ဒီမိုကရေစီ သမတလက်ထက်မှာ ဗဟိုဦးစီးစနစ်ကျင့်သုံးနေဆဲလော ... (မိုးမခပေးစာ)


ဒီမိုကရေစီ သမတလက်ထက်မှာ ဗဟိုဦးစီးစနစ်ကျင့်သုံးနေဆဲလော ...
မိုးမခပေးစာ
မတ်လ ၂၉၊ ၂၀၁၄
 

သမတဦးသိန်းစိန် ဘယ်လိုပင် လမ်းကြောင်းမှန်သို့ရောက်နေပါပြီ၊ မြန်မာနိုင်ငံ၏ သမိုင်းစဉ်သည် အကောင်းဆုံးနှင့် အရေးကြီးဆုံးအချိန်ဟု ပြောနေပါစေ ကျနော်တို့ မယုံကြည်ပါ။ လက်ရှိအစိုးရလက်ထက်တွင် မတရားအနိုင်ကျင့်ခံနေရသော ၀န်ထမ်းများစွာရှိပါသည်။ ဦးသိန်းစိန် သည် ပြည်သူလူထုကို စော်ကားသော၊ ထင်သာ မြင်သာရှိသော ထမင်းတနပ် လျှော့စားပါ၊ နယ်လှည့်ပါးရိုက်မည်ဟု ရိုင်းပြစွာပြောသော ပြည်ထောင်စု ၀န်ကြီးများကို လုံးဝအရေးမယူပါ။ ယင်းဖြစ်ရပ်သည် အဂတိ ၄ ပါးတွင် ပါဝင်သော ဆန္ဒာဂတိ လိုက်စားခြင်းပင် ဖြစ်သည်။

ဦးသိန်းစိန်ဦးဆောင်သော ပြည်ထောင်စုအစိုးရ၏ အဂတိလိုက်စားမှုကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းပင်ဖြစ်သည်။ သို့သော ၂၀၁၃ ခုနှစ်၊ မတ် ၂၇ ရက်နေ့က အရာရှိကြီး ၄၀ ကိုမူ ပြစ်မှု တစုံတရာမရှိပဲ ဌာနတွင်းစုံစမ်းစစ်ဆေးမှုမရှိပဲ၊ ကာယကံရှင်များ၏ ဆန္ဒသဘော ထားများ မပါဝင်ဘဲ၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် မသက်ဆိုင်သော အခြားဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ခန့်ထားသည်မှာ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ အတည်ပြုပြဌာန်းထားသော ၀န်ထမ်းစည်းမျဉ်းဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ် သည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်း၊ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။

ဝန်ထမ်းထုကိုလည်း ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်ပါသဖြင့် ဒီမိုကရေစီနည်းမကျသော ဗဟိုဦးစီစနစ်၊ အာဏာရှင်စနစ်တို့ဖြင့် ချမှတ်ထားသော မတရားသည့်အမိန့်များကို အမြန်ဆုံးပယ်ဖျက်ပြီး နစ်နာသူများအား အမြန်ဆုံးကုစားပေးရန် တင်ပြလိုပါသည်။

မူလအမိန့်များသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှဖြစ်၍ ထိုအမိန့်များကိုလည်း သမတဦးဆောင်သော ပြည်ထောင်စုအစိုးရကသာလျှင် အမြန်ဆုံးပယ်ဖျက်ရန် တာဝန်ရှိသည်။ အာဆီယံဥက္ကဌတာဝန်ယူထားသော သမတဦးသိန်းစိန်အနေဖြင့် ထိုမတရားသော အမိန့်များကို အမြန်ဆုံး ပယ်ဖျက်မှသာလျှင် ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရဖြစ်ပေမည်။ အကြံပေးများအနေဖြင့်လည်း ရဲရဲဝံ့ဝံ့ ထောက်ပြပြီး အမှားများကို အမြန်ဆုံး အမှန်ပြင်နိုင်အောင် အကြံပေးရဲရမည်ဖြစ်သည်။ သို့မှသာ သမတကြီးပြောသလို ယခုအချိန်သည် အကောင်းဆုံးနှင့် အရေးကြီးဆုံးအချိန်ဖြစ်မည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

အရာရှိကြီး (၄၀)