုတ် အလိုလောဘ အတော်ကြီးကြတာဘဲလို့ မှတ်ချက် ချမိတယ်။ကျနော်မျက်စိထဲမှာတော့ တောတောင်တွေထဲမှာ ကျားတွေဝံပုလွေ တွေ စားသောက်ပြီးကျန်တဲ့အရိုးအရင်းတွေကို စောင့်နေကြတဲ့ လဒတွေလိုပါဘဲ။ အတော်စိတ်ပျက်ဘို့ကောင်းတဲ့ အခြေအနေ လို့ပြောချင်တယ်။ ဘီလျံချီ အိတ်ထဲထည့်တဲ့ကောင်လဲ သူခိုးဘဲ။ အရိုးအရင်းအိတ်ထဲထည့်လဲ သူခိုးဘဲဆိုတာ ဆင်ခြင်ဘို့လိုတယ်။  ကျနော်တို့နိုင်ငံရဲ့   အနာဂါတ်ဟာ အတော်ကိုမဲမှောင်လွန်းတယ်လို့ အကြိမ်ပေါင်းများစွာ တွေးမိတယ်။ ရေးလဲရေးမိပါတယ်။ တောတောင်ရေမြေ သံယံဇာတမရှိတော့တဲ့နောက် ကျနော်တို့မှာ နည်းပညာကလဲမရှိဆိုတော့ ဘာလုပ်ကြမလဲဆိုတာလဲ အ ကြိမ်ပေါင်းများစွာ တွေးတောပူပန်မိတယ်။ ကျနော်မြင်တာကတော့ နောက်ဆုံးနည်းဖြစ်တဲ့ လူရောင်းစားတဲ့နည်းကို်လွယ်လွယ် ကူကူ သုံးကြတော့မယ် ဆိုတာပါဘဲ။လူရောင်းစားတဲ့နည်းဆိုတာ တိုက်ရိုက်လူကုန်ကူးတာမဟုတ်ပါဘူး။ တိုင်းသူပြည်သားတွေ ရဲ့  နိုင်ငံတကာမှာလှည့် ကျွန်ခံလို့ရတဲ့ ပြန်ပို့ငွေတွေရယ် နိုင်ငံတကာအစိုးရတွေဆီက ချေးငွေတွေကို ဗဟိုပြုလည်ပတ်စေတဲ့ ငါနဲ့ ငါ့အစိုးရသက်တမ်းဆိုတာပေါ် အခြေပြုစဉ်းစားတဲ့ နလဗိန်းတုံး စဉ်းစားမှုပါဘဲ။ ကနေ့သွားနေတာ အဲဒီလမ်းကြောင်းပါ။
ကိုယ်ကျင့်တရား  ဗလာနတ္တိ၊ ဂုဏ်သိက္ခာ  ၀တ်လစ်စလစ်ဖြစ်နေတဲ့ ပညာရှင်လိုလို တော်လှန်ရေးသမားလိုလို အတိုက်အခံ လိုလို ဆိုသူတွေနဲ့  ခိုးထားလုထားတဲ့ ငွေတွေကို ကာကွယ်ဘို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ လူတွေပူးပေါင်းကြံစည်နေကြတဲ့ ကနေ့ လယ်သမားတွေအပေါ် ကျူးလွန်မှုတွေ အလုပ်သမားတွေ အပေါ်ကျူးလွန်မှုတွေနဲ့ မရိုးသားတဲ့လုပ်ရပ်တွေကို အခိုင်အမာ ဖေါ်ထုတ်ဘို့လိုပါတယ်။ အခိုင်အမာပြောဘို့လိုတယ်။ ပြောလဲပြောရဲရပါမယ်။ ဒါဟာနိုင်ငံကိုချစ်တဲ့ နိုင်ငံကိုကာကွယ်လိုတဲ့ နိုင်ငံသားအားလုံးရဲ့ တာဝန်လဲဖြစ်ပါတယ်။ လယ်သမားတွေရဲ့ အကျိုးစီးပွါး အလုပ်သမားတွေရဲ့ အကျိုးစီးပွါးဟာ မြန်မာပြည်သူလူထုတရပ်လုံးရဲ့  ဘုံအကျိုးစီးပွါးဆိုတာ မမေ့ဘို့လိုပါတယ်။
ကနေ့ဦးသိန်းစိန်အစိုးရ ထင်သာမြင်သာရှိတဲ့ တိုင်းပြည်အကျိုးစီးပွါးကို မယ်မယ်ရရ ဘာတွေလုပ်နိုင်ခဲ့ပြီလဲ။ အရင်အစိုးရ အဆက်ဆက်လုပ်ခဲ့သလို သံယံဇာတရောင်းစားတယ် နိုင်ငံတကာလှည့်ပိုက်ဆံချေးတယ်။ ခြေသလုံးဖက်ပြီး အရင်အကြွေး တွေလျှော်ခိုင်းတယ်။ နောက်အကြွေးသစ်တွေယူတယ်။ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေလာလိုက်ရင် ငါတို့နိုင်ငံချမ်းသာပြီ ဆိုတာလောက် တွေးတတ်တာနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတာပြောပါရစေ။ နိုင်ငံခြားရင်းနှီးမှုဆိုတာကိုက သူ့အကျိုးစီးပွါးအတွက် သူလာလုပ်မှာပါ။ သူအကျိုးမရှိရင် သူလာလုပ်မှာမဟုတ်ပါဘူး။ ကနေ့နိုင်ငံတကာမှာ နည်းပညာခေတ်ထက် ကျော်လွန်တဲ့ ခေတ်ဆီရှေ့ရှုနေတဲ့ကာလမှာ အခြေခံပညာမူလတန်းတောင် ဆုံးအောင်မသင်နိုင်တဲ့ကလေး ၆၀% ဖြစ်လာနေတဲ့ ကျနော်တို့ နိုင်ငံမှာ ရင်းနှီးမြုတ်နှံဘို့ဆိုတာ အတော်ကိုအခက်အခဲရှိမယ်လို့ထင်တယ်။ ပညာရေး ကျမ္မာရေးစတဲ့ အခြေခံလူ့ဘ၀ရဲ့ လိုအပ် ချက်တွေအလွန်နိမ့်ကျတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးတည်ငြိမ်ဘို့ သိပ်ကိုခက်ခဲပါတယ်။ဒီလိုနိုင်ငံတွေမှာ ရင်းနှီးမြုတ်နှံမှုလုပ်ငန်း ကြီးကြီးတွေ မလုပ်ချင်ကြတာ ဓမ္မတာပါ။များသောအားဖြင့် နဲနဲရင်းများများ အမြတ်ကျန်ဘို့ မျှော်လင့်ချက်ရှိတဲ့ တနပ်စား စီးပွါး ရေးသမားတွေပဲလာကြမဲ့ အခြေအနေလို့ပြောရင် မှားမယ်မထင်ဘူး။
အလုပ်သမားတွေရဲ့  ရပိုင်ခွင့်အခွင့်အရေးအကြောင်းပြောပြန်ရင်လဲ စစ်တပ်နဲ့ ထိတ်တိုက်တွေ့ မယ်။ လယ်သမားတွေရဲ့  ရပိုင် ခွင့် အကြောင်းပြောပြန်ရင်လဲ စစ်တပ်နဲ့ထိတ်တိုက်တွေ့ မယ်။ ၀န်ထမ်းတွေရပိုင်ခွင့်အကြောင်းပြောပြန်ရင်လဲ စစ်တပ်နဲ့ ထိတ်တိုက်တွေ့ မယ်။ ပညာရေးဖြစ်ဖြစ် လူမှုရေးဖြစ်ဖြစ် ကျမ္မာရေးဖြစ်ဖြစ် ဘာအကြောင်းပြောပြော ကျနော်တို့နိုင်ငံမှာ စစ်တပ်နဲ့ ထိတ်တိုက်တွေ့ မယ်ါ ကိစ္စချည်း ဖြစ်နေတယ်။ စစ်တပ်ကဘာလို့နေရာတကာ ထိပ်တိုက်တွေ့ချင်နေရတာလဲ။စစ်တပ်ဆိုတာ လူထုရပိုင်ခွင့်ကို လိုက်ပိတ်ဆို့နေတဲ့ အဖွဲ့ အစည်းလား။ ကျနော်တော့ ကနေ့ ပညာရှင်လိုလို စာရေးဆရာလိုလို ဒီမိုကရေစီလိုလို ပွဲစားလိုလို ဒလျှို ဒလံတွေ ပြောနေဆိုနေသလောက်တော့ စစ်ခေါင်းဆောင်တွေ ပက်စက်ကြလိမ့်မယ်မဟုတ်ဘူးလို့ ထင်တယ်။ ကျနော်တို့နိုင်ငံ ဘယ်လောက်ဆင်းရဲနေပြီဆိုတာ စစ်ဗိုလ်ချူပ်တွေသိသလို စစ်တပ်ထဲက အရာရှိ အရာခံ အကြပ် တပ်သား တွေ ကိုယ်တိုင် သိနေကြတာပါ။ သူတို့က ဗိုလ်ချူပ်တွေထက် ဘ၀တွေရှိကြတယ်။ ဆင်းရဲတဲ့ဒါဏ်ကို သူတို့လဲ ခံနေကြရတာ ဖြစ်ပါတယ်။ စစ်သားတယောက်ရဲ့  အမြင့်ဆုံးမျှော်လင့်ချက်က ဘာလဲ။ စစ်သားတယောက်ရဲ့ သေနတ်က ရဟန်းရှင်လူ များ စွာကို သေကြေပျက်စီးနိုင်တယ်ဆိုတာ သူတို့သိဘို့ ကျနော်တို့ ကြိုးစားဘို့လိုတယ်။
ကျနော်တို့ပြောစရာရှိတာကို ပြောကိုပြောကြရပါမယ်။  တိုင်းပြည်အနာဂါတ်အတွက်ရိုးသားစွာ မကြောက်မရွံ့  ပြောကိုပြောကြ ရပါမယ်။ စစ်တပ်နဲ့ ထိပ်တိုက်တွေ့တော့လဲ ဘယ်တတ်နိုင်မလဲ။ ကျနော်တို့ အဖြစ်မှန်တွေကို သတ္တိရှိရှိရှင်းပြကြရပါလိမ့်မယ်။ အမှန်ကိုပြောဆိုတဲ့ပုဂ္ဂိုလ်တွေကို ကာကွယ်ဘို့ စစ်တပ်က တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိနေပါတယ်။ ကာကွယ်ကြ လိမ့်မယ်လို့လဲ ကျနော်ယုံကြည်တယ်။ ကနေ့ ဥပဒေဆိုတာတွေက  သူခိုးမှာအပြစ်မရှိဘဲ  အခိုးခံရသူတွေမှာ  အပြစ်ရှိနေတဲ့ ကာလဆိုးကြီးပါ။ လယ်သမားတွေ လယ်အလုခံရတယ်။ ပြန်တောင်းတော့ တရားခံဖြစ်တယ်။ ရိုးရိုးသားသား စဉ်းစား ကြည့်ရင် ရှုပ်ရှုပ်ထွေးထွေးမရှိပါဘူး။ အလုပ်သမားတွေ မတန်တဆအလုပ်လုပ်ကြရတယ်။ ရတဲ့လခကြတော့ နည်း အမျိုးမျိုးနဲ့ ဖြတ် တောက်လုယက် ဂုတ်သွေးစုတ်ကြတယ်။ ဒီအတွက် တရားမျှတဘို့ ပြောပြန်ရင်လဲ ပြောတဲ့လူတရားခံ ဖြစ်ပြန်ရော။ တကယ် တော့ သူတို့တောင်းနေတဲ့ အခွင့်အရေးတို့ ရပိုင်ခွင့်တို့ဆိုတာ နှစ်ပဲခြောက်ပြားပါဗျာ။ ဘယ်သူတွေ ဘယ်လောက်ချမ်းသာ ကြတယ်ဆိုတာ လူတိုင်းသိနေကြတာပါဘဲ။ အလုပ်သမားတယောက်ရဲ့ တလစာ လစာမဟုတ်ပါဘူး တနှစ်စာ လစာဟာ ချမ်းသာ တယ် ဆိုတဲ့သူတွေ ရှော့ပင်း တရက်စာမရှိပါဘူး။ ဒေါ်လာတထောင်လောက်ဘဲရှိတာပါ။စာနာစိတ်ရှိမယ်ဆိုရင်စာနာနိုင်အောင် ပြောတာပါ။
တိုင်းပြည်ကောင်းအောင်ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ သေချာတာက ဗမာပြည်မှာ တိုင်းပြည်ကောင်းအောင်လုပ်ဘို့ နည်း တခုထဲရှိပါတယ်။အဲဒါကတော့ ဗမာ့တပ်မတော်ကို် ကောင်းအောင်လုပ်နိုင်တာနဲ့အမျှ ကျနော်တို့တိုင်းပြည်ကောင်းလာမှာဖြစ် ပါတယ်။ ဗမာ့တပ်မတော်က ခေါင်းဆောင်တွေ လောဘ ဒေါသ မောဟတွေ လျှော့လာတာနဲ့အမျှ  တိုင်းပြည်ပိုကောင်းလာ မှာဖြစ်သလို တိုင်းသူပြည်သားတွေလဲ စိတ်ချမ်းသာလာမှာပါ။ အဓိကကတော့ တပ်တည်ဆောက်ရေးလုပ်ဘို့ လိုနေပြီဆိုတာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာစံချိန်စံညွန်းနဲ့ညီတဲ့ စစ်တပ်ဖြစ်အောင်ကျိုးစားသင့်တယ်။လူထုရဲ့ ကြည်ညိုလေးစားမှုရဘို့ ပုခုံးက ကြယ်တွေကို ရွှေအစစ်နဲ့ လုပ်ထားလဲ မရပါဘူး။ လူထုအကျိုးစီးပွါးကို ဦးထိပ်ထား ကာကွယ်ပေးနိုင်ရင် ဘောင်းဘီဖင်ပေါက် ပါစေ လူထုရဲ့ လှိုက်လှိုက်လှဲလှဲ ကြည်ညိုလေးစားမှုကို ရကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဗမာ့တပ်မတော်ကို အတွေးအခေါ်က အစ ပြောင်းကြဘို့ကျိုးစားစေချင်တယ်။ အလွန်ကိုစုတ်ပဲ့တဲ့ အတွေးအခေါ်ကလာတဲ့ တပ်မတော်သည်အမိ တပ်မတော်သည် အဖ ဆိုတာမျိုးကို ချက်ခြင်း ပြောင်းကြဘို့လိုပါတယ်။ ပြည်သူသာအမိ ပြည်သူသာအဖ ဖြစ်သင့်ပါတယ်။ တခါက ဗိုလ်ချူပ် တယောက်ပြောဘူးတာ သတိရမိတယ်။ကျူပ်တို့တပ်က ကျူပ်တို့ဘာသာ ကျူပ်တို့ ရှာစားနေတာဖြစ်တယ်။လူုထုဆီက ပိုက်ဆံ တပြားမှာ သုံးနေတာမဟုတ်ဘူး လို့ပြောဘူးတယ်။ သူကဗိုလ်ချူပ်အဆင့်ဆိုတော့ ကျန်တဲ့လူတွေလဲ ဘာမှပြန်မပြောကြ တော့ပါဘူး။ တကယ်တော့သူတို့ ရှာစားနေတယ်ဆိုတာ လူထုစားမဲ့ ထ္မင်းလုပ်ကို ပါးစပ်ဝက သေနတ်ပြ ဇွတ်လုယက်ယူငင် စားသောက်နေတာဆိုတာကို သူတွေးမိဟန်မတူဘူး။ ကျနော်တို့ မြန်မာပြည်အခြေအနေက စစ်တပ်ကောင်းမှ တိုင်းပြည် ကောင်းမဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ ကမ္ဘာမှာ စစ်တပ်ကောင်းတဲ့ နိုင်ငံတိုင်း တိုင်းသူပြည်သားတွေ လုံလုံခြုံခြုံနဲ့စိတ် အေးချမ်းသာနေကြရလေ့ရှိတာ အထင်အရှားပင်ဖြစ်ပါတယ်။ဆိုလိုတာက စစ်တပ်က ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့် အလုပ်ကိုယ်လုပ်နေကြတာကို ထောက်ပြတာပါ။ နိုင်ငံရေးမှာ စစ်တပ်က ပါဝင်ပါတ်သက်လာပြီဆိုရင်တော့ စစ်တပ်လဲ သမိုင်းကွေး လူထုလဲ အတိဒုက္ခရောက်ဆိုတဲ့ကိန်းပါဘဲ။ လက်ရှိစစ်တပ်ခေါင်းဆောင်များ သတိချပ်ဘို့လိုပါတယ်။
အခုလဲ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေအကြောင်း ပြောရုံရှိသေးတယ်။ စစ်တပ်နဲ့တိုးမှာတို့ နောက်ကြောင်းပြန်မှာတို့ စစ်တပ်က အာဏာသိမ်းမှာတို့ စုံနေတာပါဘဲ။ ဗမာ့တပ်မတော်ဟာ တကယ့်ကို ဗီလိန်နေရာ ရောက်နေသလိုဖြစ်နေတယ်။ ဗမာ့တပ်မ တော်ဟာ သူတို့ပြောသလို နလပိန်းတုန်းတွေနဲ့  ဖွဲ့ ထားတဲ့ အဖွဲ့ အစည်းလား။ သူတို့ပြောသလို ပြည်သူလူထုကို သတ်ကြ ဖြတ်ကြတော့မဲ့ မာဖီးယားလို ငတေတွေလား။ ကျနော်တော့ ဒီလိုမဖြစ်နိုင်ဘူးလို့ထင်တယ်။ဒီအသံတွေဟာ ကြံ့ဖွံ့ က လူဆိုးလူမိုက်တွေရဲ့ ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးအတွက် စစ်တပ်နဲ့ လူထုကို တိုက်ပေးနေတဲ့ အသံတွေလို့ထင်တယ်။ ကြံ့ဖွံ့ ပါတီဟာ စစ်တပ်အားကိုးနဲ့  လူထုကိုဗိုလ်ကျနေကြတာပါ။ လူထုထောက်ခံမှု လုံးဝရှိတဲ့ ပါတီမဟုတ်ပါဘူး။ မဲခိုးမဲလိမ် ကြိုတင်မဲ ဆိုတာ တွေသာမရှိရင် ကိုယ်စားလှယ်နေရာ ၁၀နေရာရဘို့တောင် မလွယ်တဲ့ပါတီဆိုတာ လူတိုင်းသိနေတာပါ။ လူထုကတော့ ကိုယ် လုပ်ရမဲ့အလုပ်ကို လုပ်ကိုလုပ်ကြရမှာဖြစ်ပါတယ်။ စစ်တပ်နဲ့တိုးတာ မတိုးတာက စစ်တပ်ရဲ့ ကနေ့ခေါင်းဆောင်နေတဲ့ မျိုးဆက်သစ်တွေ ဆုံးဖြတ်ရမယ့် ကိစ္စသာဖြစ်ပါတယ်။
လူထုကနေ့သွားနေတဲ့လမ်းက စစ်တပ်ဆန့်ကျင်ရေးမဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးဆိုတာ စစ်ခေါင်းဆောင်တွေ အမျှော်အမြင်ရှိရှိ ဆင်ခြင်စေချင်ပါတယ်။၂၀၀၈ဖွဲ့ စည်းပုံကို ပြင်ဘို့တို့အသစ် ပြန်ရေးဘို့ဆိုတာ လူထုကဆုံးဖြတ်ရမှာဖြစ်ပြီး၊ ဒါတွေရဲ့ အနှစ်သာရဟာ စစ်တပ်ကိုဆန့်ကျင်နေတာမဟုတ်ဘဲ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်နေတာသာဖြစ်တာမို့ တပ်မတော်မှာ အရာရှိ အရာခံ အကြပ် တပ်သားအားလုံး ပူးပေါင်းပါဝင်သင့်ကြောင်း အလေးအနက် အကြံပြုလိုပါတယ်။  စစ်တပ်ကောင်းမှ တိုင်းပြည်ကောင်းမည်။  စစ်တပ်ကောင်းမှ တိုင်းပြည်ချမ်းသာမည်။ စစ်တပ်ကောင်းမှ လူထုအေးချမ်း လုံခြုံမည်။ စစ်တပ်ကောင်းမှ အနာဂါတ်မျိုးဆက်တွေအတွက်  စိတ်အေးကြရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

ကိုအောင်မှိုင်း
၂၄ရက် အောက်တိုဘာလ ၂၀၁၃ခုနှစ်။