International Day for Elimination of Violence against Women

အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသောကမ္ဘာဆီသို့
ဆူးအယ်လ်လင်း
နိုဝင်ဘာ ၃၀၊ ၂၀၁၃



 အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်ပွဲကို နိုဝင်ဘာလ ၂၄ရက်ညနေက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ  အမျိုးသမီးအဖွဲ့ပေါင်း ၂၈ ဖွဲ့ ပါဝင်ခဲ့ကြသည်။ 



ဓာတ်ပုံ - ဇင်မာအောင်ဖေ့စ်ဘုတ်


     ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို Colours Rainbow အဖွဲ့မှ တာဝန်ရှိသူလည်းဖြစ်၊ ပွဲကျင်းပရေး ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်တဲ့ မမြတ်နိုးဖြူက “အမျိုးသမီးကို အကြမ်းဖက်မှုဖြစ်နေတဲ့ဥစ္စာတွေက အစ်မတို့ အခုလို တစ်နှစ်တစ်ခါလုပ်မှ ဒီဟာကို နှိုးဆော်တာ မဟုတ်ပါဘူး။ အစ်မတို့ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ခံစားနေရတယ်ဆိုတော့ အဲဒီ အကြမ်းဖက်မှုခံနေရတာတွေ လျှော့ကျဖို့ လိုတယ်၊   ငြိမ်းချမ်းရေးလိုတယ၊ ငြိမ်းချမ်းမှသာ အစ်မတို့ လိုချင်တဲ့ စီးပွါးရေး၊ပညာရေး၊ကျန်းမာရေးတွေ ပိုပြီးတော့မြင့်လာမှာဖြစ်တယ်။ အမျိုးသမီးတွေပေါ် အကြမ်းဖက်မှု ရပ်တန့်မှသာ ငြိမ်းချမ်းမှုကို ဖြတ်သန်းလို့ရမယ်ဆိုတဲ့ message ပေးချင်ပါတယ်” ဟု မိုးမခသို့ ပြောသည်။

     ဆက်လက်၍အမျိုးသမီးများ မည်သည့်နေရာတွင်မဆို ပါဝင်ခွင့်ရှိသည်။  အစိုးရပိုင်းတွင်ဖြစ်စေ၊ ဆုံးဖြတ်ချက်ချရမည့် အပိုင်းတွင်ဖြစ်စေ အမျိုးသမီးများ ပါဝင်နိုင်ခွင့် ရှိရမည်။  အမျိုးသမီးများ လုပ်နိုင်သည့်အရာများအား အမျိုးသားများက အသိမှတ်ပြုပေးစေချင်ကြောင်း တကယ့်နိုင်ငံကြီးများ၏ ဆွေးနွေးပွဲများ ဆုံးဖြတ်ချက်များ ချရသည့်အပိုင်းများတွင် အမျိုးသမီးများ ပါဝင်ခွင့်ရှိမည်ဆိုပါက လက်ရှိတာဝန်ယူထားသည့် သူများ၏တာဝန်များ သက်သာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ပညာရေးပိုင်းတွင် အမျိုးသမီးများဆေးကျောင်းတက်ခွင့်ရမည့် အမှတ်နှင့် အမျိုးသားများဆေးကျောင်းတက်ခွင့်ရမည့် အမှတ်များခွဲခြားထားခြင်း၊
စီးပွါးရေး အဆင်မပြေသည့် အိမ်များ၏ ပညာရေးတွင်ရွေးချယ်ရမည်ဆိုလျှင် အမျိုးသားများကိုသာ ဦးစားပေးခြင်း၊
အိမ်မှုကိစ္စနိုင်လျှင် အမျိုးသမီးများ အိမ်ထောင်ပြု၍ အိမ်မှုကိစ္စများနှင့်သာ အချိန်ကုန်ရသည်များက မြန်မာ နိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြသည့် ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာခြင်း စသည်တို့မှာ နေ့စဉ် ရင်ဆိုင်နေကြရသည့် ခွဲခြားဆက်ဆံခံရမှုများဖြစ်သည်ဟုအမျိုးသမီးအရေး လှုပ်ရှားသူတို့ကထောက်ပြကြသည်။

     ယခုကဲ့သို့ အမျိုးသမီး ခွဲခြားဆက်ဆံခံရမှုများ၊ အကြမ်းဖက်မှုများ ပပျောက်ရေး လှုံ့ဆော်ပွဲကို ကျင်းပခဲ့ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး  ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကလည်း စီတန်းလမ်းလျှောက်ပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။