မာမာအေး - “ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ်” အမှတ် [၄၉၂]


“ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ်” အမှတ် (၄၉၂) - အာဇာနည်
မာမာအေး

ဒီဇင်ဘာ ၃၁၊ ၂၀၁၃



သောတရှင်များကျန်းမာတော်ကြပါစရှင်

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသါကြပါစေလို့ ဆုမွန်ကေါင်းတေါင်းလိုက်ပါတယ်၊

သောတရှင်တို့ရေ၊ မွေးရပ်မြေမှာ နေခိုအပမ်းဖြေ ခြေရှည်နေတဲ့ မာအေးတယောက်၊ ဇူလှိုင်ခရီးပေါက်လာနေပြီပေါ့ရှင်၊ ၀ါဆိုမိုးကလေးနဲ့ နှစ်တစ်ဆယ်မကဝေးခဲ့ရာက ခုမှတဖန် စွေတဲ့သဏ္ဌာန်၊ သဲတော့မဲတော့မယ့်မာန်ကို ပြန်တွေ့ခံစား အေးသလား၊ နွေးသလား၊ ဆွေးမလား အတွေများများမှာ ဟိုအဝေးနှစ်ခြောက်ဆယ်ကျော်ကတည်းက-တသသကြေကွဲခဲ့ရတဲ့ အခါသမယ-မလှတဲ့ ဇါတ်ရိုင်း အာဇာနည်ကြီးတို့သမိုင်းဟာ- ရင်ထဲရောက်လာပါတယ်ရှင်၊

“အော်…တောင်နန်းမြောက်နန်း၊ အဆောင်ဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာပါတဲ့၊ အောင်ဆန်းတို့သေပုံနှမြောxxx”
မအေးချစ်ကြည်ညိုတဲ့“ဘငြိမ်းချမ်း”လို့ ရင်ထဲကခေါ်ချင်တဲ့ အဖိုးသခင်ကိုယ်တော်မှိုင်း စာစီကုံးခဲ့တဲ့ အာဇာနည် ကဗျာတပိုင်းတစကိုလဲ ဖွဖွညင်သာ ရွတ်ဆိုမိခဲ့ပါတယ်၊ ဒိလကိုရောက်တိုင်း ဒီသမိုင်းက မနေ ဗျာပါကိုမွှေသလိုဘဲ၊


စိတ်ထဲမှာသတိတရဖြစ်ထွန်းလှတဲ့အတွက် အိမ်ကသားသမီးတွေ ရှေကထားပြောမိသွားတာနဲ့ သွားချင်ရင် လိုက်ပို့မယ်ဆိုတော့ ရောက်သွားတော့တာပေါ့ရှင်၊ ခေါ်နေကျအတိုင်းဆိုရင်၊ “အာဇာနည်ကုန်း” ဆိုတဲ့ “အာဇာနည်ဗိမ္မာန်” ကိုသွားလိုက်တာပါ၊


တခါတုန်းက (မြောက်ကိုရီးယားတသိုက် ဗုံးနဲ့ သမသွားတာ ခံလိုက်ရတဲ့အတွက်၊ အာဇာနည်ကြီးများ လဲလျောင်းရာ အဆောက်အဦးဟာ ပျက်စီးခြင်းတိုင်ခဲ့တာ သတိရကြမှာပါ၊ မာအေးဟာ ကပ္ပလီကွက်သစ်ခေါ် ဦးဝိစာရရပ်ကွက်မှာ ကြီးပြင်းလါတဲ့ကလေးဖြစ်လို့၊ အာဇာနည်ကုန်းနဲ့ ကမ္ဘာအေးလေးဘုရား၊ သွေးဆေးကန်တို့ဟာ ဆွေနေရာမျိုးနေရာ မျောက်ရှူံးဖူးတဲ့နေရာတွေပေါ့လို့ ဆော့ဖေါ်ဆော့ဖက် သူငယ်ချင်းတွေလဲ သတိရ၊ အာဇာနည်နေ့တွေကြီးကျယ်ခန်းနားစွာ ဂီတအသင်းအဖွဲ့တွေနဲ့ ချီတက် အလေးပြု-ပန်းခွေချခဲ့တုန်းက ရောင်းရင်းတွေ ပြန်မြင်နဲ့ပါဘဲ၊
မူလတုန်းက အာဇာနည်ဗိမ္မာန်ဟာ လေးထောင့် အမိုးအောက်မှာ အာဇာနည်ကြီးများ အုတ်ဂူတွေ စီတန်း တည်ထားတာပါ၊ ယာယီအဆောက်အဦးလို့ ကြားသိဖူးခဲ့ပါတယ်၊ U.S သမတ လင်ကွန်းဂူဗိမ္မာန်လို ဗိုလ်ချုပ်အောင်ဆန်း ကုလားထိုင်ပေါ်မှာ စစ်ဝတ်စစ်စားနဲ့ လက်တဖက်က စာရွက်လိပ် ကိုင်ရင်းထိုင်နေတဲ့ပုံ- လှပခန့်ထည် ဆောက်မယ်လို့လဲကြားဖူးခဲ့ပါတယ်၊

အခုပြန်တည်ထားတာကတော့ တော်လှန်ရေး အလံ အနီရောင်ပေါ်မှာ ကြယ်တပွင့်ပုံဖေါ်ထားတဲ့ အမိုးမပါ၊ ရင်ပြင်ဟင်းလင်း ပုံသဏ္ဌာန်ဖြစ်ပါတယ်၊

ရွှေတိဂုံဘုရားမြောက်ဖက်မုခ်နဲ့ မျက်စေါင်းထိုးဖက်ကနေ ၀င်တဲ့ထွက်တဲ့ ဂိတ်နှစ်ပေါက်ထားတယ်၊ အလံမျက်နှာစာကတော့ ဘောင်ဒရီလမ်းဖက်လှည့်ထါးပါတယ်၊ တောင်စေါင်းဆင်ခြေလျှော မြေအနေအထားအရ၊ ရင်ပြင်အဆင့်ဆင့် အနိမ့်အမြင့်ကျောက်လှေကါးများ တပ်ဆင်ထားပါတယ်၊ အာဇာနည်များရဲ့ ဂူတွေကို အလံက ဖုံးထားသလို အောက်ထဲမှာ သွင်းနှံလိုက်လေသလား ထင်မိတာပါဘဲ၊

အာဇာနည်နေ့နဲ့ မဝေးတော့တဲ့အချိန်ဖြစ်တာမို့ ဗိမ္မာန်ရဲ့ ကွင်းတ၀ိုက် ပေါင်းလိုက်သူကလိုက်၊ ဆေးသုတ်သူကသုတ်၊ အလေးပြုရာရင်ပြင်မှာ ဗျုတ်စဗြဲနောင်း မြင်မကေါင်းသေးဘူးပေါ့ရှင်၊ နိုင်ငံပြင်ပက- တစပြင်သင်္ချိုင်းတွေများ ဒီလိုအမှတ်တရ အလေးအနက် ဗိမ္မာန်တွေဆို ပြောမနေနဲ့တော့၊ နေ့တဓူဝချနေတဲ့ တစပြင်ရိုးရိုးကြည့်မိရင်တောင် ဆွဲဆောင်လိုက်တာမှ သေချင်စရာလေးလို့ ခံစားချင်အောင်ဘဲ၊

အာဇာနည်ကုန်းမှာပွင့်တဲ့ပန်းဆိုလို့ ပုဏ္ဏားရိပ်ပင်ကို အလုံးအ၀ိုင်းပုံညှပ်ထားတဲ့ဆီက ထိုးထွက်နေတဲ့ ပုဏ္ဏားရိပန်းနီလေး တဆုပ်နှစ်ဆုပ်ပဲ တွေ့ရတာနဲ့ အလှပန်းတွေ စိုက်စေချင်မိခဲ့တယ်၊

ဗိုလ်ချုပ်ပြတိုက်လုပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိသားစုနေခဲ့တဲ့အိမ်ကိုလဲ ဆက်သွားကြည့်ခဲ့သေးတယ်၊ ဗိုလ်ချုပ်ရဲ့အိမ်ဟာ တောင်ကုန်းမိုမိုပေါ်မှာဆောက်ထားတဲ့ နှစ်ထပ်အုတ်ခံအိမ် အမည်းရောင်ပါ၊ ခြံဝင်းတံခါးဖွင့်တာနဲ့ ညာဖက်ကပ်လျက်ကါးဂိုဒေါင်မှာ ဗိုလ်ချုပ်သုံးခဲ့တဲ့ ကါးနက်ကလေး သော့ခတ်ရပ်ထားပါတယ်၊ ကါး ပေးမ၀င်ပါဘူး၊ ကုန်းမြင့်လေးကို ရစ်ပါတ်ဖေါက်ထားတဲ့ လမ်းကလေး ဆုံးတဲ့အခါ အုတ်လှေကါးထစ် နှစ်ဆယ်လေါက် တက်လိုက်တာနဲ့ အိမ်ရဲ့ပထမထပ် အပမ်းဖြေ၀ရံတာအပိုင်းကို ရောက်သွားပါတယ်၊ နံရံမှာ“၁၉၄၅ မေလမှ ၁၉၄၇ ဇူလိုင်လအထိ နေထိုင်ခဲ့သောအိမ် ” လို့ ရေးထားတာတွေ့ရပါတယ်၊ အောက်ထပ်မှာ ထမင်းစားခန်းနဲ့ ဆက်တီကုလားထိုင် ၂ စုံ ခင်းထားတဲ့ ဧည့်ခန်းရှိပါတယ်၊ အပေါ်ထပ်မှာတော့ ဗိုလ်ချုပ်အိပ်ခန်း၊ ကလေးများအိပ်ခန်း၊ စာဖတ်ခန်းနဲ့ အထူး အစည်းအဝေးခန်းတို့ ရှိပါတယ်၊ 


ထမင်းစားခန်းရဲ့အနောက်ဖက်မှာ အိမ်ပြင်ရောက်နိုင်တဲ့တံခါးက ပွင့်နေတာကြောင့် ဖြတ်ဆင်းကြည့်ရာမှာ မြေကျန်အနည်းအပါး ကျန်နေတာကို တွေ့ရတော့ ဒီနေရာမြေလွတ်ကလေးတွေမှာ
“အိမ်နောက်ဖေးဈေးဆိုင်တည်” ဆိုတာမျိုးကြိုက်တဲ့ ဗိုလ်ချုပ်၊ ဘာတွေများ စိုက်ခဲ့ပျိုးခဲ့ဘို့လုပ်ခဲ့မလဲ- လို့ ပုံဖေါ်ကြည့်မိတယ်၊ အခု ဘာမှ စိုက်မထားတာများ တွေ့ခဲ့ရင်- စကါးက ခတ်ပြတ်ပြတ်ကြီးနဲ့ ဒေါခီးနေမလား မသိဘူးလို့ အူမြူးမိသေးတယ်၊ ဗိုလ်ချုပ်အကြောင်း စာအုပ်တွေတွေ့လို့ အားပေးခဲ့ပါသေးတယ်၊ စာဖတ်တာကို ဗိုလ်ချုပ်ကြိုက်တယ်လေ၊ မာအေးလဲကြိုက်ပါတယ်၊

ဒါနဲ့ စာအုပ်ထဲမှာ ဆရာဇော်ဂျီကဗျာတွေ့လို့ ဖတ်မိပါသေးရော၊“ ၀မ်းနည်းစရာဗိုလ်ချုပ်အကြောင်း” တဲ့၊

မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှဤမှ၊ ထိုလမ်းမတွင်
ပျံကြ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့ မှတ်မိ၏။


ထိုနေ့၌ပင်၊ ထိုချိန်ထင်၏။

သခင်အောင်ဆန်း၊
ပြည်သူ့ပန်းသည်
ပွင့်လန်းကါစ၊ ကြွေလိုက်ရ၏။

မြေခသတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ ထိုလမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။ ။
မာအေးလက်ဆောင်ရတဲ့ မန္တလေးစိန်တင့်လွင်အဖွဲ့ရဲ့ အာဇာနည်အမှတ်တရ တေးတစကိုလဲ မျှဝေလိုက်ပါတယ်ရှင်၊


နေကွယ်ခြင်းနဲ့ အလင်းရောင်ပျောက်တဲ့ ထိုတနေ့မှာကွယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးရာဇတ်ရယ်၊ စ၀်စံထွန်း၊ သခင်မြနဲ့ ဦးဘ၀င်းတို့တသွယ်၊
ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်ရယ်၊ ဦးအုန်းမောင်နဲ့ သက်တော်စေါင့်မောင်ထွေးပါ၊
အလေးပြုကါ အမျှဝေကြရာ (၁၉၄၇) မှာ မျက်ရည်မိုးဖြာ ဇူလိုင် (၁၉) ပါ xxx