ဒေါက်တာဓမ္မပိယ (ITBMU) - သမိုင်းထဲ၌ အိပ်ပျော်နေခဲ့သော မြန်မာပြည်ကြီး ပြန်လည်နိုးထလာပြီ

သမိုင်းထဲ၌ အိပ်ပျော်နေခဲ့သော မြန်မာပြည်ကြီး ပြန်လည်နိုးထလာပြီ
ဒေါက်တာဓမ္မပိယ (ITBMU)
ဒီဇင်ဘာ ၃၀၊ ၂၁၀၃



ယနေ့ မြန်မာနိုင်ငံတော်ကြီးသည် အသွင်တစ်မျိုးဖြင့် ဆန်းသစ်လာသည်ဟု ဆိုရပေမည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကအစ အမျိုးသားရေး၊ ဘာသာရေးနှင့် လူ့အခွင့်ရေးများကိုပင် ပွင့်ပွင့် လင်းလင်း  ရဲရဲတင်းတင်း ပြောဆိုလာခဲ့ကြသည်ကို တွေ့ရှိရ၍ အံ့သြမိခြင်းပါ။ ခေတ်သစ်သမိုင်းကို ပုံဖေါ်ရန် ကြိုးစားလာ ကြခြင်းဟု ဆင်ခြင်သုံးသပ်မိတယ်။ 

ခေတ်သမိုင်းကို ပုံဖေါ်ရန် ကြိုးစားလာကြသူတွေထဲမှာ တချို့က သမိုင်း၏ အမဲစက်များကို မီးမောင်း ထိုး၍ ဟစ်အော်နေချင်သူများ ပါဝင်နေသလို၊ သမိုင်း၏ဒဏ်ရာဒဏ်ချက်များကို ကုစားပေးပြီး၊ ရှိသမျှသော အင်အားဖြင့် သမိုင်းထဲ၌ အိပ်ပျော်နေခဲ့သော မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်နိုးထလာအောင် ဆောင်ရွက် ပေးလိုသူများလည်း ပါဝင်နေခြင်းပါ။ မတူညီတဲ့ ခံစားချက်တွေရှိနေကြသော ထိုသူတွေရဲ့အကြား မြန်မာပြည် ကြီးကို ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် ဘယ်လိုများ ကူညီဆောင်ရွက်ကြမှာပါလိမ့်။ စဉ်းစားမိခြင်းပါ။

မြန်မာပြည်ကြီးရဲ့အနေအထားသည် မိသားစုဝင်များတဲ့ မိခင်ကြီးနှင့်တူနေခြင်းပါ။ ထိုကြောင့် သမိုင်း ထဲ၌ နှစ်လများစွာ အိပ်ပျော်နေခဲ့သော ထိုမိခင်ကြီးကို ၀ိုင်းဝန်းနိုးပေးကြရမှာဖြစ်တယ်။ အဘယ်ကြောင့် ဆိုသော် မိခင်ကြီးနိုးထမှ သားသမီးများအကြား ညှိနှိုင်းလို့ မရနိုင်တဲ့ (လူမျိုးစု) ပဋိပက္ခတွေ၊ မတူကွဲပြား ခြားနားမှုရှိနေတဲ့ (ဖယ်ဒရယ်မူ စသည့်) အယူအဆတွေကို မိခင်ကြီးက ကြားဝင်၍ ညှိနိုင်းပေးနိုင်မည်ဟု ယူဆ ထားလို့ပါ။ အဝေမတဲ့ ဖြစ်နေတဲ့ (လယ်မြေ၊ ယာမြေစသည့်) အမွေအနှစ်တွေကို မိခင်ကြီးကသာ မျှတစွာ ဝေငှ ပေးနိုင်မည်ဟုလည်း ယုံကြည်ထားလို့ပါ။ ပညာရည်နို့ သောက်စို့လိုသော သားသမီးများအား မိခင်ကြီးကသာ စေတနာအပြည့်အ၀ဖြင့် ပညာနို့ရည်ကို တိုက်ကြွှေးပေးနိုင်မည်ဆိုတာ သိထားလို့ပါ။ ထိုကြောင့်  မိခင်ကြီးနှင့် တူလှတဲ့ မြန်မာပြည်ကြီးကို နိုးထစေလိုခြင်းဖြစ်တယ်။  

နိုးထခြင်းဟူသည် ဒီမိုကရေစီစနစ်ကို ခိုင်မြဲစွာ အစဉ်မပြတ် ကျင့်သုံးခြင်းကို ရည်ညွှန်းပြောဆိုခြင်းပါ။  ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူတွေကို လွတ်လပ်စွာ ပြောဆိုနိုင်ဖို့၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ရေးသား နိုင်ဖို့၊ (ကိုယ့်ဘာသာတရား ပြန့်ပွားဖို့အတွက် အကြမ်းဖက်တဲ့နည်းကို အသုံးပြုပြီး အများစုကိုးကွယ်တဲ့ ဘာသာတရားကို ရန်လိုတဲ့စိတ်၊ ဖျက်ဆီးလိုတဲ့စိတ်နှင့် အကြမ်းဖက်တိုက်ခိုက်လိုတဲ့ စိတ်မျိုးကင်းတဲ့) လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ကို ဒီမိုကရေစီစနစ်က အာမခံချက်ပေးထားခြင်းပါ။ (အမေရိကန်နိုင်ငံ၌ သမ္မတ များ ကျမ်းကျိန်တဲ့အခါ အများစုကိုးကွယ်တဲ့ဘာသာတရား၏ God ကို ရည်ညွှန်း၍ ကျမ်းကျိန်သည်ကို မှတ်သား ခဲ့ဖူးပါသည်။) ဤကဲ့သို့ ဒီမိုကရေစီစနစ်ကို စည်းကမ်းရှိစွာ ကျင့်သုံးနေခြင်းသည်ပင် မိခင်ကြီးနှင့်တူလှတဲ့ မြန်မာပြည်ကြီုး အိပ်ပျော်နေရာမှ နိုးထလာခြင်းဟု ဆိုနိုင်ခြင်းပါ။ 

ဒီမိုကရေစီစနစ်ကို စည်းကမ်းရှိစွာ ကျင့်သုံးနေတဲ့ တိုင်းပြည်မှာ ကိုယ်တိုင်ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေး များကို သိအောင် ပြည်သူတွေ စာများများ ဖတ်ကြဖို့ပါ။ အခွင့်ရေးဆိုတာကြီးကို တို့မှမသိတာဆိုပြီး၊ မသိလို့ ရပိုင်ခွင့်ကို ပြောဆိုရန် ၀န်လေးနေခဲ့မယ်ဆိုရင် “စီတီဇင်းစ် ဆိုင်းလင့်စ် သရက်တင်းစ် ဒီမိုကရေစီ↔ (Citizen’s silence threatens Democracy) ဆိုတဲ့ ဒီမိုကရေစီ ဆောင်ပုဒ်အရ  ပြောသင့်တဲ့စကားကို ပြောသင့်တဲ့ အချိန်မှာ ပြောဆိုရန် ၀န်လေးနေကြမည်ဆိုလျှင် ကိုယ်တိုင်က ဒီမိုကရေစီစနစ်ကို ခြိမ်းချောက်နေသူတွေ ဖြစ်နေတတ်တယ်ဆိုတဲ့အချက်ကို မေ့မထားဖို့ပါ။ 

ဆိတ်ဆိတ်နေခြင်းနှင့်ပတ်သက်၍ မြတ်စွဘုရားက ရဟန်းတော်များအား ဟောကြားထားခဲ့တဲ့ ကျင့်ထုံး တစ်ခုရှိတယ်။ အစုအဖွဲ့နှင့် စီမံဆောင်ရွက်ရမည့်ကိစ္စမျိုးတွေ၌ မြတ်စွာဘုရားက “သုဏာတု မေ ဘန္တေ သံဃော …↔စသည်ဖြင့် ကျင့်ထုံးတစ်ခုကို ပြဋ္ဌာန်းသတ်မှတ်ပေးတော်မူခဲ့တယ်။ လိုရင်းအဓိပ္ပါယ်က ကြီးကျယ်တဲ့ သံဃကိစ္စတစ်ခုကို ဆောင်ရွက်ကြရတဲ့အခါမှာ သိမ်လို့ခေါ်တဲ့ သံဃာအများစုဝေးရာ ဟောခန်းမအတွင်းသို့ သံဃာတော်များကို ဖိတ်ကြားပြီး အကျိုးအကြောင်း လျှောက်ထားပြရမှာဖြစ်တယ်။ “အရှင်ဘုရားတို့ သံဃာ တော်သည် သံဃာ့ကိစ္စတစ်ခုကို ဆောင်ရွက်ရမည်ဖြစ်၍ တပည့်တော်များက အဆိုတင်သွင်းတဲ့အခါ အရှင် ဘုရားများက သဘောတူတယ်ဆိုရင် ဆိတ်ဆိတ်နေတော်မူကြပါ။ သဘောမတူနိုင်ဘူးဆိုရင် ကန့်ကွက် တော်မူကြပါ↔လို့ တိုက်တွန်းတဲ့ အစီအစဉ်တစ်ရပ်ကို ချမှတ်ပေးခဲ့တယ်။ ဆိုလိုတာက ပြောသင့်တဲ့အခါမှာ ပြောသင့်တာကို မပြောဆိုပဲ ဆိတ်ဆိတ်နေခဲ့မည်ဆိုလျှင် ထိုအပြုအမူသည် ၀န်ခံခြင်းသဘော၊ သဘောတူခြင်း သဘောမျိုးသို့ သက်ရောက်သွားနိုင်၍ မလိုအပ်ပဲ၊ (သို့မဟုတ်) လိုအပ်လျှက် မပြောပဲ ဆိတ်ဆိတ်နေခြင်းမျိုးကို ဘုရားရှင်က အားမပေးခဲ့ပါ။ အဖြောင့်ပြောတော့ သဘောမတူလျှင် ကန့်ကွက်နိုင်ဖို့ တိုက်တွန်းထားခဲ့ခြင်းပါ။ 

ယနေ့ မြန်မာနိုင်ငံကြီးသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာပြီဖြစ်၍ ပြည်သူများ နိုးကြားမှုရှိလာခြင်း အတွက် အားတက်မိခြင်းပါ။ လတ်တလော ဖြစ်ပျက်သွားခဲ့တဲ့ ကချင်ပြည်နယ်က ရှမ်းအမျိုးသားများရဲ့ အရေး ကို ဥပမာတစ်ခုအနေနှင့် တင်ပြလိုတယ်။ တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့ကြတဲ့အတွက်ကြောင့် ကချင်ပြည်နယ်မှာ ရှမ်းလူမျိုးတွေ ဒီလောက်များများ ရှိနေလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါ။ ဒီတစ်ကြိမ်မှာ ဒီမိုကရေစီစနစ် ပွင့်လင်း လာပြီဖြစ်လို့ သူတို့ရဲ့ရင်ဖွင့်သံတွေ အင်တာနက်စာမျက်နှာပေါ်မှာ တက်လာခဲ့တယ်။ ဒီလိုအခြေအနေများက ဒီမိုကရေစီစနစ် စနစ်တကျ ကျင့်သုံးနိုင်ရေးကို များစွာအထောက်အကူ ဖြစ်စေခဲ့တယ်။ ။ 

ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ရဲလာပြီဖြစ်၍ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသခံ ရှမ်းတိုင်းရင်းသားများက   ကချင်ပြည်နယ်အစိုးရကို အယုံအကြည်မရှိအဆိုကို မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက်မှာကျင်းပခဲ့တဲ့ (၂၁၊ ၁၂၊ ၂၀၁၃-နေ့က) ရှမ်းလုထုအစည်းအဝေးကြီးမှာ ရဲရဲဝံ့ဝံ့ကြီး တင်သွင်းလာကြခြင်းဖြစ်တယ်။ အကြောင်းက KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်က ကချင်ပြည်နယ် မန်စီမြို့နယ်မှာ ဒေသခံ ရှမ်းတိုင်းရင်းသား ခြောက်ဆယ်ကျော်ကို ဖမ်းဆီးသွားမှုနှင့် ပတ်သက်နေခြင်းပါ။ အဖမ်းဆီးခံ ရှမ်းအမျိုးသားများ အမြန် လွတ်မြောက်ရေးနှင့် ထိုအမှုအပြင် ဒေသတွင်းမှာ လူ့အခွင့်ရေး ချိုးဖေါက်ခံနေရမှုတွေကို ကချင်ပြည်နယ် အစိုးရက အကာအကွယ် မပေးတဲ့အတွက် ကချင်ပြည်နယ်တွင်းမှာရှိတဲ့ ရှမ်းမျိုးနွယ်စုတွေက ဆန္ဒထုတ်ဖေါ် ခဲ့ကြခြင်းဖြစ်တယ်။ ထိုဆန္ဒထုတ်ဖေါ်ပွဲကို မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီးဒေသ၊ ဖားကန့် စတဲ့ မြို့ရွာတွေက ဒေသခံ ရှမ်းမျိုးနွယ်စု တစ်သောင်းကျော်ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိခဲ့ရခြင်းပါ။   

ဆန္ဒထုတ်ဖေါ်ပွဲမှာ သူတို့ပြောကြားချက်အရ ကချင်ပြည်နယ်မှာ ဒေသခံ ရှမ်းမျိုးနွယ်စု ရှမ်းတိုင်းရင်း သားများက ၄၀% ရာခိုင်နှုန်းခန့်ရှိနေခဲ့သော်လည်း ပြည်နယ်အစိုးရက ကချင်လူမျိုးများကိုသာ အကာအကွယ် ပေးထားပြီး၊  အခြားလူမျိုးစုများအား လူ့အခွင့်ရေးများ ချိုးဖေါက်ခံနေမှုများကို ကချင်ပြည်နယ် အစိုးရက အကာ အကွယ် မပေးနိုင်တဲ့အတွက် ကချင်ပြည်နယ်တွင်းမှာရှိတဲ့ ရှမ်းမျိုးနွယ်စုတွေက ယခုလို အတိအလင်း ဆန္ဒကို ထုတ်ဖေါ်ရခြင်းဖြစ်ကြောင်း ပြောကြားသွားကြတယ်။ ထိုဆန္ဒထုတ်ဖေါ်ပွဲသို့ တက်ရောက်လာကြတဲ့ သူတွေ ထဲမှ ရှမ်းအမျိုးသမီးတစ်ယောက် ပြောကြားသွားခဲ့သည်မှာ - “ကချင်ပြည်နယ်မှာ ကျွန်မတို့ဟာ ယခုအချိန် အထိ ဆက်ကျေးများကို ပေးဆပ်နေရဆဲဖြစ်တယ်။ ဒါတွေကိုလည်း ဘယ်သူကမှ အရေးယူ မပေးနိုင်သေး ကြောင်း↔ကိုပါ ထုတ်ဖေါ်ပြောကြားသွားခြင်းဖြစ်တယ်။ အံ့သြမိသည်မှာ KIO KIA စသည်အဖွဲ့အစည်းများ အား ဆက်ကျေးပေးနေရတဲ့ကိစ္စကို ဘယ်သူမှ ထုတ်ဖေါ်မပြောရဲ၍ နှစ်ရှည်လများစွာ နှုတ်ပိတ်နေခဲ့ကြရသော် လည်း ဒီတစ်ကြိမ်မှာတော့ လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားရဲလာကြတယ်။ ထိုကဲ့သို့သော အဖြစ်မှန်များကို တိုင်းရင်းသားများက ပြောရဲလာပြီဖြစ်၍ အိပ်ပျော်နေသော မြန်မာပြည်ကြီး နိုးထလာပြီဟုသာ ဆိုရပေ တော့မည်။ 

သူတို့ရဲ့ဆန္ဒထုတ်ဖေါ်မှုများသည် ထုတ်ဖေါ်သင့်သောအချိန်၌ ထုတ်ဖေါ်နိုင်ခဲ့၍ အကျိုးရှိတယ်လို့ ဆိုရမှာပါ။ အဘယ်ကြောင့်ဆိုသော် ဒီဇင်ဘာလ ၂၃ ရက် (၂၃၊ ၁၂၊ ၂၀၁၃) နေ့မှာ KIA ဖမ်းသွားတဲ့ ရှမ်းရွာ သားများအားလုံး ပြန်လွတ်လာပြီဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။ သို့သော် ဆန္ဒကို ထုတ်ဖေါ်ရာ၌ အကြောင်းမခိုင်လုံပဲ လူစုလူဝေးများဖြင့် ဆန္ဒထုတ်ဖေါ်မှုမျိုးသည် အချိန်ကုန်၍ အကျိုးမရှိနိုင်ကြောင်းကို သိထားနိုင်ဖို့ပါ။ ဒီမိုကရေစီစနစ်ကို ခိုင်မြဲစွာ ကျင့်သုံးနိုင်ပြီဖြစ်တဲ့ အမေရိကန်နိုင်ငံ၌ အမေရိကန်လူမျိုးများသည် လုထုပါဝင်သော ဆန္ဒပြပွဲများကို လိုအပ်မှသာပြုလုပ်ပြီး၊ များသောအားဖြင့် လက်မှတ်ကောက်ခံ၍ ဆန္ဒထုတ် ဖေါ်မှုမျိုးကို ပြုလုပ်လေ့ရှိကြောင်း သတိထားလေ့လာမိခြင်းပါ။ [အင်မီဂရန့် (immigrant - အခြားနိုင်ငံမှ အခြေစိုက်ရန် ၀င်လာသူ) များ၏ ဆန္ဒပြမှုများကတော့ နေ့တိုင်းလိုလို ရှိနေပါ၏။]

ဒီသတင်းက စိတ်ဝင်စားစရာဖြစ်လာတယ်။ မြန်မာနိုင်ငံ၌်နေထိုင်ကြသော တိုင်းရင်းသားအများစုသည် ဒီမိုကရေစီစနစ် ပွင့်လင်းလာပြီဖြစ်သောကြောင့် မိမိတို့ ရသင့်ရထိုက်သော လူ့အခွင့်ရေးများကို ခွဲခြားနားလည် လာနိုင်ကြပြီဖြစ်၍ တစ်ချိန်က ကချင်ပြည်နယ်အတွင်းမှာ နှုတ်ပိတ်နေခဲ့ကြသော ၄၀%ရာခိုင်နှုန်းခံ့ရှိသော ရှမ်းတိုင်းရင်းသားများသည် ဆန္ဒကို မကြောက်မရွံ့ ထုတ်ဖေါ်လာခဲ့ကြခြင်းဖြစ်တယ်။ ထိုအတွက် ပြည်သူများရဲ့ အသံကို ဒီမိုကရေစီစနစ်က လက်ကမ်းကြိုဆိုပါတယ်။ ဒီမိုကရေစီဖြစ်စဉ်၌ ထိုကဲ့သို့ ပြည်သူတွေ ပူးပေါင်း ပါဝင်လာခြင်းအတွက် ၀မ်းသာမိခြင်းပါ။

သို့သော် “ဆက်ရန် ကျန်ရှိနေသေးသည်↔ဆိုတာမျိုးလို ကချင်ပြည်နယ်၌ နေထိုင်ကြသော ကချင်လူမျိုးများအပါအ၀င် ရှမ်းမျိုးနွယ်စု၊ လီးဆူးစသော တိုင်းရင်းသား လူမျိုးနွယ်စုများ၏ ဘ၀များသည် လုံခြုံမှုမရှိသေးပဲ အကာအကွယ်မဲ့ ဘ၀မျိုးနှင့်သာ နေကြရဆဲဖြစ်တယ်။ လုံခြုံနွေးထွေးစွာ နေနိုင်ရန် ဘယ်သူ တွေက ကူညီနိုင်ကြမလဲ။ ကချင်ပြည်နယ်တွင်းမှာရှိကြသော  တိုင်းရင်းသားလက်နက်ကိုင်များသည် “တိုင်းရင်း သားများ၏ အခွင့်ရေးအတွက် တိုက်ပွဲဝင်နေရပါသည်↔ဟု ခေါင်းစဉ်ကိုတပ်ပြီး တိုက်ပွဲဝင်နေကြသော ကချင် ခေါင်းဆောင်များနှင့် “နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် တိုက်ပွဲဝင်နေရပါ သည်↔ဆိုသော နိုင်ငံခေါင်းဆောင်များသည် ဌာနေပြည်သူတွေ လုံခြုံနွေးထွေးစွာ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးစာချုပ်များကို အမြန်ချုပ်ဆို၍ ငြိမ်းချမ်းရေးကို ပြည်သူတွေအား အလျှင်အမြန် ပေးသင့်ပြီဟု ထင်မြင်ယူဆမိခြင်းပါ။ တစ်ဖက်နှင့်တစ်ဖက် မျှတစွာ အပေးအယူများ ပြုလုပ်၍ ငြိမ်းချမ်းစွာ ညှိနှိုင်းနိုင်ကြမည် ဆိုလျှင် ပြည်ထောင်စုသားအချင်းချင်း မဖြစ်နိုင်စရာ အကြောင်းမရှိဟုလည်း ထင်မြင်ယူဆမိခြင်းပါ။ ယခု အချိန်ဟာ “တိုင်းပြည်အတွက်၊ တိုင်းရင်းသားလူမျိုးများအတွက်↔ဆိုပြီး ကျပ်တည်းစွာ ဆုပ်ထားတဲ့ လက်သီး ဆုပ်များကို ဖြေလျှော့နိုင်ကြဖို့ အချိန်အခါမျိုးဖြစ်တယ်။  

နောက်တစ်ခု စိတ်ဝင်စားမိသည်မှာ - တစ်ချိန်က ကမ္ဘာ့လူသားများသည် ကချင်ပြည်နယ်အတွင်း၌ နေထိုင်သူအများစုဟာ ကချင်လူမျိုးများသာ ဖြစ်သည်ဟု အထင်ရှိခဲ့ကြသော်လည်း ယနေ့ ရှမ်းလုထုရဲ့ ဆန္ဒ ထုတ်ဖေါ်လာမှု၊ ပူတာအိုဒေသရှိ လီးဆူးစသော ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒထုတ်ဖေါ်လာမှုတို့ကြောင့် ကချင်ပြည်နယ်သည် ကချင်လူမျိုးတို့ရဲ့ပြည်နယ်ဟု ပြောဆိုခြင်းထက် ကချင်လူမျိုးအများစု နေထိုင်တဲ့ ပြည် ထောင်စုကြီးဆိုတာ အများစု သိလာကြပြီဖြစ်တယ်။   

ထိုကြောင့် အမျိုးသားရေးစိတ်ဓာတ် (Union spirit) ဆိုတာ လူမျိုးတစ်စုတည်းကို ကိုယ်စားပြုတဲ့ စိတ်ဓာတ်မျိုးမဟုတ်ပဲ၊ ထိုထက်ကျယ်ပြန့်တဲ့အဓိပ္ပါယ်ကို ဖေါ်ဆောင်နိုင်တဲ့ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ စိတ်ဓာတ်မျိုးအထိ ရောက်နိုင်အောင် မွေးမြူနိုင်ပါမှ ပြည်ထောင်စုစိတ်ဓာတ်ရဲ့ အဓိပ္ပါယ်များဟာ ပိုမိုကျယ် ပြန့်လာမှာဖြစ်တယ်။ ထိုအခါမှာ ပြည်ထောင်စုအရေးသည် အားလုံးရဲ့ အရေးဖြစ်သလို၊ မျိုးဆက်သစ်တို့၏ ပညာအဆင့်အတန်းများ ထူးချွန်မြင့်မားလာရေးသည်လည်း အားလုံးရဲ့ အရေးဆိုတာ ထင်ဟပ်ပေါ်လွင်လာမှာ ဖြစ်တယ်။ နောက်ဆုံး တိုင်းရင်းသားများအားလုံးရဲ့အရေးသည် ပြည်ထောင်စုကြီးရဲ့ အရေးဆိုတာ ပုံပေါ်လာ နိုင်မှာဖြစ်တယ်။  


လွန်ခဲ့တဲ့အပတ်က ပြီးဆုံးသွားခဲ့တဲ့ ဆီးဂိမ်းကြီးရဲ့ (အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးရဲ့) ဖွင့်ပွဲ အခမ်းအနားကြီးကို ပြန်လည်သုံးသပ်ကြည့်ကြရအောင်ပါ။ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင်စတဲ့ ပြည်ထောင်စုသားတွေ စုပေါင်းပြီး ပြည်ထောင်စု စိတ်ဓာတ်တွေကို ကမ္ဘာအလယ်မှာ ထယ်ဝါစွာ ပြသနိုင် လိုက်တဲ့အတွက် အားတက်မိခြင်းပါ။ ပြည်ထောင်စု ကြီးကို ကိုယ်စားပြုထားတဲ့ “ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ပြည် (ပြေ) … ။ တို့ပြည် (ပြေ)… တို့မြေ↔ဆိုတဲ့ နိုင်ငံတော်သီချင်းဟာ ပြည်ထောင်စုစိတ်ဓာတ်တွေ နိုးကြားလာဖို့ အင်းအားတွေကို ဖြစ်စေခဲ့တယ်။ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ ပွဲစဉ်တွေမှာလည်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားကစားသမားများကို အားပေးခဲ့ကြသည်မှာလည်း မမောနိုင်၊ မပမ်းနိုင်အောင် ရှိနေခဲ့ကြတယ်။ တိုင်းပြည်ကို ကိုယ်စားပြုထားတဲ့ အားကစားသမားများသည် ပြည်ထောင်စုစိတ်ဓာတ် အပြည့်ဖြင့် ရွှေတံဆိပ်ဆုတွေ များများဆွတ်ခူးနိုင်ပြီး တိုင်းပြည်ရဲ့ဂုဏ်ကို ဆောင်နိုင်ရန် ကြိုးစားခဲ့ကြတာဟာလည်း ပြည်ထောင်စု စိတ်ဓာတ်များပင်ဖြစ်တယ်။ အချုပ်ဆိုရလျှင် သမိုင်းထဲ၌ အိပ်ပျော်နေခဲ့သော မြန်မာနိုင်ငံကြီး ပြန်လည်နိုးထ လာပြီဖြစ်ကြောင်းကို ရဟန်းရှင်လူ ပြည်သူအများအား သိကြားစေ သက်သေညွှန်းခြင်းဖြင့် အတူတကွ ၀မ်းသာနိုင်ကြဖို့ပါ။  ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။  ဒေါက်တာဓမ္မပိယ (ITBMU)