ဇော်အောင် (မုံရွာ) - Serge Pun @ ဦးသိမ်းဝေ

Serge Pun @ ဦးသိမ်းဝေ 
(born 1953) SPA Group, Myanmar, Singapore, Hong Kong, Thailand, China ..etc. 
ဇော်အောင် (မုံရွာ)
နိုဝင်ဘာ ၃၀၊ ၂၀၁၃



မြန်မာနိုင်ငံက သူဌေးကြီးများဟာ ခြစားမှုစစ်အာဏာရှင်များနဲ့ အတူလုပ်ကိုင်ရင်း ခရိုနီစီးပွားရေးစနစ်ကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ခရိုနီမဟုတ်ဘူး၊ လာဘ်မပေးဘူးလို့ ပြောရဲတဲ့ မြန်မာပြည်ကသူဌေး ဘယ်နှစ်ယောက်ရှိပါသလဲ။ ဦးသိမ်းဝေ ဆိုသူကတော့ အဲဒီလိုပြောရဲတဲ့လူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂နောက်ပိုင်း အိမ်ခြံမြေ Real Estate နဲ့ နိုင်ငံခြားကုမ္ပဏီများဝင်လာချိန်မှာ ငှားရမ်း၊ ရောင်းဝယ်ရင်း၊  အခုခေတ်စားနေတဲ့၊ Star City အိမ်ယာလုပ်ငန်းများနဲ့အတူ၊ ဦးသိမ်းဝေရဲ့ SPA Group ဟာ ဝန်ထမ်း၎ထောင်ကျော်နဲ့ ကြွယ်ဝချမ်းသာလာခဲ့ပါတယ်။ Forbes Asia , Sep 2013 စာအုပ်မျက်နှာဖုံးမှာ ဖေါ်ပြခံရပါတယ်။ သူတို့ SPA Group အဖွဲ့ရဲ့ Yoma ကုမ္ပဏီဟာ စင်ကာပူစတော့အိတ်ချိန်းမှာ တစ်ခုတည်းသော မြန်မာကုမ္ပဏီအဖြစ် စာရင်းဝင်ခွင့်ရထားပြီး ဦးသိမ်းဝေ Citizenship - Myanmar ကို စင်ကာပူက အချမ်းသာဆုံးလူ ၅၀စာရင်းမှာ အမှတ်စဉ် ၃၈ (US$500 million) အဖြစ် သတ်မှတ်ထားပါတယ်။ 

ဒါလောက်တောင် ခရိုနီမဟုတ်ကြောင်း၊ လာဘ်မပေးကြောင်း ပြောရဲတဲ့ ဦးသိမ်းဝေ ဘဝအကြောင်း အနည်းငယ် ဆင်ချင်ကြည့်ချင်ပါတယ်။

မြန်မာပြည်ဖွားလူငယ်တစ်ဦး
ဦးသိမ်းဝေရဲ့ ဖခင်ဟာ တရုပ်ကွန်မြူနစ်ထောက်ခံသူ၊ လက်ဝဲသမားဖြစ်ပြီး မြန်မာပြည်မှာဘဏ်လုပ်ငန်း လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၅၃မှာ ဦးသိမ်းဝေ မြန်မာပြည်မှာမွေးဖွားခဲ့ပါတယ်။ ၁၉၆၂ခုနှစ် စစ်ဗိုလ်ချုပ်ဦးနေဝင်း စစ်အာဏာသိမ်းပြီချိန်မှာ ဦးသိမ်းဝေ ငယ်စဉ်ကာလအချိန်၊ ဆယ်ကျော်အသက်အရွယ်ပါ။  ဖခင်ရဲ့ လုပ်ငန်းများ ပြည်သူပိုင်သိမ်းခံရပါတယ်။ ၁၉၆၅ မှာ ဖခင်နဲ့မိသားစုအားလုံး မြန်မာပြည်က အပြီးထွက်ခွာပြီး တရုပ်နိုင်ငံ၊ ပီကင်းမြို့မှာ အခြေချခဲ့ပါတယ်။  ပီကင်းမြို့ Oversea Chinese School မှာ နိုင်ငံခြားသားအဖြစ် ကျောင်းနေခဲ့ပါတယ်။ တရုပ်ပြည်ရောက်ပြီး ၉လအကြာ ယဉ်ကျေးမှုတော်လှန်ရေးကြီးဖြစ်ပြီး၊ ဦးသိမ်းဝေတို့ ဆယ်ကျော်သက်အရွယ်များ တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။ ၄နှစ်အကြာ ဦးသိမ်းဝေတို့ကို နယ်စပ်လယ်ယာစခန်းကိုပို့လိုက်ပါတယ်။ လယ်သမားများနဲ့ အတူနေထိုင်၊ လုပ်ကိုင်ခဲ့ရပါတယ်။ ၁၉၇၃ခုနှစ် အသက်၂၀အရွယ်မှာ တရုပ်ပြည်က ထွက်ခွာဖို့အခွင့်သာလို့ ဟောင်ကောင်ကို ရထား၊ မော်တော်ဘုတ်နဲ့ ရောက်ရှိပြီး အလုပ်ကိုင်ရှာဖွေခဲ့ပါတယ်။ ထွက်လာစဉ်က လက်ထဲမှာ HK$5.00 (ဟောင်ကောင်ငါးဒေါ်လာ) ပဲပါပြီး ခက်ခဲစွာ၊ ရုန်ကန်ရပါတယ်။ လေသန့်စက်များကို အိမ်များ၊ ကုမ္ပဏီများ ထံ အရောက်သွားပြီး လိုက်လံရောင်းချတဲ့အလုပ်လုပ်ခဲ့ပါတယ်။ ဂျာမန်လူမျိုးတစ်ဦးဖြစ်တဲ့ Elmer Busch ဆိုသူရဲ့ အိမ်ခြံမြေကုမ္ပဏီဆီကို လေသန့်စက်လာရောင်းချိန်မှာ အင်္ဂလိပ်စကား၊ မပြောတတ်၊ပြောတတ် Broken English နဲ့ပြောပါတယ်။ Elmer Busch ကသဘောကျပြီး ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းတွေမှ အလုပ်စတင်ခန့်ပါတယ်။ ၁၀နှစ်လောက် အိမ်ခြံမြေလုပ်ငန်းကို လေ့လာခဲ့ပါတယ်။ ဟောင်ကောင်ကနေ ကနေဒါ၊ ဥရောပနိုင်ငံများအထိ စေလွှတ်ပြီး လုပ်ငန်းလုပ်ကိုင်စေရင်း အမြင်ကျယ်လာပါတယ်။ အိမ်ခြံမြေလုပ်ငန်းကို ကျွမ်းကျင်သူဖြစ်လာခဲ့ပါတယ်။ 

ဟောင်ကောင်တင်မကပါ။ တရုပ်ပြည်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှာလည်း ကိုယ်ပိုင်ကုမ္ပဏီများနဲ့ လုပ်ငန်းအောင်မြင်လာပါတယ်။ နောင်တချိန်မှာ သူရဲ့ကုမ္ပဏီကြီးမှာပဲ သူရဲံ့ဆရာဖြစ်သူ ဂျာမန် Elmer Busch ကို ပြန်လည်ခေါ်ထားပြီး၊  Yoma Strategic’s property division ကနေဒါမှတဆင့် စီမံလုပ်ကိုင်စေပါတယ်။

မြန်မာပြည် ရှစ်လေးလုံးအရေးအခင်းအပြီး
ဦးသိမ်းဝေ မြန်မာပြည်ကို ၁၉၉၀နောက်ပိုင်း ပြန်ဝင်လာခဲ့ပါတယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ရုတ်သိမ်းလိုက်ပြီးဖြစ်တဲ့အတွက် ပြန်လည်အခြေချလုပ်ကိုင်ဖို့ဖြစ်လာပါတယ်။ အိမ်ခြံမြေဆောက်လုပ်ရေးများကိုလုပ်ကိုင်ရင်း၊ မိတ်ဆွေတစ်ဦးရဲ့ မိတ်ဆက်ပေးမှုကြောင့် ထိုအချိန်က ကုန်သွယ်ရေးနဲ့စီမံဘဏ္ဍာရေးဝန်ကြီးဖြစ်နေသူ ဗိုလ်ချုပ်အေဘယ် General David Abel နဲ့ စတင်တွေ့ဆုံခဲ့ရပါတယ်။ နိုင်ငံခြားရင်းနှီးမှုများ အထူးလိုအပ်နေချိန်မှာ ပြည်ပရင်းနှီးမှုများစွာ မြန်မာပြည်ကိုသယ်လာမဲ့ ဦးသိမ်းဝေရဲ့ ကုမ္ပဏီကို ဗိုလ်ချုပ်အေဘယ်က အားပေး၊ လုပ်ကိုင်စေပါတယ်။ ဖခင်သေဆုံးပြီး အမေရိကန်နိုင်ငံဟာဝိုင်ရီမှာ နေထိုင်တဲ့ မိခင်ဖြစ်သူကို ၁၉၈၉မှာ မြန်မာပြည်ပြန်ခေါ် အခြေချစေပါတယ်။ ရိုးမဘဏ်ကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။ ရန်ကုန်က အစိုးရပိုင်ဟော်တယ်ကြီးတစ်ခုကို လွှဲပြောင်းရယူပြီး၊ ပုဂ္ဂလိကပြောင်းပြီးလုပ်ကိုင်ဖို့ အသေချာ၊ ပြင်ဆင်ပြီပါတယ်။ အစိုးရဝန်ကြီးအပြောင်းအလဲနဲ့ ဟိုတယ်ကို တခြားတယောက်က မိုးကျရွှေကိုယ်လုပ်ခွင့်ရသွားပါတယ်။ လာဘ်စားမှုမသင်္ကာဖြစ်မိတယ်လို့ ဦးသိမ်းဝေက ပြောပါတယ်။ အသေချာလုပ်ထားတဲ့ ဟိုတယ်စီးပွားရေး သူများလက်ထဲရောက်သွားတော့၊ စိတ်အလွန်ပျက်သွားပြီး၊ အဲဒီဟိုတယ်ရှေ့ကို ကားတောင် စီးမသွားဖြစ်တာ နှစ်အတော်ကြာပါတယ်။ 

ပထမဆုံး အောင်မြင်တဲ့ အိမ်ခြံမြေလုပ်ငန်းကတော့ လှိုင်သာယာ၊ ရန်ကုန်မြစ်တဖက်ကမ်းက FMI City အိမ်ယာများဖြစ်ပါတယ်။ ဧက ၅၀၀ လုံးခြင်းအိမ်ယာများကို ဆောက်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ ဒုတိယလုပ်ငန်း ဧက၆၀၀ ပန်လှိုင်ဂေါက်ကွင်း၊ အိမ်ယာလဲ အောင်မြင်ပါတယ်။  ဒေါ်လာ၂၁သန်း ပန်းလှိုင်ဆေးရုံ နဲ့ လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း ကြီးပွားလာခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်များ ဂေါက်သီးရိုက်ကစားကြတာကို အကွက်မြင်တဲ့ ဦးသိမ်းဝေဟာ ပန်းလှိုင်ဂေါက်ကွင်း အထူးဒီဇိုင်းလုပ်ပြီး တည်ဆောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်များ လာရောက်ကစားကြတဲ့ ကွင်းဖြစ်ပါတယ်။ ဒီဂေါက်ကွင်းနဲ့ ပတ်သက်ပြီး Forbes Interview မှာ ဦးသိမ်းဝေပြောတဲ့ အင်္ဂလိပ်စကားအတိုင်း ပြန်ရေးရင်  “No Generals can play free on my course, they have to pay”...။  ၁၉၉၇ အရှေ့တောင်အာရှစီးပွားကပ်နောက်ပိုင်းမှာ ဘဏ်လုပ်ငန်းအားလုံး အတုံးအရုံး ပျက်စီးရပါတယ်။ မြန်မာပြည်အကြီးဆုံး ပုဂ္ဂလိကဘဏ်ကြီး၂ခု ကျဆုံးသွားပါတယ်။ ရိုးမဘဏ်ကိုတော့ လိုင်စင်ဆက်လက်ယူထားပေမဲ့ ငွေစုဆောင်း/ချေးငှားခွင့် မရတော့ပါဘူ။ 

အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ခရိုနီစီးပွားရေးစနစ်ဟာ အဲဒီအချိန် ၁၉၉၇ ကတည်းက စတင်ခဲ့တယ်လို့ ဦးသိမ်းဝေက ပြောပါတယ်။



Mr. Clean နာမည်ကိုဂုဏ်ယူတဲ့ ဦးသိမ်းဝေ
Serge Pun လို့ လူသိများတဲ့၊ မြန်မာနာမည် ဦးသိမ်းဝေ၊  မြန်မာနိုင်ငံမှာ Mr. Clean ဆိုတဲ့နာမည် ရတဲ့အတွက် အလွန်ဂုဏ်ယူတယ်လို့ဆိုပါတယ်။ အင်တာဗျူးမှာ He’s proudest of being called Burma’s Mr. Clean, the man who dared to say no to the grasping generals. “I’ve never paid a cent. But I’ve never been short of opportunities “, “There is no difference between personal life and work life; it’s always the same thing.”, “We paid a high price during the dark years, at the brink of elimination. We stood firmly to our principles.” လို့ပြောပါတယ်။   Forbes Asia မဂ္ဂဇင်းမှာ ...He styles himself as a principled businessman who says no to corruption and isn’t afraid to make enemies. လို့..ရေးထားပါတယ်။ 

ရိုးမဘဏ်မှာလည်း အပြစ်မကင်းပါဘူး။ ဘဏ်ငွေများကို ထုတ်ယူခွင့်ပိတ်ပင်လိုက်စဉ်က ငွေတွေကို မိမိတို့လုပ်ငန်းများမှာအသုံးချလိုက်ပါတယ်။ ပြည်သူလူထု အပ်နှံငွေများကို မိမိရဲ့စည်းမျဉ်းကိုဖေါက်ဖျက်ပြီး လုပ်ရတာကို ဝန်ခံခဲ့ပါတယ်။ ဘဏ်အားလုံး ဒီလိုလုပ်ခဲ့ကြတာပဲလို့ ပြောပါတယ်။ နှစ်အနည်းငယ်ကြာပြီး အပ်နှံငွေအားလုံးပြန်ထုတ်ပေးခဲ့ပါတယ်။ 

ထိုစဉ်က မြန်မာအစိုးရဗဟိုဘဏ်ထံ ငွေအားလုံးကို ပြန်အပ်စေပါတယ်။ ပြင်ပလုပ်ငန်းရှင်များလဲ ချေးငွေအားလုံးပြန်အပ်စေပါတယ်။ စီးပွားလုပ်ငန်းများကို တာဝန်ခံရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့ တစ်ဦးတည်းလုပ်ရပ်များက မြန်မာ့ဘဏ်၊ငွေကြေးလုပ်ငန်းများကို တချက်တည်းနဲ့ ရိုက်လှဲလိုက်သလို ဖြစ်သွားပါတယ်။  စီးပွားရေးလုပ်ငန်းအားလုံးလဲ ဆက်လက်နာလံမထူနိုင်ခဲ့ပါဘူး။ ၁၀နှစ်လောက် ကြံ့ကြံ့ခံလုပ်နိုင်တာလည်း ဦးသိမ်းဝေကို ပြည်ပက SPA Group များရဲ့ ထောက်ပံ့မှုများကြောင့်ဖြစ်ပါတယ်။ အဲဒီ တာဝန်ခံ စစ်ဗိုလ်ချုပ်နဲ့ ဦးသိမ်းဝေတို့ ဆက်ဆံရေးအဆင်မပြေပါဘူး။ အဲဒီ စစ်ဗိုလ်ချုပ်ရဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို ခံရပါတယ်။ ၂၀၁၁ သမ္မတဦးသိန်းစိန်အစိုးရသစ်မှာ ဦးသိမ်းဝေတို့ စီပွားရေးအခြေအနေပြန်ကောင်းလာခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ ဘိလပ်မြေစက်ရုံများ၊ လက်လီကုန်တိုက်များကို ရင်းနှီးမြှတ်နှံ တည်ဆောက်ပါတယ်။  ရိုးမဘဏ်လုပ်ငန်းကို အစိုးရကခွင့်ပြုခဲ့ပေမဲ့ အဆိုပါ စစ်ဗိုလ်ချုပ်တစ်ဦးလက်ထဲမှာ ဘဏ်လုပ်ငန်းအပြည့်အဝလုပ်ပိုင်ခွင့် လိုင်စင် ကြံ့ကြာနေပါတယ်။ အဲဒီစစ်ဗိုလ်ချုပ်ဟာ အစိုးရသစ်မှာ ဒုသမ္မတဖြစ်နေပါတယ်။ တစ်နှစ်လောက် ကြံ့ကြာပြီးမှာ ဒုသမ္မတအသစ်ပြောင်းသွားတဲ့အချိန် စက်တင်ဘာ ၂၀၁၂ ကျမှ ရိုးမဘဏ်လုပ်ငန်းလိုင်စင်ရရှိသွားပါတယ်။ ၁၀နှစ်ကျော် ကြံ့ကြံ့ခံ ကြိုးစားမှုရဲ့ ရလဒ်၊ အသီးအပွင့် ခံစားရပါတယ်။ အဲဒီအချိန်မှာ အိမ်ခြံမြေဈေးကွက်ကလည်း ဈေးမဆမတန် တက်သွားတဲ့အတွက် SPA Group ပိုမိုချမ်းသာလာပါတယ်။ ရိုးမရဲ့ အဓိကဝင်ငွေများဟာ အိမ်ခြံမြေ၊ ရုံးခန်းများကို ရောင်းချရာမှ ရရှိလာခြင်းဖြစ်ပါတယ်။ အမေရိကန်သူဌေးကြီး ဂျော့ခ်ျဆိုးရိုးလည်း SPA, Yoma မှာ လာရောက်ရင်းနှီးမြှတ်နှံပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တင်ဒါဝင်ပြိုင်ခဲ့ပါသေးတယ်။ မအောင်မြင်ခဲ့ပါဘူး။ ရန်ကုန်မှာ ခေတ်နဲ့လျှော်ညီတဲ့ ရုံးခန်းလည်း အနည်းငယ်ပဲရှိပါတယ်။ ဦးသိမ်းဝေ ခန့်မှန်းချက်ကတော့ 430,000 sq feet ပဲရှိမယ်။ ဒါကြောင့် ရုံးခန်းဈေးနှုန်းဟာ ဟောင်ကောင်ထက်ဈေးကြီးနေတာ မဆန်းပါဘူး..လို့ ပြောပါတယ်။ 

ဟောင်ကောင်မှာနေရင်း ဟောင်ကောင်အမျိုးသမီးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဟောင်ကောင်အခြေပြု၊ အိမ်ခြံမြေ၊စက်ရုံ၊ရှော့ပင်စင်တာများကို တရုပ်၊ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံများကတဆင့် မြန်မာပြည်မှာ SPA Group အဖြစ်အောင်မြင်လာတဲ့ MR SERGE PUN @THEIM WAI, Executive Chairman ကိုယ်ရေးရာဇဝင်အကျဉ်းနဲ့ ငွေစာရင်းရှင်းတမ်း၊ သူတို့ရဲ့လစာငွေ အားလုံးကို ကုမ္ပဏီဝက်ဆိုဒ်မှာ ပွင့်လင်းစွာဖတ်ရှုနိုင်ပါတယ်။  MR MELVYN PUN , MR CYRUS PUN သားနှစ်ဦးလည်း ဒါရိုက်တာအဖွဲ့ဝင်ဖြစ်ပါတယ်။ 

၂၀၀၆ ခုနှစ်မှာ စင်ကာပူစတော့အိတ်ချိန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Sea View Hotel Limited ကို ဝယ်ယူလိုက်ပါတယ်။  နာမည်ကို Yoma Strategic Holdings Ltd လို့ပြောင်းပေးလိုက်ပြီး အဓိကလုပ်ငန်းအဖြစ် မြန်မာပြည်ရဲ့ property development, construction များကိုလုပ်ပါတယ်။ မြန်မာပြည်မှာ ရိုးမဘဏ်လိုင်စင်ပြန်လည်ရရှိပြီးနောက်ပိုင်း ကုမ္ပဏီရှယ်ယာဈေး ၁၀ဆကျော် တက်လာပြီး ၂၀၀၃နိုဝင်ဘာလ Yahoo Stock အရ တန်ဘိုးဒေါ်လာ ၈၆၇သန်း ရှိပါတယ်။ မြန်မာပြည်စီးပွားရေးမှာ ပွင့်လင်းမြင်သာမှု ရှိလာတာနဲ့အမျှ ဦးသိမ်းဝေတို့ FMI City, SPA Group နဲ့အလားတူ ကုမ္ပဏီများ မြန်မာပြည်ကို တဟုန်ထိုးဝင်ရောက်လာကြမှာဖြစ်ပါတယ်။ ၂၀၁၅ နောက်ပိုင်းကို စောင့်ကြည့်နေကြပါတယ်။ မြန်မာကုမ္ပဏီများ ရင်းနှီးမြှတ်နှံငွေလိုအပ်ချိန် စင်ကာပူစတော့ဈေးကွက်မှာ ဦးသိမ်းဝေ နည်းအတိုင်း၊ ဝင်လာဖို့ နာမည်ကျော်သူဌေးကြီး ဦးဇော်ဇော် April 2012, RTO Reverse Takeover လုပ်ခဲ့ပါတယ်။ ဦးဇော်ဇော်ရဲ့ မြန်မာပြည်ဓါတ်ဆီဆိုင်လုပ်ငန်းဖြစ်ပါတယ်။  စင်ကာပူစတော့အိတ်ချိန်းက  ငြင်းပယ်လိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ နာမည်ပျက်စာရင်းဝင်မှုကြောင့်လို့ ဆိုပါတယ်။ စူပါမတ်ကက် City Mart Holding Co. Ltd, ရေအားလျှပ်စစ် Shwe Taung Group , Tun Thwin Mining Co Lt, Mandalay Capital,  စတဲ့ ကုမ္ပဏီများလည်း စင်ကာပူစတော့အိတ်ချိန်းမှာပါဝင်နိုင်ဖို့ နည်းလမ်းရှာနေပါတယ်။ ဒါကြောင့် လာဘ်စားမှုအနည်းဆုံး စင်ကာပူနိုင်ငံရဲ့၊ စတော့ပ်အိတ်ချိန်းပါဝင်ခွင့်ရတဲ့ မြန်မာနိုင်ငံသားဟာ ဦးသိမ်းဝေ တစ်ဦးတည်းရှိပါသေးတယ်။ မြန်မာပြည် ကုမ္ပဏီကြီး ၂၀ခုလောက်က လက်ဝါးကြီးအုပ်စီးပွားလုပ်ကိုင်လျှက်ရှိပြီး အကြီးဆုံး အေရှားဝေါ၊ ဝန်ထမ်း၃သောင်းကျော် ရှိပါတယ်။ အသေးစား၊အလတ်စားများအတွက် ချေးငွေရဖို့ အလွန်ခက်ပါတယ်။ မြန်မာစတော့အိတ်ချိန်း ၂၀၁၅မှာ ဖွင့်နိုင်ဖို့ ဂျပန် Daiwa Securities Group နဲ့ မြန်မာအစိုးရကြိုးစားလျှက်ရှိပါတယ်။ မြန်မာကုမ္ပဏီရှယ်ယာများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောင်းဝယ်နေကြပါတယ်။ လက်ရှိကမ္ဘာ့စီးပွားရေးအတိုးတက်ဆုံး မွန်ဂိုလီယားသမ္မတအဖွဲ့၊ မြန်မာပြည်ကို အောက်တိုဘာ ၂၀၁၃က ရောက်ရှိခဲ့ပါတယ်။ မွန်ဂိုလီယားသမ္မတက အောင်မြင်တဲ့ပြုပြင်ပြောင်းလဲရေးမှာ လာဘ်စားမှုကိုတိုက်ဖျက်နိုင်ခြင်းနဲ့ စတင်ရကြောင်း၊ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

မြန်မာပြည်မှာ လာဘ်ပေး၊လဘ်ယူမှု အနည်းပါးဆုံးလို့ မိမိကိုယ်ကိုခံယူထားသူ၊ မပေးဘူးလို့ ပြောရဲ၊ ပြောဝံ့တဲ့ Serge Pun (သို့မဟုတ်) ဦးသိမ်းဝေ ပြောတဲ့အတိုင်း မှန်ကန်မယ်မျှော်လင့်ပါတယ်။ သူလိုလူမျိုး မြန်မာ့စီးပွားရေးမှာရှိနေတာလဲ ဝမ်းသာစရာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရခေါင်းဆောင်ပိုင်းမှာလည်း သမ္မတဦးသိန်းစိန်၊ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်တို့လို အဂတိကင်းသူ များပြားစွာပေါ်ထွက်လာမယ် မျှော်လင့်ပါတယ်။ နောင်တစ်ချိန်မှာ အမေရိကန်နိုင်ငံကို အကျိုးပြုတဲ့ Andrew Carnegie (1835-1919), J D Rockefeller (1839–1937) သူဌေးကြီးလို စံပြသူဌေးများစွာလိုပါတယ်။ ဦးသိမ်းဝေကို မြန်မာပြည်ကိုအကျိုးပြုမဲ့ ခရိုနီမဟုတ်တဲ့သူဌေးကြီးအဖြစ် မှတ်တမ်းတင်လိုပါတယ်။  ဝတ်မှုန်(စင်ကာပူ)

 “The Gospel of Wealth” called on the rich to use their wealth to improve society. Andrew Carnegie


ကိုးကားချက်များ။
1. Forbes Sep, 2013 magazine
2. Irrawaddy 2011, Burmese Tycoons
3. Wikipedia
4. SPA Website http://www.spa-myanmar.com
5. YOMA Strategic Holding  http://www.yomastrategic.com

6. http://www.yomastrategic.com/attachment/2013071614482917_en.pdf