ဆောင်းယွန်းယ - တဒင်္ဂအတွင်း အရာရာဟာ ခေါက်ကနဲပဲ

တဒင်္ဂအတွင်း အရာရာဟာ ခေါက်ကနဲပဲ
ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄



ကံလမ်းကြောင်းက
ဘယ်သောင် ဘယ်ကမ်းမှာ ကျောက်ချနေခဲ့တာလဲ
ဘယ်မှန်ကိုကြည့်ကြည့်
ကြည့်မှန်ပေါ်မှာ အမှန်မရှိခဲ့တဲ့ နေ့တွေပဲပေါ့…

တွေ့ရာဝင် ကြုံရာစားရင်း
ကိုယ့်ကိုယ်ကို ကြုံသလိုပစ်ချထားပစ်ခဲ့မိတဲ့
လမ်းသွယ်လမ်းကျဉ်းတွေက
လောကဓံဆိုတဲ့ လမ်းမကျယ်ကြီးထဲကို
မုန်တိုင်းနေ့ရက်တွေနဲ့ ပြိုင်တူ
ကွေ့ပတ်ခုတ်မောင်းဝင်သွားကြတယ်….

မနက်ဖြန်ဆိုတာ
နောက်ထပ်အမှောင်ထုတခုကို
ယူဆောင်လာပေးဦးမယ့်
နတ်ဆိုးတကောင်ရဲ့
အဆိုးဝါးဆုံးလက်ဆောင်တခုပဲလား….

မကြားချင်ဘူး မသိချင်ဘူး
မဆွေးချင်ဘူး မတွေးချင်ဘူး….

ဘူးတလုံးမဆောင်ပဲ
ကမ်းလွန်နေညိုချိန်အထိ
ဆင်းရဲတွင်းထဲကဘ၀ကို ဆယ်ငင်နေခဲ့ရပေါ့
မျက်စိထဲ ကောက်ကောက်ကွေ့ကွေ့ဝင်လာတဲ့ ပုံရိပ်တချို့ကို
မလိုအပ်တော့တဲ့ အတိတ်တခုလို မီးမှိတ်ထားပါရစေ
နားတွေထဲ ခြောက်ခြောက်ကပ်ကပ် ခုန်တက်လာတဲ့ အသံတချို့ကို
မြို့ဟောင်းကြီးတခုရဲ့ သင်္ချိုင်းပျက်ထဲမှာ
အရှင်လတ်လတ်မြေမြှုပ်ပစ်ပါရစေ….

နေရောင်ခြည်အောက် ငုတ်တုပ်မေ့နေတဲ့ သတိတွေကိုပဲ
နစ်နေတဲ့ ပင်လယ်နက်ထဲကနေ
အကြိမ်ကြိမ် ပြန်ဆယ်နေခဲ့ရပြန်ပေါ့
အိမ်အပြန်လမ်းတွေဟာ
မျက်စိစုံကန်းပြီး နားတွင်တွင်ပင်းနေခဲ့ကြတယ်…

ဟောဟို ငါ့ရှေ့ကလမ်းကို
ငါမမြင်နိုင်ခဲ့ဘူး
ဟောဒီ ငါ့နံဘေးက ကမ်းကိုလည်း
ငါမတွေ့နိုင်ခဲ့ဘူး
ရူးသွပ်နေရုံမျှနဲ့ ဆေးကြောတိုက်ချွတ်လို့မစင်ကြယ်နိုင်တော့တဲ့
တစုံတရာ တစုံတခုအတွက်
ညအပျက် လရောင်အတုနဲ့ ကြယ်အလွဲတွေရဲ့အောက်
ဘ၀ကို ဇောက်ချပြီးထားရဦးမှာလား….

ငါမရူးသေးပေမယ့်…ငါ ရူးနေခဲ့တယ်
ငါမမူးသေးပေမယ့်….ငါ မူးနေခဲ့တယ်
ငါမှားယွင်းခြင်းတွေအပေါ်ကို
ငါ ထပ်မှားနေခဲ့ပြန်တယ်
ဘ၀ဟာ….မှားမှားယွင်းယွင်းနဲ့
အခါးဓာတ်တွေပြင်းနေခဲ့တယ်….

မနက်ခင်းသောက်ဖြစ်တဲ့
ကော်ဖီခါးခါးတခွက်လောက်ကတော့
ပျင်းတောင်……ပျင်းတယ်….။