အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) - ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် - အပိုင်း (၁၇)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် - အပိုင်း (၁၇)
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၃၁၊ ၂၀၁၄



ပုတ်သင်ညိုသည် နီးစပ်ရာ အရောင်ပြောင်းတတ်သည်ဟု ဆိုကြသည်။ တမာပင် ကြားထဲ ပေါက်လာသော သကြားပင်သည်လည်း အချိုရသ ပျောက်သလို သကြားပင်ကြားပေါက်သော တမာသည်လည်း ပင်ကိုယ်အခါးတို့ပျောက်သွားရသည်။ နီးစပ်ရာ တို့က လွှမ်းမိုးသည့် သဘောကို ပြဆိုခြင်း ဖြစ်သည် ။ အခါအခါးချင်း တွေ့တော့ ပိုခါးမည်။ အချိုအချိုချင်းတွေ့တော့လည်း ပိုချိုမည့် သဘောပင်။ ထောင်ထဲ တုန်းက ရလိုက်တဲ့ကဗျာ တပုဒ်ကိုအမှတ်ရနေသည်။ 

မဲဇလီ ပင်အောက် 
ပေါက်ရောက်တဲ့ ရွှေတမာ၊
ခါးချက်ကနာ။
ရေစီး ရယ်တစ်ခါ 
ရေသာရယ်တစ်လှည့်။  
သူများလိုတို့မရိုင်းတယ် 
တိုင်းသိပါရဲ့။ ။

ဒီကဗျာမှာ အခုခေတ် နိုင်ငံရေးလုပ်နေသူတို့၏ အကြမ်းမဖက် လမ်းစဉ် ကိုင်စွဲထားသူတိုင်း ရင်တွင်း ရှိသော ခံစားချက်တို့ ပေါ်လွင်နေသည်။ မူလ ကတည်းက(ခါးသူတို့ )ရက်စက်ယုတ်မာသူတို့ လူမိုက်အချင်းချင်း ပေါင်းဖက်မိခြင်း၊ လူမိုက်တစ်ယောက်၏ အမိန့်အာဏာအောက်ရောက်ရခြင်းက လူကောင်း မဖြစ်စေခဲ့။ ထိုသူတို့ တိုင်းပြည်အာဏာကို ခွဲဝေသုံးစွဲခွင့် ရလိုက်သောအခါ တိုင်းပြည်ပါ ငါးပါးမှောက်ခဲ့ရသည်။ ရက်စက်မှုတွေက ကမ်းကုန်ခဲ့သည်။ ထိုရက်စက်မှု ကို ကိုယ်က တဖန် ပြန်လည်၍ အလှည့်ကြုံသော အခါထားရမည့် စိတ်ထားကို ကဗျာက ဖေါ်ပြနေသည်။ အခုစာမှာ ဆိုလိုချင်တာက ဒီအကြောင်းမဟုတ်။ အနေနီးသူ ၊ပေါင်းသင်းထိတွေ့သူ တွေ၏ဗီဇ စရိုက် အကျင့် ဝါသနာ အလုပ်တွေက ကူးစက်တတ်တာကို ပြောလိုခြင်းဖြစ်သည်။ 

ထိုလူငယ်လေးက ဦးဇင်းတို့နှင့် တစ်ခန်းတည်းအတူနေသူ ဇော်ဟန်ဖြစ်သည်။ သူသည်  နိုင်ငံရေး အသိုင်းအဝိုင်းကမဟုတ်။ သူ့ဘဝကို အတူနေတော့ တရင်းတနှီး သိလာရသည်။ သူက အမှုမှာ ဘာမှ ပတ်သက်ခြင်း မရှိသော်လည်း အမှုကျူးလွန်းသူ တညတာ လာရောက် တည်းခိုခဲ့မှုက သူ့ကို ထောင်ကျစေခဲ့သည်။ ဒီကိစ္စကို အမှု ဆွဲတင်သော SB ကလည်း ကောင်းကောင်းသိနေသည်။ သူတို့ သိပင်သိသော် လည်း အမှုကနေလွတ်အောင်တော့ လုပ်မပေးနှိုင်ကြ။ အမှုစစ်ဖို့ရုံးထုတ်တော့ အက်စ်ဘီက သူ့ကိုပြောတာကိုကြား လိုက်ရသည်။ 

“မင်းကွာ မင်းနဲ့အတူတူ အမှုတွဲတွေကြည့်စမ်း မင်းထက်ငယ်တဲ့ မြင့်ထွန်းဆိုရင်တောင် သက်စွန့်ဆံဖျား လုပ်တာတွေပါသေးတယ် မင်းကတော့ -------”

သူ့စကားလုံးတွေက ရိုင်းပြလွန်းတော့ ရေးပြရမှာတောင်မဝံ့။ အက်စ်ဘီကပဲ နိုင်ငံရေးထဲပါဝင်သူတွေကို အားပေးသယောင် အလွမ်းလာသယ်သည်။ နိုင်ငံရေးထဲမပါဝင်ခဲ့သူကိုပဲ သူကလှောင်ပြောင်နေသည်။ဒါက သူတို့ လှည့်စားချက်လဲဖြစ်မည်ထင်ပါသည်။ လူငယ်ဘဝကို  တမေ့တမောနေမိသူ တစ်ယောက် ဆွမ်းခံရင်းငှက်သင့် တာလား  ။ ငှက်သင့်ရင် ဆွမ်းခံတာလားတော့မသိ ။ အမှုနှင့်ပတ်သက်ပြီး သူသေချာ အားလုံးမသိခဲ့။သူအမှုမှာ တကယ်ကို မသိတာတွေ အများကြီး ။ လူက မင်းသားချော ချောတာဆိုတော့ လူငယ် သဘာဝ မိန်းခလေးတွေသဘောကျသူများမှာပါပဲ။ သူ့ရုပ်ကိုကြည့်ပြီး ဒေါက်တာအောင်ခင်ဆင့် တို့ အမှုတွဲထဲမှ ဦးဟန်စိန်က ထောင်ကပြန်လွတ်ရင် မင်းသားလုပ်ပြီး ရုပ်ရှင်ရိုက်ပေးမယ်လို့တောင် နောက်သလိုပြောလာသည်။ တစ်ခန်းတည်းအတူနေ ဦးဝင်းကြည်၏ လူငယ်လေးကိုဖြစ်စေချင်စိတ် အလွန်အကျွံ ဖြစ်နေတာလားမသိ။ သူ့ဝေဘန်ရေးက ကြမ်းသည်။ လူငယ်လေး တစ်ယောက် အတွက် ပတ်ဝန်းကျင် က ရွယ်တူ များကြား မျက်နှာငယ်ငယ်။ အခြားသူတွေ ၏ နိုင်ငံရေး စကားဝိုင်းတွေ ကြား ခံစားရနေရမှုသည် ဦးဝင်းကြည် ၏ဝေဘန်ရေးက မီးလောင်ရာလေပင့်ဖြစ်သွားခဲ့ရသည်။ 

ဦးဇင်းတို့ အနောက်ဘက်ခြမ်းကို ပြောင်းတော့ သူကရှေ့ဘက်ခြမ်း၌ နေခွင့်ရရန် ကြိုးစားလိုက်သည်။ ကိုအောင်လင်းအခန်းမှာ သူနေခဲ့သည်။ သူက နိုင်ငံရေးနှင့် ဝေးကွာသော်လည်း ထက်မြက်သူ ဥာဏ်ကောင်းသူ ဖြစ်သည်။ လူငယ်တွေကြား ငတ်မွတ်နေသော ပညာဆာလောင်မှုကို သူပါ ပါဝင် အားကျလာသည်။ တက္ကစီကားမောင်းရင်း မဖြစ်မနေ တတ်ထားရမည့် အင်္ဂလိပ် စကားပြောကို သူက မမေ့ပျောက်ဖို့  အစဉ်အားထုတ်နေတတ်သည်။ ၈၈ လူထု လှုပ်ရှားမှု ဆိုတာက မြန်မာတနိုင်ငံလုံး ပါဝင်ခဲ့ကြသော လူထုတော်လှန်ရေးကြီးဖြစ်၏။ ထိုအထဲတွင်တော့ လှိုင်းအတူစီးရင်း ပါဝင်ခဲ့တာတော့ သူရှိခဲ့ဘူးသည်။နောက်ပိုင်း တော့ ဝေးကွာခဲ့ပြန်သည်။ ခုတော့ သူနေချင်ချင် မနေချင်ချင် သူပါဝင်ရတော့မည့် ခရီးရှည်ကြီးကို သူဘယ်ပုံ ဘယ်နည်း ဖြတ်ကျော်မလဲ ဆိုသော မေးခွန်းကို သူ့ပတ်ဝန်ကျင်မှ လူအားလုံးသို့ သူဖြေဆိုရပေတော့မည်။ 
“ဘဘုန်းကြီး အိမ်ကလာတယ် ”

ဇော်ဟန် စားစရာပစ္စည်းလေးများဖြင့် ရောက်လာသည်။ ထောင်ထဲထုံစံက ထောင်ဝင်စာ လာလာချင်း ကိုယ်နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းတွေဆီ ဝေငှတတ်ကြသည်။ ဒါက ထောင် ထုံစံတစ်ခုဖြစ်လို့နေပြီ။ ထောင်ထဲတွင် ပတ်သက်ဆိုသော စကား အပိုင်စားဆိုသော စကားတို့ကို မကြာမကြာကြားရတတ်သည်။ ပတ်သက်ဆိုသော စကားအဓိပ္ပါယ် မှာ တစ်ယောက်အခက်အခဲ တစ်ယောက် ကူညီပေးသူ။ မကင်းရာ မကင်းကြောင်းကိုခေါ်ခြင်းဖြစ်သည်။ နောက်တမျိုးက အပိုင်စား-တနယ်တည်းသား တမြို့တည်းသား အချင်းချင်းကို ထောင်ထဲမှာ အပိုင်စားဟုခေါ်သည်။ ပတ်သက်၊ အပိုင်စား၊အမှုတွဲစသည့်သူများသည် အချင်းချင်း နီးနီးကပ်ကပ် တစ်ယောက် ကိုတစ်ယောက် ဖေးမကူညီကြသည်။ ထောင်ထဲမှာဒါတွေပဲ ဆွေမျိုးလုပ်နေရသည်မဟုတ်လား။ ခုဇော်ဟန် သူ့အိမ်ကလာသည်။ အမှုတွဲချင်း နောက်တခန်းတည်းအတူတူနေခဲ့ဘူသူချင်း ရင်နှီးမှု၏ နောက်ဆက် တွေအဖြစ် ကူးလူး ဆက်ဆံမှုကခိုင်မြဲဆဲ။ ထောင်ထဲမှာပုန်းကြောင်သည် ဆိုတာက ရှိသေးသည်။ စားစရာပြတ်လတ် နေသူကို ရည်ရွယ်သော အသုံးအနှုံးဖြစ်သည်။ ထို ရက်မျိုးက ထောင်ထဲနေသူလူတိုင်း တစ်ခါ မဟုတ် တစ်ခါတော့ ကြုံရတတ်သော ကိစ္စဖြစ်သည်။ ထိုအခါမျိုးသည်လည်း အပိုင်းစား ပတ်သက် အမှုတွဲ တို့ကို အားကိုးရသော အခါတို့ပင် ဖြစ်ပြန်သည်။ 

ဒီလိုဆိုတော့ အားလုံးတစ်ယောက်ကို တစ်ယောက် တစ်ဦကို တစ်ဦး ကျေးဇူးပြုလို့ တည်ရှိနေကြသည် ဟုထင်ကြမည်။ အခါခပ်သိမ်း ဒီလိုတော့မဟုတ်။လူ့သဘာဝ အတိုင်း ရက်ရောတတ်သူ၊ နှမြောတွန့်တိုတတ်သူ ဆိုတာက တော့ရှိစမြဲပင်။ ကိုယ့်ထောင်ဝင်စာကိုပင် လူမသိအောင်  ဝှက်စားဖွက်စားသူတွေလည်းမရှိ မဟုတ် ရှိကြသည်သာ။ ထိုလိုလူမျိုးထဲတွင် ဇော်ဟန်မပါ။ ခု အိမ်ကထောင်ဝင်စာ လာလာခြင်း သူ သတိတရ ရောက်လာသည်။ 

“မင်း အခုဘာတွေလုပ်နေလဲ”

သူအင်္ဂလိပ်စာကို လေ့လာ မည်ဆိုဟုပြောသည်။ နောက်သူနှင့်တစ်ခန်းတည်းနေသူ ကိုအောင်လင်းက ဘာသာရေး တကယ့်ကို အားကြိုးမာန်တက် လုပ်နေသူဖြစ်သည်။ ဒီတော့ သူကိုလည်း ကိုအောင်လင်းအတုယူပြီး လုပ်ဖြစ်အောင် တိုက်တွန်းသည်။ နေ့စဉ် နေထိုင် တွေ့ထိနေရသာ ပတ်ဝန်ကျင်ကြားတွင် သိမ်းငယ်မှု တစ်ခုကို သူသိမ်းဆည်းထားဆဲပင် ဖြစ်သည်။ ဒီသိမ်ငယ်မှုဟာ သူ့ကို တနေရာဆီကို တွန်းပို့ နေမှန်း မသိခဲ့။ 

အဲ့ဒီနေ့က ညွန်မှူးတန်းစီလှည့်သော နေ့ဖြစ်သည်။ (ထောင်ထဲ တွင် ထောင်ပိုင် နှင့် အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးတို့ တစ်ပတ် တစ်ခါ ထောင်ထဲလှည့်သည်။ ထောင်ပိုင်ချည်း လှည့်ပတ်စစ်ဆေးသည်ကို ထောင်ပိုင်တန်းစီတာဟုခေါ်ပြီး၊ ညွှန်မှူး လှည့်ပတ်သောနေ့ကို ညွှန်မှူးတန်းစီးဟု ခေါ်ကြသည်။  သူတို့ တန်းစီ ရှိသော နေ့ များတွင် လူတိုင်း စနစ်တကျ အခန်းတွင်း ပုံစံ ထိုင်ပြီး နေပေးရသည်။ ပုံစံ အဝတ်အစား တို့ဖြင့်  အခန်းထဲ ထိုင်နေသူများကို ထောင်ပိုင် ညွှန်မှူးတို့ အပြင်ဘက်မှ လျှောက်သွားရင် သူတို့ကလိုအပ်တာ စတင်မေးမြန်းတာလည်းရှိသည်။ ကိုယ်က လိုအပ်ချက်ကို ထပြီးတင်ပြတာလည်း ရှိသည်။ များသောအာူဖြင့် ထိုနေ့မျိုးတွင် ထပြီးတင်ပြတတ်သူအများစုမှာ နိုင်ငံရေးသမားများက အများစု ဖြစ်ပြီး တိုက်ခန်းမဟုတ် အဆောင်နေသူများထဲတွင်တော့ ကိုယ့်အခွင့်အရေး အတွက် မကြောက်တတ်သူများသာ တင်ပြ တတ်ကြသည်။ ထောင်၏လစ်ဟာမှုကြောင့် တင်ပြခြင်းကိစ္စ တစ်ခုခု ဖြစ်လာပါက တာဝန်ကျသူ ထောင်မှူး အစောင့်အကြပ်တို့ ဆူပူ ကျိမ်းမောင်း သည်ကို ခံရတတ်သည်။ ထိုကြောင့် တင်ပြသူများ မတင်ပြရဲအောင် ထောင်မှူး နှင့် ဝန်ထမ်းတို့က အကျဉ်းသားတို့ကို ခြိမ်းခြောက်ထားတတ်ကြပြန်သည်။ နိုင်ငံရေး သမားတွေကတော့ ဘယ်လိုခြိမ်းခြောက် ခြိမ်းခြောက်  တင်ပြကြသည်သာ။ နောက်  တစ်ခု က နိုင်ငံရေးသမားများက တစ်ယောက်ထိလျှင် အားလုံး ဝိုင်းပြီး ပြောတတ်ကြပြန်သည် ။ ဒီတော့ နိုင်ငံရေးသမားတိုင်းက အုံနှင့်ကျင်းနှင့် ဆိုတော့ အားရှိသည်။ ၅ညများ (နိုင်ငံရေးသမာများကို  အများစုက ၅ညများဟု ခေါ်ကြသည်)ကို ထောင်ဝန်ထမ်းတို့က ကျီးကန်းတွေ ဟု တီးတိုးကမ္ဗည်းတတ်ထားကြသည်။ တစ်ယောက်ထိလျှင် အားလုံးဝိုင်းအာ ကြလို့ဖြစ်သည်။  နိုင်ငံရေး သမားတွေကို ရှေးအခါကတည်းက ခေါ်ဝေါ်သောနာမည်တစ်မျိုးလည်းရှိသေးသည်။ ထိုစကားက ဂေါ်နိုက် -ဟူသော စကားပင်။ ဂေါ် ဆိုသည်က တရုတ်လို ၅-ဂဏန်း ဟုအဓိပ္ပါယ်ရပြီး ၊ နိုက် ကတော့ အင်္ဂလိပ်လို (night) ကို  မြန်မာ ည အက္ခရာ လို့ အဓိပ္ပါယ်ရရ မရရ  အသံထွက်က ညဖြစ်နေတာကို ယူပြီး ခေါ်ကြခြင်းဖြစ်မည်။ )

ညွှန်မှူးတန်းစီမှာ လူတွေအားလုံး အခန်းထဲ မှာပုံစံ ထိုင်ပြီးနေကြချိန်ဖြစ်သည်။ ပုံစံ လို့ကျယ်လောင်စွာ အော်လိုက်သော အသံ ကြားလိုက်ရပြီး ရှေ့ပြေးများ၏ ခြေသံကိုကြားလိုက်ရသည်။ ထိုအခိုက်မှာပင် ဆူဆူညံညံ အသံများပါဆက်တိုက် ကြားရပြန်သည်။ အော်သံတချို့။  ညွှန်မှူးက ၂ဆောင် အရှေ့ခြမ်းတွင်ရှိသေးသည်။  အရင် အခေါက်တွေ သူတန်းစီတုန်းက ပုံစံ အသံကြားပြီး မကြာမှီ ညွှန်ကြားရေးမှူး ရောက်လာတတ်သည်။ ခု ရောက်မလာ။ ရှေ့ပြေးများတန်းစီ ပြီးဖြတ်သွားသော်လည်း ညွှန်မှူးက ရောက်မလာ။ ထူးခြားသောဖြစ်စဉ်က တစ်ခုခု ဖြစ်သွားလို့ဆိုတာလောက်ကိုပဲ ခန့်မှန်းလို့ရသည်။ ထောင် ဖွင့်သစံချောင်း ခေါက်ပြီး အခန်းတွေ လိုက်ဖွင့်ပေးတော့ အခုန အဖြစ်အပျက်ကို ကြားရတော့သည်။ ဇော်ဟန်ကို ရိုက်ပြီးခေါ်သွားတာဟု တစ်ယောက်က လာပြောသည်။ နောက်တစ်ယောက်က ဇော်ဟန်က ထပြီး ညွှန်မှူးအလာမှာ ဆန္ဒပြတာဟု ပြောပြန်သည်။ စကားမျိုးစုံ ဖြစိပေါ်နေချိန်တွင် သူနှင့် အတူနေ အခန်းဖော် ကိုအောင်လင်းရောက်လာသည်။ သူ့မျက်နှာက မရွှင်မပျ ရှိလှသည်။ 
“ဦးဇင်း ကျနော် သူ့ကိုကြည့်နေတာ ၃-၄ရက်ရှိပြီး တစ်ခုခုတွေးနေသလိုပဲ ငေးငေးငိုင်ငိုင်နဲ့ ဖြစ်နေတာ  ညလည်းတော်တော်နဲ့မအိပ်ဘူး ခုလည်း ညွှန်မှူးတန်းစီ မှာ သူတစ်ခုခုတင်ပြမယ်ထင်နေတာ ဘယ်လိုဖြစ်ဖြစ် တပည့်တော်တို့တင်ပြမယ်ဆို  ပထမဆုံး ကိုယ့်အခန်းဖော် ကိုတိုင်းပင်ကြတာ ခုက ဘာမှ မတိုင်ပင်ပဲ မတ်တပ်ထရပ်လိုက်တော့ ထူးတော့ထူးနေ တာပေါ့ ညွှန်မှူး အခန်းရောက်ခါနီးမှာပဲ သူက အော်တယ်  ”

ကိုအောင်လင်း မျက်နှာမှာ စိတ်ထိခိုက်မှုဆီက ပေါ်ထွက်လာသော အရိပ်များ ကျရောက်နေသည်။ သူ့စကားကိုနောက်ခြမ်းရှိသူများလည်း လာရောက် နားထောင် နေကြသည်။ 

“သူဘာတွေအော်လဲ နောက်ဘာတွေဖြစ်သွားသေးလဲ”

“သူ ဒီမိုကရေစီ ရရှိရေး တို့အရေး တို့အရေး -လို့အော်တယ် ပြီးတော့ နဂါးနီသီချင်းဆိုတယ် အဲ့ဒီမှာပဲ ပါလာတဲ့ သီးသန့် တာဝန်ခံ ထောင်မှူးကြီး ဦးမြလွင် တံခါးဖွင့်ပြီး သူကိုခေါ်ထုတ်တယ် ပြီးတော့ လမ်းပေါ်မှာ သူ့ကိုရိုက်တယ် ဖိုကြီး နားအရောက်မှာ ဇော်ဟန် မေ့လဲ သွားတယ် ခုလောက်ဆို သူ စစ်ခွေးရောက်နေလောက်ပြီး”


သူ့စိတ်ထဲ နိုင်ငံရေး ဆိုတာကို သူနားလည် သလို လုပ်မိခြင်းဖြစ်မည်။ သူ့စိတ်ထဲ ကိုဝင်ရောက်လာသော နိုးကြားသောစိတ်ကို နေရာတကျ ထားတတ်အောင်တော့ လိုဦးမည်။ သတ္တိတစ်ခုတည်းဖြင့် တိုးဝင်ခြင်း အန္တရာယ်ကိုသူ စတင်တွေ့ရှိ ခြင်းပင်။ အလုပ်တစ်ခုမှာ ခံစားချက် အပြင် ခံယူချက်ပါ ပါရမည်ထင်သည်။ မခံချင်စိတ် တစ်ခုတည်းဖြင့် အရာမရောက်သော ခြေလှမ်းအဖြစ် သတိမူစရာကိစ္စ။