တူမောင်ညို - စစ်တွေသမိုင်း ရာဇ၀င်မရိုင်းစေနဲ့


စစ်တွေသမိုင်း  ရာဇဝင်မရိုင်းစေနဲ့
တူမောင်ညို
ဧပြီ ၁၊ ၂၀၁၄

 Photo @ Aung Htet
ဦးဝီရသူ ရခိုင်ပြည်နယ် တခွင်လှည့်လည်သွားလာပြီး မီဒီယာသင်တန်းတွေပေးပြီးတဲ့နောက် စစ်တွေမြို့၌ အကြမ်း ဖက်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အခြား “စွမ်းအားရှင်များ” ထက် သင်္ကန်းဝတ်ထားသဖြင့် သူက ပို၍စွမ်းပါသည်။

ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်က “ရိုဟင်ဂျာ”နာမည် မထည့်သွင်းရေး သာသနာအလံထောင်ပြီးဆန္ဒပြနေတဲ့အချိန်မှာ ဒီအကြမ်းဖက်ဖျက်ဆီးမှုတွေပေါ်ပေါက်လာတာပါ။  ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ 


    
အကြောင်းပြချက်က “သာသနာ့အလံ” ကို မဖွယ်မရာလုပ်လို့တဲ့။ သာသနာ့အလံက သာသနာနဲ့သက်ဆိုင်တဲ့ နေရာမှာလွှင့် ပေါ့၊ ထူပေါ့။ သာသာနာနဲ့ သာသနာဆိုင်ရာပစ္စည်းတွေကို ခုတုံးလုပ်အသုံးချနေတာကို ပြည်နယ်အစိုးရရော ပြည်ထောင်စုအစိုးရဆိုသူ တွေက လက်ပိုက်ကြည့်နေတယ်။ တီးတိုးကြိတ်ပြီး မြှောက်ထိုးပင့်ကော် လုပ်နေတယ်။

  ဦးဝီရသူ ရခိုင်ပြည်နယ်ကိုရောက်နေတာ မတ် ၁၈/၁၉  ရက်ဖြစ်ပါတယ်။ စစ်တွေအကြမ်းဖက် ဖျက်ဆီးမှုတွေ ပေါ် ပေါက်တာ မတ် ၂၆/၂၇ ဖြစ်ပါတယ်။  ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ (INGOs) ပိုင်ဆိုင်တဲ့ အဆောက်အဦးနဲ့ပစ္စည်း တွေကို ဖျက်ဆီးတဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်။

ဒီလို အကြမ်းဖက်ဖျက်ဆီးနေတာတွေကို ရဲက သေနတ်နဲ့ပစ်ခတ်ပြီး တားဆီးတော့ ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦး အသက် ဆုံးရှုံးရတယ်။ အကြမ်းဖက်ဖျက်ဆီးသူတွေထဲမှာ “မျက်နှာစိမ်းတွေ ပါတယ်” လို့လည်း စစ်တွေမြို့ခံတွေကပြောကြတယ်။ နောက်ဆုံး စစ်တွေမြို့ဟာ ကာဖျူးထုတ်ရတဲ့ဘဝကျရောက်သွားရတယ်။ မတ်လ ၂၈ ရက်မှာ  (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကထုံးစံအတိုင်း နယ်စပ်ရေးရာဒုတိယဝန်ကြီး ဗိုလ်မောင်မောင်အုန်း အား ဥက္ကဋ္ဌအဖြစ်ခန့်အပ်ပြီး “စုံစမ်းရေးအဖွဲ့” ဖွဲ့ပါတယ်။

 မတ် ၂၉ ရက်နေ့မှာ “  ဝီရသူ-မြအေးပူးတွဲကြေညာချက်” ဆိုတာထွက်လာတယ်။ ဝီရသူနဲ့ ဒိုင်းမွန်းရွှေကြည် ဆိုသူတို့ တွေ့ ပြီးစာတတန်ပေတတန်တွေထွက်ပေါ်ခဲ့ဖူးတာပဲ။ဒါပေမယ့် အကြမ်းဖက်မှုတွေလျော့မသွားတဲ့အပြင် ဆက်တိုက်ဆိုသလိုဖြစ်လာနေတယ် မဟုတ်ပါလား။

မတ် ၂၉ ရက် သမ္မတနဲ့ နိုင်ငံရေးပါတီ ၆၃ ဖွဲ့တွေ့ဆုံပွဲ၌ သတင်းထောက်တစ်ဦးက သန်းကောင်စာရင်းမှာ  “ရိုဟင်ဂျာ” အမည် စာရင်းထည့်သွင်း/မသွင်းကိစ္စ သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်အား မေးမြန်းရာ “ရိုဟင်ဂျာလို့ ဖြည့်ချင်တယ်ဆိုရင် ကျနော်တို့ ဒါဆက်ပြီး တော့ လက်ခံမှာမဟုတ်ဘူး၊ သူ့ကို ဘင်ဂါလီလို့ဖြည့်ရင်ရမယ်၊ တခြားသက်မှတ်ထားတဲ့ ကုဒ်နံပါတ်တွေ ဖြည့်ရင်ရမယ်၊ ဒီရိုဟင်ဂျာ လို့ ပြောရင်တော့ ကျနော်က စာရင်းရေးသွင်းမှာ မဟုတ်ဘူး” လို့ ဖြေသွားပါတယ်။

“ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်း ကောက်ယူမည် မဟုတ်” ဟု (လဝက) ဝန်ကြီး ဦးခင်ရီက လည်းပြောနေပါတယ်။

စစ်တွေမြို့အကြမ်းဖက်မှုဖြစ်ပွားရခြင်း၊ အရေးယူဆောင်ရွက်ခြင်းများနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရဗိုလ်ရဲထွဋ်က ရခိုင်ပြည် နယ် အစိုးရအပေါ်ပုံချနေပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က မူ “ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီပေးမှုနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားနှင့် ဘင်္ဂါလီတို့ အကြား မျှတစွာ အကူညီပေးမှု မရရှိသည့်အတွက် ကျေနပ်ရာမှ ပဋိပက္ခဖြစ်ပွားရခြင်းဖြစ်ကြောင်း”ပြောပါတယ်။
 လာမည့် ဧပြီလ ၇ ရက်၌ ဗိုလ်မောင်မောင်အုန်း “စုံစမ်းရေးအဖွဲ့” က အကြောင်းရင်းကို သမ္မတ(ဗိုလ်)ဦးသိန်းစိန်ထံ မည်သို့ အကြောင်းပြအစီရင်ခံလိမ့်ဦးမည်မသိပါ။ “ရခိုင်ပြည်နယ်အုပ်ချုပ်ပိုင်းမှ အဓိကတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန်” ဟု ဆိုထားသဖြင့် တရားခံအဖြစ် ဘယ်သူထိုးကျွေးခံရမလဲ။ရှေ့ကနောင်တော်ကော်မရှင်များဖြစ်သော လက်ပံတောင်း၊ ရခိုင်ပြည်နယ်၊ ဒူးချီး ရားတန်း အစရှိသော ကော်မရှင်များကဲ့သို့ “မီးလောင်ဗုံးကို မီးခိုးဗုံးပါ” ဟု ပြောကြ/ရေးကြမည့် ကော်မရှင်များသာလျှင် ဖြစ်ပါလိမ့်မယ်။

မည်သို့ပင်ဖြစ်စေ ဦးဝီရသူ အား စနက်တံပြု၍ လူမျိုးရေးဘာသာရေးအကြမ်းဖက်မှုများကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရက လုပ်ကြံဖန်တီးနေပါတယ်။ ယင်းအချက်ကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ “ဝှိုက်ကဒ်”တွေ ဖောဖောသီသီထုတ်ပေးပြီး “၂၀၀၈ အခြခံဥပဒေ”ကိုထောက်ခံမဲပေးခိုင်းခဲ့တာ၊ “၂၀၁၀ ရွေးကောက်ပွဲ” မှာကြံ့ဖွံ့ပါတီကိုမဲပေးစေခဲ့တာ၊ “ဝှိုက်ကဒ်” ကိုင်သူတွေ မဲပေးခွင့်/ ပါတီထောင်ခွင့်ပေးခဲ့သူဟာ (နဝတ-နအဖ) စစ်အစိုးရနဲ့ ကြံ့ဖွံ့အစိုးရ အုပ်စိုးသူတွေပဲ ဖြစ်ပါတယ်။

ယခုအခါ “စစ်တွေဆန်လုပွဲ” ဆင်နွှဲခဲ့ဖူးသော တချိန်ကစစ်တွေသားများရဲ့တောက်ပြောင်ခမ်းနားသောသမိုင်းသည် အိုးမည်း အသုတ်ခံ နေရပါတယ်။ တောက်ပြောင်ခဲ့သော စစ်တွေသမိုင်း ရာဇဝင်မရိုင်းစေရန်နှင့်သမိုင်းသစ်ဖန်တီးရန်  မျိုးဆက်သစ် စစ်တွေမြို့သား၊ ရခိုင်ပြည် နယ်သားများတွင် တာဝန်ရှိပါတယ်။

ညွန်း   
- မဇ္ဈိမ၊( ၁၉- ၃- ၂၀၁၄)၊  ကေဇူး - “ဦးဝီရသူ သံတွဲတွင် မီဒီယာသင်တန်း ယနေ့ပို့ချမည်”
- (RFA)၊(၂၉-၃-၂၀၁၄) သတင်း
- (၂၉-၃-၂၀၁၄) ကြေးမုံသတင်းစာ
- (၂၉-၃-၂၀၁၄) ဦးဝီရသူ - ကိုမြအေး ပူးတွဲကြေညာချက်