အုန်းနိုင် - ဒီမိုကရေစီအရေးတော်ပုံ (၂၅)

ဒီမိုကရေစီအရေးတော်ပုံ (၂၅) 
အုန်းနိုင်
ဇန်န၀ါရီ ၃၁၊ ၂၀၁၄



● အရေးတော်ပုံတွင် တပ်မတော်သားတချို့ ပါဝင်လာခြင်းနှင့် အရေးတော်ပုံ ဖြိုခွင်းရေး
အရေးတော်ပုံ ရက်ရှည်လာတာနဲ့အမျှ  နယ်တွေမှာလည်း ပြဿနာတွေ ရှိပါတယ်..။ သပိတ်အဖွဲ့တွေထဲမှာ မြို့နယ်အုပ်ချုပ်ရေး   အာဏာရ ယူချင်တဲ့ကိစ္စတွေ  လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး.. အချင်းချင်း မပြေမလည်တာတွေ ကွဲကြတာတွေ  ရှိလာတာ ကြားရတယ်..။ လူကြီး တွေထဲမှာ ရှိသလို ကျောင်းသား လူငယ်တွေထဲမှာလည်း အဖွဲ့တွေ ကွဲတာတွေရှိလာတယ်..။ ပေါင်းတည်မှာ ကျောင်းသား ခေါင်းဆောင် မင်းဆွေဇင်ကို   ရန်စနဲ့အုပ်စုဖွဲ့ ရိုက်မှုတခုဖြစ်တယ်..။ ကျောင်းသားကလေး လက်ကျိုးသွားတော့  လူထုက  ရိုက်တဲ့လူကို  လူထုနည်းနဲ့ တန်ပြန်ဒဏ်ခတ်ဖို့ ကြိုးစားတယ်..။ အားလုံးဝိုင်းဝန်းထိန်းသိမ်းကြလို့  ဘာမှတော့ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ပါ..။

ရန်ကုန်သတင်းတွေမှာတော့ စက်တင်ဘာ (၁၅) ရက်နဲ့ (၁၆) ရက်နေ့တွေမှာ ကြည်း ရေ လေ တပ်တွေက တပ်သားတွေပါ ယူနီဖောင်း တွေနဲ့ ဒီမိုကရေစီ ထောက်ခံဆန္ဒပြ လှည့်လည်ရာမှာပါဝင်လာပါတယ်။ ဦးတင်ဦးက သူတို့ကို စနစ်တကျ ထိန်းသိမ်းပြီး သရက်တော ကျောင်းတိုက်အတွင်း နေရာချထားပေးပါတယ်။

ဆန္ဒပြသူ တစ်ချို့ က ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ရန်နိုင်တို့ကို ကြားဖြတ်အစိုးရဖွဲ့ ဖို့ တောင်းဆိုကြပါပြီ..။ ဒီ ကိစ္စ အတွက် ရန်ကုန်ဆေးရုံကြီးရှေ့ မှာ ကျောင်းသားအချို့  အစာငတ်ခံဆန္ဒပြကြပါတယ်။

(၁၇.၉.၈၈) နေ့မှာတော့ ရန်ကုန်မှာ အခြေအနေ အတင်းမာဆုံးပါဘဲ။ လှိုင်နယ်မြေတစ်နေရာမှာ သပိတ်စခန်းတစ်ခုနဲ့ တပ်စခန်းတစ်ခု ခပ်နီးနီး အနေအထားမှာ ရှိတယ်။ တပ်မတော်က အရာရှိတစ် ယောက်က အရပ်ဝတ်နဲ့ သပိတ်စခန်းကိုလာပြီး သူတို့ သပိတ်စခန်းနဲ့ ပူးပေါင်းချင်တယ်။ သူတို့ကို လာခေါ်တဲ့အနေနဲ့ သူတို့အနားကိုလာပြီး ဆန္ဒပြပါလို့  လာခေါ်ပါတယ်။ သပိတ်ခေါင်းဆောင်များက လက်နက် တွေထားခဲ့ပြီး ကိုယ့်ဖာသာ သပိတ်စခန်းကို လာခဲ့ဖို့ပြောပါတယ်။ ဒီအရာရှိကဘဲ သူတို့ လက်နက်တွေနဲ့တကွ သပိတ်စခန်းကို ပူးပေါင်းမှာပါ။ တပ်ထဲမှာ မငြိမ်မသက်တွေဖြစ်နေပြီ လို့  ဆိုတယ်။

သပိတ်ခေါင်းဆောင်တွေကလည်း အခြေအနေတွေ မငြိမ်မသက်ဖြစ်နေတာ မှန်ကြောင်းသိတယ်။ သူတို့  သပိတ်စခန်းမှာ ကို လက်နက်အချို့ က ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိ ရောက်နေတာတွေလည်းရှိတော့ ဒီအရာရှိရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်။ တကယ် သပိတ်စခန်းက အလံတွေထူပြီး ကြွေးကြော်သံတွေနဲ့ ချီတက်လာတော့မှ ဘာအမှားတွေ့ သွားပြီး ..ဘာအဆင်မပြေမှု ဖြစ်သွားသလဲ မသိပါ..။ တခါတဲ ပစ်ချလိုက်တာ  လူထုမှာ..ဝက်ဝက်ကွဲအောင်သေကြရပြန်တယ်။

နောက်တစ်ခုကတော့ မြို့ လယ်ကောင် ကုန်သွယ်ရေးဝန်ကြီးရုံးမှာ စစ်တပ်အစောင့်ရှိတယ်။ ဆန္ဒပြလူအုပ်က ရုံးကို ဝိုင်းတယ်။ အော် ဟစ်ကြွေးကြော်ဆန္ဒပြကြတယ်။ ဒါကိုအစောင့်တပ်က ပစ်မယ်လို့ လုပ်တယ်။ ဒီမှာ လူအုပ်ကလည်း ပုလင်းတွေ၊ ဂျင်ဂလိတွေ၊ လောက်လေး တွေနဲ့ ပြန်ပစ်ကြတော့ စစ်တပ်က ထွက်ပြေးပြီး ဒုတိယထပ်ကိုတက်သွားတယ်။ သူတို့မှာ ဝိုင်ယာလက် စက်ရှိတယ်။ သူတို့ဌာနချုပ်ကို  ဘာလုပ်ရမလဲလို့.. အမိန့်တောင်းတယ်။ သူတို့ဌာနချုပ်က တစ်ထပ်ပြီးတစ်ထပ်ဆုတ်ခံသွားကြ.. ပစ်တော့မပစ်နဲ့..။ ဒီလို အမိန့်လာတယ်။ အပေါ်ဆုံးထပ်ရောက်တော့ ထပ်တက်စရာမရှိတော့ဘူး။ လူအုပ်ဆီမှာ လက်နက်ချရတယ်။ လူထုက လက်နက်သိမ်း ယူနီဖောင်းချွတ်ခိုင်းပြီး ပုဆိုးတွေတောင် ..ပေးပြီးလွှတ်ပေးလိုက်တယ်။

ဖြစ်စေချင်ပုံက မပစ်ခတ်ဘဲ နေတဲ့ တပ်ကို လူထုက ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်၊ ခေါင်းဖြတ် အဲလိုဆိုရင် မင်းမဲ့စရိုက်ဖြစ်သွားပြီဆိုပြီး အာဏာသိမ်းဖို့ အကြောင်းပြချက်ရမယ်။ အခုတော့ ထင်သလို မဖြစ်လာဘဲ၊ လူတွေက လွှတ်ပေးလိုက်တယ်။ ဒါတောင် ဘုန်းကြီးတွေ သေနတ်လွယ်ထားတဲ့ပုံတွေကိုတော့ ရအောင်ရိုက်ယူထားလိုက်ပြီး.. ဒါကို နောက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲတွေနဲ့ထုတ်ပြလာသေးတယ်။

နောက်သတင်းတစ်ခုကတော့ ဦးနေဝင်းသမီး စန္ဒာဝင်းကိုယ်တိုင် ဗိုလ်မှူးယူနီဖောင်းဝတ်ပြီး ခေါင်းဆောင်ကာ တပ်မတော်အရာရှိ အချို့နဲ့ အတူ မြန်မာ့ဘဏ်အရာရှိတွေကိုဖမ်းပြီး အတင်းသော့ဖွင့် ခိုင်းကာ နိုင်ငံဘဏ္ဍာ ငွေကျပ်ကုဋေ ခြောက်ဆယ်ကို  အတင်းထုတ်ယူသွားတယ် ဆိုတာပါဘဲ။

ဒီသတင်းတွေအရဆိုရင် စစ်တပ်နဲ့ မဆလတို့ဘက်က ဆန္ဒပြသမားတွေနဲ့ ညှိနှိုင်းလိုတဲ့ အနေအထားမရှိဘူး။ အရေးတော်ပုံကို ပုံသဏ္ဍာန် အမျိုးးမျိုးနဲ့  ဖြို ခွင်းဖို့ ကြံစည်နေတာပေါ်လွင်နေပါတယ်။

● စစ်တပ်က အာဏာသိမ်းပြီ
ဒီလိုနဲ့  စက်တင်ဘာ(၁၈)ရက်နေ့ ရောက်လာပါပြီ။ ပေါင်းတည်မှာ ဒီနေ့ကျောင်းသား ကွန်မင်ဒိုနဲ့  ရှေ့ နေ ဦးစံမောင်တို့ ပေါင်းပြီး အစာငတ်ခံ ဆန္ဒပြမယ်။ နေရာကတော့ ပါတီယူနစ်နဲ့ မျက်စောင်းထိုး မီးသတ်ရှေ့မှာပါ။ ရန်ကုန် ပြည်လမ်းမကြီးဘေးမှာ လူမြင်ကွင်းကျတဲ့နေရာပါ။ နံနက် (၆) နာရီ စပါတယ်။ သူတို့ရှေ့မှာ ရေဘူးတွေပဲရှိပါတယ်။ ကျနော်လည်း ဒီနေ့ မှာ ဘယ်မှမသွားဖြစ်ဘဲ အိမ်မှာဘဲ ရေဒီယိုကို ကလိ နေပါတယ်။ ညနေ လေးနာရီ မြန်မာအသံစတော့ ..စစ်တပ်အာဏာသိမ်းလိုက်ပြီဆိုတာ တန်းကြေညာတော့တာပါဘဲ။ အာဏာသိမ်းအဖွဲ့ရဲ့ ဥက္ကဌက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်ဖြစ်ပြီး အတွင်းရေးမှူး (၁) က ဗိုလ်မှူးချုပ်ခင်ညွှန့်ပါ။ အတွင်းရေးမှူး (၂) က ဗိုလ် မှူးကြီး တင်ဦးတဲ့။ အရပ်သားထဲက ဒေါက်တာဖေသိန်းဆိုတာပါလာတယ်။ အာဏာသိမ်းအဖွဲ့ဆိုတာ မကြာသေးမီကပေါ်ခဲ့တဲ့ ဒီမိုကရေစီ တန်ပြန်လှုပ်ရှားမှုအဖွဲ့  နဲ့ စစ်တပ်က အမာခံတွေပါဘဲ။ ဦးနေဝင်း၊ ဦးစိန်လွင်၊ ဦးကျော်ထင်၊ ဦးထွန်းတင်တို့သာ မပါတာ။ အဓိကကတော့ အဲဒီအဖွဲ့ ပါပဲ။ သူတို့ကြေညာချက်ထဲမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပေးမယ်။ သမ္မတဒေါက်တာမောင်မောင် ဖွဲ့ခဲ့တဲ့   ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်အတည်ပြုတယ်။ သူတို့ အာဏာကို အကြာကြီးချုပ်ကိုင်ထားမှာ မဟုတ်လို့  ဝန်ကြီးအဖွဲ့ ဝင် နည်းနည်းနဲ့ ဖွဲ့ထားတယ်။ ကုန်စည် စီးဆင်းမှုကောင်းမွန်ရေးကို ဦးစားပေးမယ်။ ကျန်တဲ့ ပညာရေးတို့ ကျန်းမာရေးတို့ဆိုတဲ့ လူမှုရေး တာ ဝန်တွေကိုတော့ နောက်ရွေးကောက်ခံရတဲ့ အစိုးရကျမှလုပ်ကြပေတော။့ သူတို့တာဝန်မယူဘူး။ အဓိပ္ပါယ်ကတော့  ကျောင်းတွေ တက္က သိုလ်တွေ ပြန်ဖွင့်မပေးဘူးလို့ ဆိုလိုတာပါ။ ဒီလောက် ဆန္ဒပြချင်တဲ့ ကျောင်းသားတွေ။ မင်းတို့ ကျောင်းတွေကို ဖွင့်ကို မပေးဘူးကွာလို့ ညစ်လိုက်တာပါ။

ရေဒီယို သတင်းညွှန်ကြားချက်အရ   သူတို့ တပ်အချင်းချင်း ညွှန်ကြားချက်အရ၊ ည (၈) နာရီကျရင် သက်ဆိုင်ရာ မြို့ နယ် သပိတ်စခန်းများ ဆီကို စစ်တပ်များ ချီတက်ဝင်ရောက်မယ်။ ခုခံတားဆီးမှုရှိရင် ပစ်ခတ်ဝင်ရောက်မယ်။ ဆိုတာ ဗိုလ်မှူးထိန်ဝင်းက မြို့ ပေါ် (၁၃) ရပ်ကွက်က လူကြီးများဆီ တယ်လီဖုံးနဲ့ တစ်မျိုး လူလွှတ်ပြီးတစ်မျိုး အကြောင်းကြားပါတယ်။ အရင် ရပ်ကွက်အလိုက် ကင်းစခန်းတွေမှာ လူတွေ မနေကြပါနဲ့ ။ လမ်းပေါ်ကို လူမထွက်ပါနဲ့ .။ အကာအရံ အတားအဆီးတွေလည်း မလုပ်ပါနဲ့လို့ ကြေညာပါတယ်။ ဒီမှာတော့ ကျောင်းသားအဖွဲ့ တွေကို ပစ္စည်းတွေ သိမ်းခိုင်းရပါတယ်။ ကျောင်းက ယူထားတဲ့ တယ်လီဖုန်းပြန်ပို့..။ စားပွဲ ကုလားထိုင်တွေ ဓမ္မာရုံထဲ ပြန်သွင်းကြပြီး ကိုယ့် အိမ်ကို ပြန်ကြပါတယ်။ အကြောင်းတစ်စုံတစ်ရာဖြစ်လာရင် အရမ်း ပြာပြာပြာပြာ မဖြစ်ဖို့နဲ့ ..။ အခုအထိ တို့မြို့ ရဲ့ လုပ်ရပ်က.. ဘာမှ ကြောက်စရာ၊ ရှောင်စရာ ပြေးစရာ မလိုဘူးလို့  ကြို တင်ပြောပြီးသားပါ။

ဒါပေမဲ့ ..ကြောက်တာတော့ ကြောက်တာပေါ့။ ကလေးတွေကို ဒီတစ်ညတော့ ကိုယ့်အိမ်မှာ ကိုယ်မအိပ်ကြနဲ့လို့ဘဲ ပြောလိုက်ပါတယ်။ အိမ်က သမီးတွေ တူ တူမတွေကိုလည်း  နီးရာ..ဟိုအိမ် ဒီအိမ် လွှတ်ပြီး အိပ်ခိုင်းရပါတယ်။

တစ်ချိ့လူသိုက်ကတော့ မှတ်တိုင်လမ်း ကုန်းမြင့်ကြီး နားကသွားပြီး သစ်ပင်တွေ ခုတ်လှဲဖို့ စီစဉ်ကြပေမဲ့ ..။ ဒီမှာတော့  ရန်ကုန်လောက် မတက်ကြွပါ။ ဒါကြောင့်..လှဲပြီးသားကုက္ကို တုံးကြီးများရှိတဲ့ ဦးစုကြီးတို့  အိမ်ရှေ့ နားက  တုံးကြီးတွေကိုသာ အနားက လူတွေခေါ်ပြီး  လမ်း ပေါ်ကန့်လန့်ဖြတ်တင် လိုက်ကြတယ်။ ကျနော်တို့လမ်းထဲက ဆွမ်းရုံမှာ ကိုယ့်လမ်းသားတွေစုထားတဲ့ညကင်းတစ်ဖွဲ့ ရှိပါတယ်။ ခါတိုင်းလို ဘဲ ညစားထမင်းစားပြီး မီးထွန်းလူစု ကြပါတယ်။ လမ်းထဲက လူတစ်ယောက်ဟာ  (၂၄) နာရီ အစာငတ်ခံ ဆန္ဒပြပွဲမှာ ပါဝင်သူပါ။ ကျနော်တို့ ဆွမ်းရုံရောက်ချိန်မှာ သူလည်းရောက်လာပါတယ်။

ဘယ်လိုလဲ အစာငတ်ခံဆန္ဒပြပွဲ သိမ်းလိုက်တာလားဆိုတော့  မဟုတ်ပါဘူးတဲ့။ သူတစ်ယောက်ပဲ နောက်ဖေးသွားသလိုလို နဲ့  လစ်လာခဲ့ တာလို့ ပြောပါတယ်။ အားကိုးလောက်ပါပေတယ်။

ည (၈) နာရီလောက်ကျတော့ ပေါက်တောက ရှိစု မဲ့စု တပ်တွေ ကားနဲ့မြို့ ထဲဝင်လာပါတယ်။ ကျနော်တို့ ဆွမ်းရုံကင်းက သူတို့သွားတဲ့ လမ်းပေါ်မှာ မဟုတ်ပါ။ လှမ်းကြည့်ရင်တော့ မြင်နိုင်ပါတယ်။ လှမ်းပစ်ရင်လဲ ထိနိုင်ပါတယ်။ သူတို့လမ်းနဲ့ ကိုက်တစ်ရာလောက်ဘဲ ဝေးတာ ပါ။ ဘာမှ မလုပ်ပါ။ ဖြတ်သွားပါတယ်။ မီးသတ်ရှေ့က (၂၄) နာရီ အစာငတ်ခံဆန္ဒပြနေတဲ့ သူတွေကို ရပ်ဖို့ ဗိုလ်မှူးထိန်ဝင်းက ပြောပါတယ်။ ကျောင်းသားတွေက (၂၄) နာရီပြည့်မှပဲ ရပ်မယ်လို့  တုန့်ပြန်ပါတယ်။ ဗိုလ်မှူးက..လည်ပါတယ်။

မီးသတ်ရုံထဲက မီးသတ်ကားနှစ်စီးကို ထုတ်ခိုင်းပြီး သူတို့ ထိုင်နေတဲ့ ဆန္ဒပြလူတန်းကို ကွယ်သွားအောင်ပိတ် ပြီး ရပ်ခိုင်းထားလိုက်ပါတယ်။ ဒီဗိုလ်မှူးဟာ နားလည်မှု ရှိတယ်ပဲ..ဆိုရမယ်..။ ဒါကြောင့်လည်း   ဒီမိုကရေစီ အရေးတော်ပုံ (၄၂) ရက်အတွင်း နှစ်ဘက်ပြေပြေလည်လည် ဆက်ဆံနိုင်ခဲ့တာပါ။ (၁၉) ရက်နေ့ နံနက် (၆) နာရီမှာ ကျောင်းသားကွန်မန်ဒိုများ ဆန္ဒပြပွဲပြီးသွားပြီိမို့ ပေါင်းတည်မြို့ ရဲ့   ဒီမိုကရေစီ အရေး တော်ပုံ (၄၂) ရက်ဟာ စစ်အာဏာသိမ်းခံရခြင်းနဲ့အဆုံးသတ်ခဲ့ ပါတယ်။

ဂုဏ်ယူချင်ယူ၊ ရှက်ချင်ရင်လည်းရှက် ..။သူများမြို့ တွေနဲ့ ..တန်းမတူဘူးလို့ သိမ်ငယ်ချင်ရင်လည်း သိမ်ငယ်။ ဒီ (၄၂) ရက်အတွင်း   ဒီမြို့မှာ အသေအပျောက် လုံးဝ မရှိပါ။ ဆန္ဒပြလို့ အဖမ်းအဆီးခံရတာ မျိုး ပင်မရှိခဲ့ပါ။....။


(ဒီမိုကရေစီ အရေးတော်ပုံကို အပိုင်း (၂၅) နဲ့ အဆုံးသတ်ပါမယ်..။ စစ်အုပ်ချုပ်ရေးအောက်မှ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အပိုင်း (၂၅) ပိုင်းနဲ့ပဲ  ဆက်ပါဦးမယ်)