ချမ်းမြ - သာသနာအတွက်အထူးအရေးပါသော သိမ်သင်တန်း

သာသနာအတွက်အထူးအရေးပါသော သိမ်သင်တန်း
ချမ်းမြ (မိုးမခအထောက်တော်)
ဒီဇင်ဘာ ၃၁၊ ၂၀၁၃


ဗုဒ္ဓဘာသာတို့ အလေးအမြတ်ထားရာ ရတနာမြတ်သုံးပါးတွင် သံဃာရတနာ လည်းပါဝင်သည်။ ဗုဒ္ဓလက်ထက်တော် အခါက မိထွေးတော် ဂေါတမီကို ဗုဒ္ဓမိန့်ကြားထားသောတရားတပုဒ်ရှိသည်။ သံဃာကိုလှူဒါန်းခြင်းသည် ငါဘုရားကိုလှူဒါန်သည်နှင့်အတူတူ ဟူသောမိန့်ကြား ချက် ပင်ဖြစ်သည် ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူပြီး သာသနာ နှစ်သည်ပင် နှစ်ပေါင်း ၂၅၀၀ကျော်ခဲ့ပေပြီ ။ ဗုဒ္ဓ၏ အဆုံးအမများနှင့် သာသနာသည် မယိုးမယွင်း လူသားအားလုံးအတွက် ချမ်းသာသုခကို ဆောင်ရွက်ရန် နည်းလမ်းကောင်းတို့ဖြင့် ထွန်းလင်းတောက်ပ လျှက်ပင်ရှိနေသည်။ ဗုဒ္ဓသာသနာတည်တံ့ခြင်း၏ အဓိကဝန်ဆောင်သည် သံဃာတော်တို့ပင် ဖြစ်သည် ။သံဃာတော်တို့ အဆက်ဆက် အားသွန်ကြိုးပမ်း လက်ဆင့်ကမ်း သယ်ဆောင်ခဲ့မှု၏ အကျိုးကျေးဇူးကြောင့် ချမ်းသာအေးငြိမ်းမှု အဆီအနှစ်ကို တရားတော်တို့မှတဆင့် နှောင်းလူတို့ ခံစားနေရခြင်း ဖြစ်သည်။ ထိုသံဃာတော်တို့၏ ကျေးဇူးဂုဏ်ကိုယုံကြည်စွာ လက်ဆုံမိုး လျှက် ဦးထိပ်တင် နေကြသူတို့ အထဲ သံဃာရတနာ ပေါက်ဖွားရာ သိမ်အကြောင်းကို ထဲထဲဝင်ဝင် သိရှိသူ နည်းပါးလှပေသည်။


သာသနာတော် အရှည်တည်တံ့စေရန် ရဟန်းတော်များ အဆက်မပြတ် ရှိနေဖို့အရေးကြီးသည်။  ရဟန်းအဖြစ်သို့ ရောက်အောင် ဆောင်ရွက်ရန်မှာလည်း သိမ်တမျိုးမျိုး မရှိပဲ မဖြစ်နှိုင်ပေ ။ ထိုကြောင့် သိမ်သည် သာသနာတော် အရှည်တည်တံ့ရေးတွင် ရေသောက်မြစ်ပမာ လွန်စွာ အရေးကြီးသောအရာ ဖြစ်ပေသည်။  သိမ်-ဟူသည် ရှိသမျှ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ် ပေါင်းစု၍ သံဃာကိစ္စ အမှုကြီးအမှုငယ် ဆောင်ရွက်ရာနယ် တခုအဖြစ်သီးခြား သတ်မှတ်ထားသော နေရာပင်ဖြစ်သည်။ 

ထို အရေးကြီးသော သာသနာရေသောက်မြစ် သိမ်တခု ပေါ်ပေါက်ရန်မှာ သာမန်လွယ်ကူသောကိစ္စ မဟုတ်ပေ ။ ဝိနည်းစည်းကမ်း သတ်မှတ်ချက်တွေ များစွာဖြင့် ကျကျနန သတ်မှတ်ထားချက်တို့ဖြင့် စီမံဆောင်ရွက်ရသောကိစ္စဖြစ်သည်။ ချို့ယွင်းလွဲချော်မှုတခုသည် သာမန် ကိစ္စမဟုတ်တော့ ။ လွဲချော်မှုတခုသည် သာသနာ ကိစ္စအားလုံးလွဲချော်မှုဆီ သက်ရောက်သွားပေမည်။ သံဃာတိုင်းသည်လည်း မိမိတို့ကို စတင် မွေးထုတ်ပေးရာသိမ်တခု ဖြစ်ထွန်းမှု အဆင့်ဆင့်ကို တိတိပပ  ခက်ခဲမှန်းသိရှိသော်လည်း ကျွမ်းကျွမ်းကျင်ကျင် သိမ်းတခု ပြီးမြောက်အောင်ဆောင်ရွက်နှိုင်သူ ရှားပါးလှသည်။ နယ်တနယ် ရွာတရွာတွင် သိမ်တခု သမုသ်တော့မည်ဆိုလျှင်ပင် နီးရာဖြင့် တော်ရိရော်ရိ မည်သည့်သံဃာမျှ မပြုလုပ်ခဲ့ကြ။ ဤသည်ကပင် သံဃာတော်တို့၏ လေးစားဖွယ်ရာ ကိစ္စတခုဖြစ်နေပေသည်။ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်တတ်သော ဆရာတော်သံဃာတော်တို့ကို ဆည်းကပ် ပြီး ထိုဆရာတို့ကိုယ်တိုင် ဦးစီး ဦးဆောင်ပြုလုပ်ရန် လျှောက်ထားကြသည်။ ဆရာတော်ကြီးများကလည်း ထိုကိစ္စကို သံဃာ့တာဝန် တရပ်အဖြစ် ကျေကျေနပ်နပ် ဆောင်ရွက် ပေးတော်မူခဲ့ကြသည်သာ။ ၁၉၈၀ကျော် နှစ်များလောက်ဆီက ပဲခူးတိုင်း ဒိုက်ဦးမြို့ -မြို့ဦးစာသင်တိုက်၌ဆောင်ရွက်သော သိမ်သမုသ်ပွဲတခုကို ကြုံဆုံခဲ့ရဖူးသည်။ ထိုစဉ်က ထိုသိမ်သမုသ်ပွဲကို နိုင်ငံတော်သံဃာ့ မဟာနာယက ဥက္ကဌဆရာတော် ဖြစ်သော ပဲခူးမြို့မဆရာတော်ကြီး ဦးစီး၍ လာရောက် ဆောင်ရွက်ပေးခြင်းဖြစ်သည် ။ ဆရာတော်ဘုရားကြီး မိန့်ကြားချက် တခုကို အလျှင်းသင့်၍ ဤနေရာ၌ ကြားညှပ်၍ ပြောကြားလိုပါသည်။



“သံဃာ့ကိစ္စဆိုတာ ကိုယ်ကြွနှိုင်တဲ့နေရာက ကြားသိရလျှင် မပျက်မကွက်ကြွရတယ် ”

လက်တွေ့နှင့် သဘောတရားကို တထပ်တည်းထားသော ဆရာတော်များ၏ မှတ်သားဖွယ်စကားထဲမှ သိမ်ကိစ္စသည် သံဃာတော်တို့အတွက် အရေးတကြီးကိစ္စ ၊ ထိုကိစ္စမျိုးကို ဦးတည်ပြီးပင့်ပင့်မပင့် လာရောက်ပူးပေါင်းဆောင်ရွက်ရသော အမှုကိစ္စဟု သဘောထားမိခဲ့သည်။ သိမ်နှင့်ပတ်သက်သော ဆောင်ရွက် စရာလုပ်ငန်းအဝဝကို ကျွမ်းကျင်စွာဆောင်ရွက် နှိုင်ရန် ရည်သန်၍ အနာဂါတ် သံဃာအဆက်ဆက်တို့အတွက် စာအုပ်စာတန်းတွေထဲတွင်  အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ၏ ပါမောက္ခချုပ်ဖြစ်တော်မူသော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ( D.Litt.) ၏ သိမ်သင်တန်း သည် သံဃာ့လောက၌ ထင်ရှားကျော်ကြားသည်။ ဆရာတော် သင်ကြားပို့ချထားသော သိမ်သင်တန်းကို စာအုပ်အဖြစ် အကြိမ်ကြိမ် ထုတ်ဝေခဲ့ပြီး လည်းဖြစ်သည်။ 
ယခုအခါ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယာပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာ-Half Moon bay ရှိ ဓမ္မာနန္ဒဝိဟာရ ကျောင်းတွင် သီတင်းသုံးတော်မူသော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ တပည့်ရင်း ဖြစ်တော်မူသော ဆရာတော်ဦးဇောတာလင်္ကာရ က ဆရာတော်ဘုရားကြီး၏မူအတိုင်း မပျက်စေပဲ သင်တန်းပို့ချတော်မူသည်။ သင်တန်းပွဲသို့ အမေရိကန်ပြည်ထောင်စု အတွင်းရှိ ပြည်နယ်အသီးသီးမှ ဆရာတော်သံဃာတော်များ ကြွရောက် သင်ယူတော်မူကြသည် ။ သင်းတန်းကာလကို ။၂၀၁၃ ဒီဇင်္ဘာလ ၂၉-ရက်နေ့မှ ၂၀၁၄ ဇန်နဝါရီလ (၇)ရက် အထိ သတ်မှတ်ပို့ချတော်မူမည်ဖြစ်သည်။ 

ထိုသင်တန်းကာလနှင့် တဆက်တည်း သင်တန်းမှ လက်တွေ့စီစဉ်ဆောင်ရွက်မှုတခုအဖြစ် ဆန်ဖရန်စစ္စကို Hay ward  ရှိ ဆရာတော် အရှင်ဥာဏိကာဘိဝံသ ၏ မုဒိတာရွှေကျောင်းတွင် ရွှေသိမ်တော်သမုသ်ပွဲကို ဇန်နဝါရီလ (၅)ရက်နေ့တွင် သင်တန်းသား ဆရာတော်သံဃာတော်များ လက်တွေ့ ဆောင်ရွက်နှိုင်ကြမည်ဖြစ်သည်။ အမျိုးဘာသာသာသနာ အတွက် ဆရာတော်သံဃာတော်များ၏ ပင်ပမ်းပမ်း အားထုတ်ဆောင်ရွက်တော်မူ သည်ကို ဖူးမျှော်ကြရခြင်းသည်ပင် ကမ္ဘာကြီး ဘယ်နေရာရောက်ရောက် မဆုတ်မနစ်သော သာသနာပြုစိတ်ဓာတ်ကို ကြည်ညိုမှု အတိုင်းထက်အလွန်ဖြင့် ကြည်နူးမဆုံးဖြစ်ရပါတော့သည်။