‘အာဟေး’ တခွန်းနဲ့ ခရီးသွား တောလား
မောင်လူရေး၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၄
တိုင်းရင်းသားဒေသတွေဆီသွားချင်လို့
လမ်းရှာနေတုန်း ‘ရှမ်းပြည်လူမျိုးပေါင်းစုံ
ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရ လ လ ဖ)’ က ကြီးမှူးကျင်းပတဲ့ ‘ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ’့
လိုက်မလားလို့ သူငယ်ချင်းက ပြောတော့ ပအို့ဝ်ဒေသရောက်ရောဆိုပါတော့။
အဲဒီပွဲမှာ ရွာနီးချုပ်စပ်က တိုင်းရင်းသားတွေလာပြီး
ရိုးရာအကနဲ့ ဖျော်ဖြေကြတယ်။ ‘လီဆူး’ တောင်ပါသေး။
သတိထားမိတာက တိုင်းရင်းသားအကတွေဟာ ယဉ်ကျေးမှုဌာနက
တိုင်းရင်းသားမဟုတ်သူတွေ ကတဲ့ဟာနဲ့ အရသာက တခြားဆီ။ ဆီဆိုင်ရောက်တော့ စားရတဲ့ရှမ်းခေါက်ဆွဲနဲ့
ကိုယ့်ဆီမှာ ရှမ်းမဟုတ်သူတွေလုပ်တဲ့ရှမ်းခေါက်ဆွဲအရသာကွာသလိုမျိုး။
တိုင်းရင်းသားအကတော်တော်များများဟာ
ကကွက်က ရိုးရှင်းတယ်။ သံစဉ်လဲ မရှုပ်ထွေးဘူး။ အပြောင်းအလဲ နဲတယ်။ အဲဒါဟာ သူတို့ရဲ့လူနေမှု၊
အကျင့်စရိုက်ကို ထင်ဟပ်တယ်။
အဲဒီကထဲက တိုင်းရင်းသားဒေသတွေသွားချင်စိတ်က
အားကောင်းနေတုန်း နာဂပွဲတော်လိုက်မလားတဲ့။ သူငယ်ချင်းများကမေးတော့ ဂွတ်ထပြီပေါ့လေ။
မန္တလေး မြစ်ကြီးနား၊ ကားနဲ့သွား။
မြစ်ကြီးနားသွားတော့ မဲဇာတောင်ကိုတက်တဲ့အခါမှာ
လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ရတုကိုသွားသတိရပြီး “ မဲဇာ ‘ပြောင်’ ခြေ၊ မီးထွေထွေတည့်၊ သစ်တွေယွန်းပြီ၊
မြိုင်တောဆီက၊ ရွှေလီကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ ပြည်ကြီ့းကျက်သရေ၊ ပျက်ကျိုးကျေသား၊
တောင်တွေငေါ့ငေါ့၊ ကုန်းမော့မော့နှင့် ” လို့
ရတုသံငြောင်း ပြောင်းပြီးရွတ်ဆိုမိသေးတယ်။
တကယ်ပါ တလမ်းလုံး “ တောလဲပြောင်ပြောင်၊
တောင်လဲပြုန်းပြုန်း ” ဖြစ်နေပါပြီ။
မြစ်ကြီးနားရောက်တော့ ကားဆက်ငှားရတယ်။
ပါဂျဲရိုဘဲ တက်နိုင်မယ်တဲ့။ အသွားအပြန် ၁၂ သိန်း။
မြစ်ကြီးနားကနေ တနိုင်းမြို့။ အဲဒီမှာ
ညအိပ်။
(ပယင်းမှော်ရဲ့မြို့တော်ဖြစ်နေတဲ့တနိုင်း)
ဟူးကောင်းကျားထိမ်းသိမ်းရေးတောကြီးထဲဝင်၊
ကျားရှိသေး၏၊ မရှိသေး၏တော့မသိ။ ကျောက်ခဲလုံးလုံးချောချောလေးတွေနဲ့ မျက်စိတဆုံးမြင်ကွင်းကျယ်
လွမ်းမောဖွယ်ချောင်းကိုဖြတ်၊ ငှက်ပျောရိုင်းတောကြီးထဲကိုဝင်။
ငှက်ပျောတောက ဆင်စာနဲ့ ခြေလျင်သွားနာဂတွေအတွက်တော့
အခင်း၊ အမိုးနဲ့ ညအိပ်တဲလုပ်တဲ့သဘာဝရဲ့ အကောင်းဆုံးလက်ဆောင်ပေါ့။
အဲဒီနောက်
‘တရုံခ’ ဆိုတဲ့ ကူးတို့ဆိပ်ရောက်တယ်။
သမိုင်းဝင်လီဒိုလမ်းမကြီးအတိုင်းခရီးဆက်တော့
‘ရှင်ဗွေယန်’ ။ နာမည်လေးက သိပ်လှ။ တောပြုန်းကြောင်းသက်သေပြတဲ့ နာဂဒေသအစမြို့တော်ကလေး။
အလွန်အေးမြတဲ့ဒေသတွေဟာ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနိုးဆော်ချက်တွေ
ထုတ်ပြန်ရတဲ့အထိ လောင်ကျွမ်းသွားပြီကော။
ရှင်ဗွေယန်ကနေ ဟူးကောင်းတော၊ လီဒိုလမ်းမကြီးအတိုင်း
နားလိုက်၊ စမ်းတွေ့တိုင်း ကားကိုရေတိုက်လိုက်၊ တနေရာမှာတော့ ထင်းရှူးသေတ္တာတလုံး တွေ့ရ၊
ဘာလဲကြည့်တော့ စက်သစ်တလုံး။ ကားသမားကပြောတယ်။ ဒီလမ်းမှာ ပစ္စည်းပျောက်တယ်ဆိုတာ မရှိဘူးတဲ့။
ဒါ ကားပျက်တဲ့သူတွေ ထားခဲ့တာတဲ့။ အဆင်ပြေတဲ့အချိန်မှ လာသယ်။ ထားသွားတဲ့အတိုင်းဘဲ ရှိတယ်တဲ့။
နာဂတွေကလဲ သူများပစ္စည်း ဘယ်တော့မှမယူဘူးတဲ့။ ကားသမားချင်းလဲ သစ္စာရှိတယ်တဲ့။ ဆိုင်ကယ်ပျက်ရင်လဲ
ဒီတိုင်းထားခဲ့။ ကားပျက်လဲ ဒီတိုင်းထားခဲ့။ သော့ခတ်စရာ မလိုဘူးတဲ့။ အချင်းချင်း ဟာသလေး
ပြောဖြစ်ကြတယ်။ ဒီဓလေ့ကောင်းတွေ မကြာခင် ပျက်တော့မယ်လို့။ ဘာ့ကြောင့်ဆို ဗမာတွေ အသွားအလာများလာလို့လို့။
အဲဒီရဲ့ ရှေ့နားမှာတော့ သစ်ခုတ်တာာတွေလဲ
တွေ့ရတယ်။ တံတားလုပ်ဖို့ထင်ပါရဲ့။ အော် သစ်တွေလဲပါး၊ ကျားတွေလဲကွယ်၊ သားကောင်တွေလဲ
နယ်ပြောင်းစရာ နေရာရောရှိပါသေးလားမသိ။ သေချင်တဲ့ကျား တောပြောင်း လို့ စကားပုံရှိပေမဲ့
ပြောင်းစရာတောမရှိလို့ ကျားတွေ သေကုန်ပြီဆိုရင်ရော။ စကားပုံသစ်တွေ ဖြစ်ထွန်းနေရောပေါ့။
တတောင်ပြီး တတောင်တက်လိုက်တာ နာဂပွဲတော်ကျင်းပရာ
‘နန်းယွန်းမြို့တော်’ ကို ရောက်ခဲ့ပါပြီကော။
‘နန်းယွန်း …’ တဲ့။ ဒီနာမည် ဘယ်သူပေးသလဲ။
ပွဲကျင်းပရာ ကွင်းထဲဝင်သွားရင်ဘဲ တုန်း
တုန်း တုန်း တုန်းနဲ့ အဆက်မပြတ်ထုသံများကြားရတယ်။
ပန်းတုံးတဲ့။ နေ့ရော ညပါ ပွဲခင်းထဲရောက်လာသူတိုင်း
ထုကြတယ်။
နောက်တခုက ဆုတောင်းခြင်းတွေပါတဲ့ ဝါးလုံးတိုင်။
အလွန်ရှည်လျားတဲ့ ဝါးလုံးကြီး။ အဲဒီမှာ ဝါးခြမ်း ပြားလေးတွေ ချိတ်ဆွဲထားတယ်။ ဆုတောင်းစကားတွေပါတယ်ဆိုဘဲ။
အဲဒီကြီးကို ပွဲကျင်းပတော့ နာဂတွေ ညာသံပေးပြီး ထောင်ကြတယ်။
သူတို့ညာသံကတော့ သီချင်းဘဲဆိုဆို
အကဘဲကက၊ ဘာလုပ်လုပ် အာ ဟေး ဘဲ။ အာဟေးဆိုတာ မင်္ဂလာပါလို့လဲ ပြောရဲ့။ ကောင်းကျိုးဖြစ်ပါစေလို့လဲ
သဘောရသတဲ့။ အောင်ပါစေလို့လဲ အဓိပ္ပါယ်ပေါက်တယ်တဲ့။ ကျုပ်တို့ ပွဲလာသူအချင်းချင်းတောင်
တွေ့ရင် အာဟေး လို့ နှုတ်ဆက်နေကြပြီ။
နာဂနှစ်သစ်ကူးပွဲနဲ့အတူ အဲဒီမှာ တံတား
၂ စင်းဖွင့်ပွဲလဲတွဲကျင်းပတာပေါ့။ တိုင်းမှူးကြီးရော၊ ဝန်ကြီးတွေရောလာကြတယ်။ နာဂတိုင်းရင်းသားတွေရဲ့ဒုက္ခကတော့
လူကြီးလာတိုင်း ပြေးကြိုရ၊ ကပြ ရတာပါဘဲ။ သူတို့ တနေကုန်လုံး ကွင်းထဲမှာ လာထိုင်နေရတာ
တွေ့ရတယ်။ မနက်အစောကြီးထဲကပေါ့။ အနွေးထည်လဲ မဝတ်ရဘဲနဲ့လေ။ ဘာမှ ကျွေးတာလဲ မတွေ့ရဘူး။
ယုတ်စွအဆုံး ရေသောက်တာတောင် မတွေ့ရဘူး။ လူကြီးတွေကတော့ ခေါင်ရေကြိုက်လိုက်၊ ဆတ်သားခြောက်လေးမြုံ့လိုက်၊
နွားနောက်သားတုံး ကိုက်လိုက်ပေါ့။ တခြားနိုင်ငံတကာအဆင့်မှီ အရက်တွေလဲပါသပေါ့လေ။ တယောက်ကတော့
ပေါင်မုန့်လေးတလုံးကျွေးတာ မြင်လိုက်ရတယ်ဆိုလား။
ရင်နာစရာအကောင်းဆုံး မြင်ကွင်းတခုကိုလဲ
တွေ့လိုက်ရတယ်။ ရင်ထဲလဲ နာနေတုန်းပါဘဲ။ အဲဒါကတော့ ပြည်ထောင်စုဝန်ကြီးဦးအုံးမြင့်တဲ့။
နာဂတိုင်းရင်းသားတွေကို ငါးဆယ်(၅၀)တန် တရွက်ဆီလိုက်ဝေနေတာ တွေ့ရတယ်။
အဲဒီပွဲမှာ နာဂတွေကို ပြက္ခဒိန်ဝေတယ်။
သမတကြီးပုံ။ သမတဦးသိန်းစိန်ကို မသိကြလို့ဆိုဘဲ။
အဲဒီမှာ ဟာသပြောဖြစ်ကြပြန်ရော။ နာဂကြီးပုံ
အစိုးရအဖွဲ့ကို ပြန်ပေးသင့်တယ်လို့။
(ဒီပုံကို ကြံ့ဖွတ်တွေဆီ အရောက်ပို့ပေးပါရန်)
အကြောင်းကတော့ အစိုးရအဖွဲ့ဟာ မခိုးခြင်းဆိုတာကို
မသိဘူး။ နာဂတွေက မခိုးတတ်ဘူး၊ အဲဒီမှာ ပစ္စည်းပျောက်တာမရှိဘူး၊ ဘာပစ္စည်းနေနေ ဒီတိုင်းထားလို့
ရတာကိုး။ လာဘ်စားမှုတိုက်ဖျက်ရေး လိုဂိုအနေနဲ့ပေါ့လေ။
အာဟေး။
မောင်လူရေး