မောင်ရင်ငတေ - ငါ့ရင်ထဲမှာ ဧရာဝတီ (ရောထွေးသွားသော ရေစီးသံများ (စဲန်းနဲ့ မန်းရယ် ရိုင်းရယ် မိုင်းရယ်))

ငါ့ရင်ထဲမှာ ဧရာဝတီ 
ရောထွေးသွားသော ရေစီးသံများ (စဲန်းနဲ့ မန်းရယ် ရိုင်းရယ် မိုင်းရယ်)    
မောင်ရင်ငတေ
ဧပြီ ၂၉၊ ၂၀၁၄

ယနေ့ဧရာဝတီရဲ့ အရိုင်းအလှ (Photo Min Dylan NY)

ဧရာဝတီရေ ငါ့မှာလည်း တနေ့တနေ့ မင်းအကြောင်းကို မတွေးမိရတဲ့ နေ့ရယ်လို့ မရှိရပါဘူးကွာ၊ မင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကလည်း ပြောမဆုံးပေါင် တောသုံးတောင် မဟုတ်လားကွ၊ အဲဒီတော့ ငါလည်း ဘယ်သွားသွား မင်းအကြောင်းက ခေါင်းထဲ ရောက်ရောက်လာတယ် ဟ၊ ငါ သွားလည်ဖြစ်ခဲ့တဲ့ နေရာတိုင်းဒေသတိုင်းမှာ ငါမင်းကို အလွမ်းများ ပြေလေမလားဆိုပြီး မြစ်တွေ ချောင်းတွေဆီ အမြဲရောက်တယ်ကွ၊မင်းထက် ပိုရှည်တဲ့ မြစ်ဆိုလို့ ဒီ ဥရောပ တတိုက်လုံးမှာ သိပ်မရှိပါဘူးကွာ၊ သုံးလေးမြစ်ဘဲ ရှိတယ်၊ ဥရောပ အရှေ့ခြမ်းမှာတော့ ရှိတယ်၊ မင်းလည်း သိမှာပါ၊။

ရုရှားက Volga ဗေါ်လ်ဂါ သူက ဒီမှာတော့ အရှည်ဆုံး၊ နောက် ရုရှားပြည်မှာ မြစ်ရှည် နှစ်စင်း သုံးစင်း ရှိသေးတယ်၊ သူတို့က ရှည်တော့ ရှည်ပေမယ့် မင်း လောက်မှ နာမည်မကြီးပါဘူးကွာ၊ ရုရှားဆိုတာက အရမ်းကြီး အရမ်းကျယ်တဲ့ မြေကြီးရှိတဲ့ နိုင်ငံ မဟုတ်လား၊ မင်းတို့ငါတို့ နိုင်ငံထက် အဆ သုံးဆယ်နီးပါးလောက် ကျယ်တာကွ၊ ဒါတောင်မှ သူတို့ရဲ့ ယူအက်စ်အက်စ်အာခေါ်တဲ့ ဆိုဗီယက်ယူနီယံ ခေတ်တုန်းကဆိုရင် ပိုပြီးတော့ ဒီထက် နယ်ကျယ်ခဲ့တာပေါ့၊ မြေကျယ်တော့လည်း မြစ်တွေ ရှည်နေတာပေါ့ မဟုတ်လား၊အဲဒီ ဗေါ်လ်ဂါက နည်းနည်းဝေးပြီး ငါ့အတွက် သွားရေးက ခက်လို့ မတွေ့ဖူးသေးဘူးကွ၊ သွားတွေ့ဖို့တော့ စိတ်ကူးထဲ ရှိပါတယ်၊ တွေ့ဖြစ်ခဲ့ရင်တော့ မင်းရဲ့ အခုလက်ရှိ ဖြစ်ပျက်နေတာတွေ အကြောင်းစုံတွေ ငါပြောပြ ရှင်းပြ မှာပေါ့ကွာ၊ သူတို့ခမျာမှာလည်း မင်းလို အဖြစ်မျိုးတွေ ရင်ဆိုင်တွေ့ဖူးတာပါဘဲကွ၊ ရိုးနေပြီ ရင့်နေပြီပေါ့၊ငါ ရောက်ခဲ့တဲ့ ဥရောပ မြစ်တွေက ငါတို့ ငယ်ငယ်က လှေလွှတ်တမ်း ကစားခဲ့တဲ့ မြောင်းသာသာ အရွယ်လေးတွေကစပြီး မင်းရဲ့တဝက်လောက် မရှိတရှိတွေလည်း ပါတာပေါ့၊မင်းနဲ့ မတိမ်းမယိမ်းတွေက ဒီဥရောပ အနောက်ခြမ်းမှာ မရှိဘူးကွ၊ ဒီက မြစ်တွေက မင်းလို ဘော်ဒီ မကြီးပါဘူး၊ ပိန်ညှော်ညှော်တွေ သိပ်များတယ်လေ၊

 La Seine စဲန်းမြစ်ဘဝအစ မြောင်းသာသာက (Photo Google)

မယုံမရှိနဲ့လေ၊ အဲဒါ ငါတို့ ပါရီမြို့ကို ဖြတ်သန်းစီးဆင်းသွားတဲ့ နာမည်ကျော် စဲန်းမြစ် အစဦးပိုင်းကွ၊ စဲန်းမြစ်က မိုင်ငါးရာ နီးပါး ရှည်တာ၊ တကယ့်အစက ဘုံဘိုင်ခေါင်းက ရေကျနေသလောက် ရှိတာ၊မြစ်တွေချောင်းတွေဟာ ဘယ်လောက်ရှည်ရှည် ဘယ်လောက်ကြီးကြီး ဘယ်လောက်ခမ်းနားနား ..ဘဝအစကတော့ မြောင်းသာသာက စရတာပါ မဟုတ်လား၊အဲဒီ နေရာတွေ ငါ သွားကြည့်ချင်တာကွ၊ သွားရေးခက်တော့ ရောက်ဖို့ မလွယ်ဘူးပေါ့၊ဒီ ဓါတ်ပုံက ငါရိုက်တာတော့ မဟုတ်ဘူး၊ ဂူဂဲလ်က ကော်ပီလုပ်လိုက်တာပေါ့ကွာ၊တခါက ငါ သွားခဲ့တဲ့ လမ်းမှာ ကားပေါ်ကနေ ဖြတ်ခနဲ မြင်လိုက်ရတဲ့ ဆိုင်းဘုတ်လေးကွ၊ရုတ်တရက် ငါလည်း ဘယ်သိမလဲ၊ စဲန်းမြစ်လို့ ဘယ်ထင်မလဲ၊
သူတို့က အဲလို မှတ်တမ်းတင်ထားတာကွ၊ အချွန်တွေ အတက်တွေနဲ့ ဆိုင်းဘုတ်ကြီးတွေ မရှိဘူး၊အဲလို သေးသေးနဲ့ နေရာတကာမှာ အမှတ်အသားတွေ ရှိတယ်ကွ၊သူတို့ဆီမှာ အဲလို အတုယူစရာ သေးသေးလေးတွေ အများကြီးရှိတယ်၊

 Seine စဲန်းမြစ်နဲ့ Marne မန်းမြစ်တို့ရဲ့ မြို့ပြမြစ်ဆုံ (ဓါတ်ပုံ မရငတ)

ပါရီမြို့ပြင် အထွက်လမ်းက လှမ်းမြင်ရတဲ့ မန်းမြစ်ကမ်း (ဓါတ်ပုံ မရငတ)


မြစ်ဆုံ ဆိုတာတွေဆီတော့ ငါ အဓိက ပိုရောက်ဖြစ် ပိုသွားဖြစ်ပါတယ်၊ မြစ်နှစ်မြစ် ပေါင်းဆုံတဲ့နေရာ ဆိုတော့ကာ မြစ်တမြစ်ထက်တော့ ပိုပြီး စိတ်ဝင်စားဖွယ်ပေါ့ကွာ၊မတူညီတဲ့ အရပ်ဒေသက စီးဆင်းလာတဲ့ ရေတွေ ပေါင်းဆုံတာ မဟုတ်လား၊မြစ်ဆုံတိုင်းကတော့ လှကြပါတယ်၊ မင်းတို့ရဲ့ မြစ်လေး နှစ်မြစ်ကနေ မြစ်ကြီးတမြစ် ဖြစ်ပေါ်လာတဲ့ မြစ်ဆုံအလှကတော့ ထိပ်ခေါင်တင် ပေါ့ကွာ၊ ပုံစံ သဘာဝ ရေမြေ တောတောင်ချင်းက တူမှ မတူတာကိုး၊ငါ အခု နေနေတဲ့ နေရာကလည်း ပြင်သစ်က Seine စဲန်းမြစ်နဲ့ Marne မန်းမြစ်ဆုံ နားမှာဘဲ၊
စဲန်းမြစ်နဲ့ မန်းမြစ်တွေက ခပ်သေးသေးဆိုတော့ သူတို့မြစ်နှစ်စင်း ဆုံရာကတော့ …..သိပ် စိတ်ဝင်စားစရာ မရှိပါဘူးကွာ၊ နောက်ပြီးတော့ကွာ ….. ပါရီမြို့ကြီးကဝိုင်းထားတော့ တိုက်တွေအိမ်တွေကြား ဘယ်လိုလုပ်ပြီး သူတို့ရဲ့ သဘာဝကျတဲ့အလှ ရှာလို့ ရနိုင်ပါ့တော့မလဲ နော့၊ လူတွေကလည်း အများကြီး နေတဲ့ နေရာကိုး၊သဘာဝ မဟုတ်တဲ့ ဆေးဆိုးပန်းရိုက်နဲ့ မိတ်ကပ်အဖွေးသားနဲ့ သပ်သပ်ရပ်ရပ်တော့ ရှိရှာပါတယ်၊မြစ်တွေကလည်း ခပ်သေးသေးတွေ၊ ဒါပေမယ့်ကွ၊ ရနိုင်သမျှရအောင် လှအောင်လို့ လုပ်ထားတာ၊ကမ်းနဖူးဘေးတွေမှာ လူတွေ အနားယူအပန်းဖြေနိုင်အောင် လုပ်ပေးထားတာကတော့ ရှယ်ဘဲ ကွ၊ အဲဒီ စဲန်းမြစ်နဲ့ မန်းမြစ်အကြောင်း အသေးစိတ် မင်းကို နောက်မှ သပ်သပ် ပြောပြအုံးမယ်ကွာ၊

 ဂျာမဏီ Ulm မြို့နားက ဒန်ညုမြစ် (ဓါတ်ပုံ မရငတ)

နောက်ပြီး ရုရှားက Volga ဗေါ်လ်ဂါပြီးရင် ရှည်လည်းရှည် အသုံးဝင်တာကတော့ …. နာမည်ကြီး ဥရောပဆယ်နိုင်ငံ နယ်နမိတ်တွေကို ဖြတ်သွားတယ်ဆိုတဲ့မြစ် ကပြားမြစ်ပေါ့ကွာ၊ Danube ဂျာမန်လို Donau ဒိုနောဝ် လို့ခေါ်ကြတဲ့ ဒန်ညုပေါ့၊ သူတို့က မင်းထက်ရှည်တာပေါ့၊
ဗေါ်လ်ဂါက မင်းထက် နှစ်ဆနီးပါး မိုင် ၂၃၀၀ ဒန်ညုက တဆခွဲ မိုင် ၁၈၀၀ လောက် ရှည်တာကွ၊သူတို့ မြစ်နှစ်စင်းကတော့ ဒီမှာ မင်းလိုဘဲ အသုံးဝင်သလို နာမည်လည်း ကြီးပါတယ်၊သူတို့ မြစ်နှစ်စင်းပြီးရင် အသုံးဝင်ပြီး နာမည်ကြီးတာက ဂျာမဏီနဲ့ချက် နှစ်နိုင်ငံဆိုင်တဲ့ Elbe မြစ်၊Elbe မြစ်က ချက်နိုင်ငံကနေ စီးလာပြီး ဂျာမဏီရဲ့ ဒုတိယအကြီးဆုံးမြို့တော် Hamburg မြို့ပေါ့၊ အကြီးဆုံး ဆိပ်ကမ်းမြို့ကြီးပေါ့၊ အဲဒီ ဟမ်းဘုဂ်ကို ဖြတ်သွားပြီး မြောက်ပင်လယ်မှာ ဂိတ်ဆုံးတယ်၊နောက် တို့ ပြင်သစ်ပြည်က မင်းလို ပြည်တွင်းဖြစ် မြစ်စစ်စစ် Loire ရယ်ပေါ့ကွာ၊သူတို့တွေက မိုင် ခြောက်ရာငါးဆယ်လောက်ဘဲ ရှည်ကြတာပါ၊ မင်းရဲ့ တဝက်လောက်ပေါ့ကွာ၊အဲဒီမြစ်တွေထဲမှာတော့ ရိုင်းက ပိုပြီး နာမည်ကြီးသလောက် အသုံးဝင်တယ်ပေါ့၊ကျန်တဲ့ တချို့ မြစ်လေးတွေကတော့ တကယ်ကတော့ ချောင်းသာသာပါ၊ မရှည်တရှည်နဲ့ သိပ်ပြီး အသုံးဝင်ဟန် မတူပါဘူးကွာ၊မင်းကိုတော့ ဘယ်လိုလုပ် မှီနိုင်ပါ့မလဲကွာ၊ ဒါပေမယ့် သူတို့တွေလည်း သူတို့အထွာနဲ့ သူတို့ပေါ့၊ သူတို့ နိုင်သလောက်တော့ သူတို့ တာဝန်ယူကြတာပေါ့၊ အဲ ဒီလိုမျိုး …..မြောင်းလေးတွေ ချောင်းလေးတွေ ပေါင်းဆုံပြီးမှ မြစ်ဆိုတာ ဖြစ်ပေါ်လာရတာ မဟုတ်လား၊ ငါ နောက် စိတ်ဝင်စားတဲ့ ဥရောပရဲ့ မြစ်တွေဆုံရာ နေရာ သုံးလေးခုကိုတော့ ရောက်ပြီးပြီကွ၊
ငါတို့ ပါရီကနေ အရှေ့ဘက်တည့်တည့် လေးငါးနာရီလောက်သွားရင် ဂျာမဏီ ရောက်ရောကွ၊ ဂျာမဏီကတော့ ဥရောပမှာ အခုဒီကနေ့ ငါတို့ခေတ်မှာ ငါတို့လို လူမျိုးတွေ နေလို့အကောင်းဆုံးလို့ ဆိုကြတယ်ကွ၊ ဈေးသက်သာပြီး အလုပ်အကိုင်ပေါတာရယ် ……၊

ဒါ့အပြင် ……. ပြောရမယ်ဆိုရင် ….. အခုခေတ် ဂျာမန်လူမျိုးတွေက စိတ်ရင်းပိုကောင်းလာကြပြီး ငါတို့လိုကောင်မျိုးတွေကို ဆက်ဆံတာ ကောင်းလာတယ်ကွ၊ လက်တွေ့ တွေ့ကြုံ ဆက်ဆံနေတဲ့သူတွေက ပြောကြတာနော်၊ ငါပြောတာဆို မင်းက ယုံချင်မှယုံမှာ၊ ငါလည်း ဂျာမဏီ ရောက်တိုင်း နှိုင်းယှဉ်ကြည့်မိတယ်၊ဟစ်တလာခေတ်က ဂျာမဏီမှာ ကျန်ခဲ့ပြီ ဆိုပါတော့ကွာ၊လမ်းတွေပေါ်မှာ သွားရင်းလာရင်း တွေ့ဆုံရတဲ့ သာမန်လူသားတွေ ပြုံးပြုံးရွှင်ရွှင် သဘောကောင်း နေတဲ့ နိုင်ငံဟာ တဦးချင်း စီးပွားရေး အစဉ်ပြေနေလို့သာ ဆိုပြီး ငါထင်တယ်ကွာ၊ငါတို့ ပြင်သစ်မှာဆိုရင် ဈေးဆိုင်ထဲမှာဖြစ်ဖြစ် လမ်းဘေးပက်လက်ဖောင်းပေါ်မှာဖြစ်ဖြစ်ကွာ လူတွေ တော်တော်များများဟာ ရန်လိုလာကြတယ်ကွ၊ ရုံးတွေ စာတိုက်တွေမှာလည်း ဆက်ဆံရေးတွေ ညံ့ လာကြပြီလေ၊ ငါတို့ ရွှေပြည်ကြီးနဲ့ ပိုတူလာတာပေါ့ ဟား ….. ဟ … မင်း မရီနဲ့လေ၊ပြင်သစ်ဆိုတာကလည်း စီးပွားရေး ကြပ်တည်းလာတာကိုး၊အနယ်နယ် အရပ်ရပ်ကနေ အစဉ်ပြေမလားဆိုပြီး ရောက်လာတဲ့ ငါတို့လိုသူတွေကလည်း များလာ၊မှန်းချက်နဲ့ နှမ်းထွက်က နည်းလာနေလေတော့ …..ငါတို့လိုကောင်မျိုးတွေထဲမှာလည်း …. အရိပ်နေ အခက်ချိုးချင်သူတွေ ပိုလို့ များလာသကွ၊ ဒါပေမယ့်ကွာ ….. ငါအသိ အလုပ်လုပ်ဘက် ပြင်သစ်ကိုလိုနီဟောင်း အာဖရိကန်သားတယောက် ပြောဖူးတာတော့ သူပြောခဲ့တဲ့ စကားတခွန်း ခုထိ ငါ့နားထဲက မထွက်ဘူး၊ ဒီ ပြင်သစ်ကောင်တွေ အခု သူတို့ကို တင်ကြွေးထားရတာ သူတို့ဆီက မ ယူသွားတဲ့ စိန်တတုံးဖိုး မရှိပါဘူး ဆိုတာကိုပါ၊ ရရာနည်းနဲ့ အကြွေးပြန်ယူတာပေါ့ ဟုတ်လား၊ငါလည်း မြစ်ဆုံအကြောင်း ပြောချင်တာကနေ ဘယ်အကြောင်း ရောက်ပြန်ပြီလည်း မသိပါဘူး၊


မြစ်ဆုံ ချောင်းဆုံများ ရှိရာဆီသို့ (ဓါတ်ပုံ မရငတ)

ရိုင်းမြစ်နဘေးက အပြိုင် ကားလမ်း ရထားလမ်း (ဓါတ်ပုံ မရငတ)

ကဲ မြစ်ဆုံအကြောင်း ဆက်အုံးမယ်၊ အေး အဲဒီ နေရာမှာ အဓိကကျတဲ့ မြစ်ဆုံကြီး နှစ်ခု ရှိတယ်၊ဒီ မြစ်ဆုံ နှစ်နေရာက ဂျာမဏီရဲ့ နာမည်ကြီး မြို့နှစ်မြို့ ဖရန်ဖွတ်နဲ့ ကိုလုံးမြို့ ကြားမှာ ရှိတာကွ၊အဲဒီ မြို့နှစ်မြို့နဲ့ အနီးအနားက အခု စက်မှုအရမ်းဖွင့်ဖြိုးနေတဲ့ ဒေသတွေကွ၊
လမ်းတွေတံတားတွေဆိုတာ ကားမောင်းဖူးတဲ့သူတွေအဆိုအရ ဥရောပမှာ အကောင်းဆုံးဆိုဘဲကွ၊ဒီတော့ မြစ်ကမ်းနှစ်ဘက်လုံးမှာ ကားလမ်းကော ရထားလမ်းကော အပြိုင်ဖောက်ထားတာဆိုတော့ သင်္ဘောရယ် ကားရယ် ရထားရယ် ပြိုင်မောင်းနေသလိုပါဘဲကွာ၊ မင်း အားကျနေပြီလား၊ငါ့ စိတ်ထင် အဲဒီ ဖရန်ဖွတ်နဲ့ ကိုလုံးမြို့ နှစ်မြို့ကြားက မြစ် ဘေးနှစ်ဘက် ကားလမ်း ရထားလမ်း အပြိုင်ဖောက်ထားတာ ဥရောပမှာတော့ အရှည်ဆုံး ထင်တာဘဲ၊

 Main-Rhine-Confluence, Main after 524 km (326 miles) meets Rhine.   (ဓါတ်ပုံ မရငတ)

အဲဒီ မြစ်ဆုံ ပထမတခုက Main-Rhine-Confluence ရိုင်းနဲ့ မိုင်း မြစ်ဆုံ၊ ငါတို့သွားခဲ့တာက ဖရန့်ဖွတ်မြို့ကနေ အပျော်စီး ရှုမျှော်ခင်းကြည့်တဲ့ သင်္ဘောနဲ့ပေါ့ကွာ၊   Moselle, Rhine, Main, Danube cruises တွေ ရှိတယ်ကွ၊ အစအဆုံးသာ စီးလို့ကတော့ ဟိုး ဥရောပ အနောက်မြောက်ဒေါင့်က မြောက်ပင်လယ်ဘက်ကနေ ဥရောပအရှေ့ဖျားက ပင်လယ်နက် Black Sea အထိ ရောက်တာကွ၊ ဇိမ်ခံသင်္ဘောတွေ သွားနေတာကတော့ အများကြီးဘဲကွ၊ငါတို့ကတော့ ဘယ်စီးနိုင်ပါ့မလဲကွာ၊ ဈေးကြီးတာကိုးကွ၊ သင်္ဘောစီးခထက် သင်္ဘောပေါ် ဇိမ်ခံခက ပိုဈေးကြီးတာဟေ့၊ သောက်စရိတ် စားစရိတ်က သိပ်ဈေးအကြီးကြီး မဟုတ်တာတွေ ရှာဖွေသွားရင် ကြိုတင် ဘွတ်ကင် လုပ်သွားရင်တော့ ရနိုင်လောက်ပါတယ်၊
ငါးဆင့်ချိုင့်နဲ့ ကြော်လှော်ချက်ပြုတ် ထမင်းချိုင့်ထုပ် သွားဖို့တော့ စိတ်ကူးထားတယ်ကွ၊ ဒါမှမဟုတ် စပွန်စာကောင်းကောင်းလေးရှိရင်တော့ သင်္ဘောလေးစီးရင်း စာလေးဘာလေး ရေးချင် တာပေါ့ကွာ၊ ဟဲ ဟဲ …ဟဲ၊ ခရိုဏီတွေများတော့ အားမကိုးပါရစေနဲ့ သူငယ်ချင်းရေ … ကြောက်ပါရဲ့၊အဲဒီတော့ကွာ၊ အသွားအပြန် ကီလိုမီတာ တရာတရာ့ငါးဆယ်လောက် ဝေးတဲ့ ခရီးတိုလေးတွေ ယူရို နှစ်ဆယ် သုံးဆယ်လောက် ပေးရတာလေးတွေကို အာသာပြေ စီးရတာပေါ့ကွာ၊ ဒီ မြစ်ဘေးတလျှောက် တောင်ကုန်းတောင်းတန်းတွေ ကြားမှာတော့ ဂျာမန်တွေရဲ့ ရှေးဟောင်း ရဲတိုက်တွေ တော်တော်များများ တွေ့ရတယ်ကွ၊ဂျာမန်တွေက ကမ္ဘာစစ် နှစ်ခုစလုံး စစ်ရှုံးနိုင်ငံ ဖြစ်ခဲ့လို့ ထင်တယ်၊ သူတို့ရဲ့ ရဲတိုက်တွေ ခံတပ်တွေ ပျက်စီးနေတာကိုဘဲ အတွေ့ရများတယ်၊

 (ကီလိုမီတာ) မိုင်တိုင်အမှတ် ၅၁၅ က ရွာကလေးရယ် စိုက်ခင်းစိမ်းတွေရယ် (ဓါတ်ပုံ မရငတ)

မြစ်တွင်းကနေ မြင်ရတဲ့ ကမ်းနှစ်ဘက်မှာတော့ အတော်ကို စိမ်းစိုအောင် ထိမ်းသိမ်းထားတယ်ကွ၊ နောက်ပြီးတော့ အဲဒီနေရာက ဂျာမဏီရဲ့ အဓိက ဝိုင်ထွက်ရာ ဒေသဆိုတော့ကွာ မြစ်ကမ်းဘေးမှာ စပျစ်ခင်းတွေက နွေနဲ့ ဆောင်းဦးဝင်စ ရာသီဆိုရင် စိမ်းစိမ်းစိုစို တမျှော်တခေါ်ပေါ့၊
အဲဒီ ရိုင်းကမ်းကို သူတို့ ဂျာမန်လို Mittelrhein (Middle Rhine) လို့ ခေါ်တယ်ကွ၊ နောက်တမျိုး ….. ခေါ်ကြသေးတယ် …..နာမည်ကတော့ တော်တော်လှတယ်ကွ ….. Romantic Rhine လို့လည်း ခေါ်ကြတယ်၊အဲဒီတလျှောက်မှာ သူတို့ရဲ့ ရှေးရဲတိုက်ဟောင်းတွေ ၄၀ ကျော်ရှိတယ်လို့ ပြောတယ်၊လှတာကတော့ တော်တော်လှပါတယ်ကွာ၊ ကမ်းဘေးတလျှောက်က ရွာကလေးတွေကလည်း သာသာယာယာနဲ့ပေါ့၊အလွမ်းပြေလေမလားဆိုပြီး မြစ်ဘေးတွေမှာ …. ..သက်ကယ်မိုး ထရံကာ သွပ်မိုးပျဉ်ထောင် အိမ်ကလေးတွေ တွေ့မလားလို့ ရှာကြည့်မိသေးတယ်၊ မီးခွက်လေး မှိတ်တုပ် မှိတ်တုပ်လည်း မတွေ့ရပါဘူးကွာ၊ သူတို့ ရွာကလေးတွေက ရေမီး ပြည့်စုံနေတာကတော့ အားကျစရာ ကောင်းတယ်ကွာ၊ဒါပေမယ့် ဒါပေမယ့် ပေါ့ …..ရိုင်းကမ်းတလျှောက်မှာက နေလို့ထိုင်လို့ လုပ်လို့ကိုင်လို့ သိပ်ကောင်းနေ တော့လည်းကွာ …..လူနေအိမ်တွေ စက်ရုံအလုပ်ရုံတွေ များလာသလို …..ရိုင်းမြစ်ထဲမှာလည်း မော်တော်တွေ သင်္ဘောတွေက တနေ့တခြား များလာလို့ နေတာပေါ့၊ဒါတောင်မှ ရိုင်းကို သူတို့ စောင့်ရှောက်လာတာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်ကပါ၊ရိုင်းကို သူတို့ ဘယ်လိုဘဲ ထိမ်းသိမ်းစောင့်ရှောက်နေနေ …..ရိုင်းရဲ့ အခြေအနေမှန်ကို သိတဲ့သူတွေက စိုးရိမ်နေကြတာပေါ့၊

The clear water of the Main River mixing with the muddy Rhine (Photo Google)

အသုံးလည်းဝင် သဘာဝပျက်နေတဲ့ အကျည်းတန် ရိုင်း ရဲ့ ဒီကနေ့ ဘဝ အခြေအနေ မှန်ပါ၊ ရိုင်းမိုင်းမြစ်ဆုံ ရိုင်းနဲ့ ဆုံတွေ့တဲ့ နေရာကို ကောင်းကင်က ကြည့်ခွင့်ရတဲ့သူတွေကတော့ …..မိုင်းမြစ်ရဲ့ ရေကြည်တွေဟာ ရိုင်းမြစ်ရဲ့ ရွှံ့နှစ်ရေထဲကို စီးဝင်နေတာ သေသေချာချာ ကွဲကွဲပြားပြား ကို တွေ့နေရတော့ ….. စိတ်မကောင်း ဖြစ်ကြရတာပေါ့ကွာ၊ အပေါ်ယံမှာတော့ ပတ်ဝန်းကျင် သဘာဝ တောတောင် ရေမြေတွေကို တတ်နိုင်သလောက် …..ထိမ်းကြ သိမ်းကြပေမယ့် သူတို့မှာလည်း သူတို့ ပြဿနာတွေနဲ့ သူတို့ပေါ့၊ငါတို့လို မြစ်ထဲ အပျော်စီးသင်္ဘော စီးရုံလောက်နဲ့တော့ …..အဲဒီ ပြဿနာတွေကို ဘယ်လို ထဲထဲဝင်ဝင် သိနိုင်မလဲကွာ၊ဒါတောင်မှ သူတို့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်နေတာ ကြာပြီနော်၊၁၉၈၀ ခု ကျော်လောက်တုန်းက ရိုင်းနဘေးနားက ဓာတုဗေဒစါက်ရုံတခု အကြီးအကျယ်ပေါက်ကွဲပြီး နောက်ပိုင်းမှာ …. လေထုညစ်ညမ်းမှုတွေ အဆမတန်များလာလို့ သူတို့ တော်တော်ကြောက် သွားခဲ့ကြတာကွ၊
အဲဒီနောက်ပိုင်း ကာကွယ်ရေးတွေ လုပ်လာကြတာ ခုထိပေါ့၊ဒါပေမယ့် မနိုင်ပါဘူးကွာ၊ဒါတောင်မှ စက်ရုံတွေ အများစုက တရုတ်ပြည် ရောက်ကုန်ပြီနော်၊ မိတ်အင်ချိုင်းနား များလာလို့ဒီ ရိုင်းနဘေးမှာ ပေါ်လူးရှင်း နည်းနည်း လျော့သွားတာကွ … ဟဲ ဟဲ ၊တိုးပွားလာတဲ့ လူဦးရေကို ကြွေးဖို့လည်း လိုသလို ကယ်ဖို့လည်း လိုတယ် မဟုတ်လား၊

 Deutsches Eck (German Corner) (Photo Google)

ရိုင်းနဲ့ ဆုံတွေ့တဲ့ နောက် မြစ်ဆုံတခု အဲဒီနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိသေးတယ်ကွ၊သူလည်း စောစောက မိုင်းမြစ်ဆုံနဲ့ သိပ်မကွာပါဘူးကွာ၊ ပိုတောင်မှ ဆိုးသေးတယ် ထင်တယ်၊Deutsches Eck (German Corner) လို့ လူသိများတဲ့ နေရာပေါ့၊ ရိုင်းနဲ့ ပြင်သစ်မြေက စီးလာတဲ့ Moselle မိုဇယ် တွေ့ဆုံကြတဲ့ Koblenz မြို့နားက မြစ်ဆုံ ပေါ့ကွာ၊ငါတို့လူတွေ အသုံးချတာ ကောင်းကောင်း ခံလိုက်ရတဲ့ မြစ်တွေကတော့ ဒီလိုပါဘဲ၊ ဒါတောင်မှ သူတို့ လူဖြူတွေက ပတ်ဝန်းကျင် ထိမ်းသိမ်းတဲ့သူတွေ အများကြီးနဲ့ ဝိုင်း အော်နေကြ လို့ကွ၊ အဲဒါကြောင့် ခံသာသေးတာ၊ အော်မယ့်သူ မရှိလို့များကွာ မင်းတို့ဆီကထက် ဘနဖူး သိုက်တူးမယ့် ကောင်တွေက ဒီမှာ ပိုများတာဟေ့၊အဲ မြို့ပြ တိုးတက်မှုတွေက သဘာဝတရားတွေ အနည်းနဲ့အများ ပျက်စီးတာတော့ အမှန်ကွ၊ဒါပေမယ့် ငါတို့ လောကကြီးကလည်း ခေတ်မှီတိုးတက်မှုတွေကို လက်မခံလို့မှ မရတာနော်၊အဲဒီလို လမ်းတွေ တံတားတွေ ကားတွေ စက်ရုံတွေ အလုပ်ရုံတွေ မရှိတော့လည်း ရှိချင်ကြတာ လိုချင်ကြတာ မဟုတ်လား၊ တန်ဆေးလွန်ဘေး လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ကွာ၊

Rheine-Main-Danube Canal မြစ်အတုတခုရဲ့အစ  
(မိုင်းက တကယ်တော့ မြစ်စစ်စစ်ပါ၊) (ဓါတ်ပုံ မရငတ)    
                                                         
ပြင်သစ်က Moselle မိုဇယ်က ဂျာမဏီရဲ့ Rhine ရိုင်းထဲစီးဝင်၊ Main မိုင်းက Rhine နဲ့ ပေါင်းဆုံ၊ နောက်ပြီး အဲဒီ Main မိုင်းနဲ့ Danube ဒန်ညုကို Main–Danube Canal ဆိုပြီး တူးမြောင်းဖောက် ဆက်ထားတာ၊ မြစ်အစစ်တွေကို မြစ်အတုဖောက်ပေးပြီး ဆက်ထားတာပေါ့၊ ဆိုးတာကတော့ မြစ်အစစ်တွေလည်း မြစ်အတု ပုံစံပေါက်၊ မြစ်အတုကျပြန်တော့လည်း မြစ်အစစ် အယောင်ဆောင်၊ ဘယ်ဟာအစစ် ဘယ်ဟာအတု သဘာဝကျကျ ခွဲဖို့မလွယ်တော့တဲ့ ခေတ်ကွ၊သူတိုတတွေက နည်းပညာတွေ ငွေကြေးတွေက ဖူလုံနေတော့ မြစ်အတုတွေဖောက်ပြီး မြစ်အစစ် တွေနဲ့ ဆက်ပေးထားနိုင်တာပေါ့ကွာ၊သူတို့တတွေ သင်္ဘောတွေ မော်တော်တွေနဲ့ တောက်လျှောက်သွားနေတာ အားကျစရာပေါ့ကွာ၊  အဲဒီမှာ Rhein-Main-Donau-Kanal နဲ့ Danube–Black Sea Canal ဆိုတာကတော့ နာမည်ကြီး မြောက်ပင်လယ်နဲ့ ပင်လယ်နက်ကို ဆက်ပေးထားတာပေါ့၊ အဲဒီတူးမြောင်းနှစ်ခု ဖောက်ခဲ့တာတော့ သိပ်မကြာသေးပါဘူး၊ ၁၉၇၀ ကျော် လောက်ကမှ ဖောက်ခဲ့တာပါ၊တူးမြောင်း ဆိုတာတွေ စတင်ဖောက်လာတာကတော့ ဟိုး ရှေး ရှေး ခရစ်တော် မပေါ်မီ ကာလက စခဲ့တာ ဆိုဘဲကွ၊ငါတို့ဆီက တွံတေးတူးမြောင်းက ၁၈၈၃ ကတဲက ဖောက်ခဲ့တာ၊ ရန်ကုန်မြစ်နဲ့ မင်းရဲ့မြစ်ခွဲ တိုးမြစ် ဆက်ထားတာလေ၊ အနှစ် ၁ဝဝ ကျော်ပြီပေါ့ကွာ၊ ပြင်သစ် Suez Ship Canal Company က ဖောက်ခဲ့တာတဲ့၊ ငါတို့ကျောင်းတုန်းက အလွတ်ကျက် ခဲ့တဲ့ စာထဲမှာပါတယ်လေ၊ တွံတေးတူးမြောင်းသည် ၂၂ မိုင် ရှည်ပြီး စစ်တောင်းတူးမြောင်းသည် ၃၈ မိုင် ရှည်ပါသည် ဆိုတာ ပေါ့ကွာ၊ ငါတော့ အဲဒါဘဲ မှတ်မိတာလေ၊ ဟုတ်လား၊ခုထက်ထိတော့ နောက်ထပ် တူးမြောင်းတွေ ပေါ်တယ်လို့ကော မင်းကြားမိသေးလားကွ၊နောက်ထပ်ပေါ်ရင်တော့ အကြောင်းကြားအုံးနော့၊

 ရိုင်းကမ်းပါးက ဇိမ်ခံသင်္ဘောများ (ဓါတ်ပုံ မရငတ)

သူတို့တွေက မြစ်တွေထဲမှာ အဲဒီလို သင်္ဘောစီး ဇိမ်ခံကြရင်း လတ်ဆတ်တဲ့ လေတွေရှု စိမ်းလန်းတဲ့ တောတွေတောင်တွေ အပင်စိမ်းစိမ်းစိုစိုတွေ ကြည့်ကြတာ အတော်ကို ဝါသနာပါကြတာကွ၊ သူတို့ မြစ်တွေကလည်း ရေစီးကြမ်းတာတို့ ရေဝဲတို့ လေနီကြမ်းတိုက်တာတို့ သိပ်မရှိတဲ့ မြစ်နုနုရွရွ လေးတွေကိုး၊ မင်းတို့ကတော့ သဘာဝအတိုင်း ခပ်ကြမ်းကြမ်းသမားတွေ မဟုတ်လား၊ဒါပေမယ့် သူတို့တွေရဲ့ မြစ်ထဲချောင်းထဲမှာ ငါးကောင်းကောင်းတောင် ရှိတာမဟုတ်ဘူး၊ ရှိတဲ့ ငါးတွေကလည်း အရသာမရှိလှပါဘူးကွာ၊ ငါတို့ဆီမှာ လူသိပ်မစားတဲ့ ငါးမျိုးတွေလိုဘဲ၊ သူတို့ အဓိကစားတာ ပင်လယ်ငါးတွေပါ၊ငါ နည်းနည်း မှတ်မိနေသေးတယ်၊ မဆလ ခေတ်ကောင်းစဉ်ကပေါ့၊ “အားရှိရန် ပင်လယ်ငါး စားပါ” ဆိုလားကွာ …. အားတော့ ရှိပါရဲ့ အရသာကမရှိ … နည်းပါး၏ ပေါ့၊ခုတော့ ပင်လယ်ငါးထက် မွေးမြူရေးငါး ရေခဲရိုက်ငါး အဟုတ်မှတ် စားနေရပြီလေကွာ၊

 ဧရာဝတီက အိုတံငါ (ဓါတ်ပုံ ဂူဂဲလ်) 

မင်းဆီကရတဲ့ ရေချိုပုဇွန် ဆိုတာမျိုး သူတို့တွေမှာ ဘယ်ရှိမလဲကွ၊ ငါမှတ်မိနေတာ တခုရှိတယ်၊ ငါ ကျောင်းသားဘဝက ပေါ့ကွာ၊ ရန်ကုန်တက္ကသိုလ်မှာ တက်နေတုန်း ၁၉၈၀ ကျော် နှစ်များဆီက၊နွေကျောင်းပိတ်ရက်မှာ ထုံးစံအတိုင်း အိမ်တိုက်ရိုက် မပြန်ဖြစ်ဖူးပေါ့၊ငါ့မိသားစုအိမ်က အဲဒီတုန်းက မန္တလေးမှာလေ၊ အဲဒါ မန္တလေးကို တန်းမပြန်ဘဲ ပြည်ဘက်က ဘော်ဒါတွေနဲ့ အဖော်ကောင်းပြီး အောင်လံအနားက ပြလို့လား ပလို့ ဆိုလားကွာ၊ မင်းသိမှာပါ၊ အဲ့နားက ရွာတရွာကို ငါရောက်သွားတာ၊ သုံးလေးရက် ရွာမှာ ကြာသွားတယ်၊ ရွာက ငါ့သူငယ်ချင်း ကလည်း ရွာမှာတော့ စူပါစတားပေါ့ကွာ၊ ရွာခံတွေက ဧည့်ခံကြတာလည်း ဘာကောင်းသလဲ မမေးနဲ့လေ၊ အဲလို မင်းဆီကရတဲ့ ရေချိုပုဇွန်မျိုး အခုရှိသေးလားကွ၊ အဲလိုမျိုး ဒီကနေ့ ခေတ်စားနေတဲ့ ဘိုင်အိုတို့ နေထရယ်တို့ အစားအစာတွေမျိုး စားလာကြတာ ငါတို့ ငယ်ငယ်ကလေကွာ၊ အခုခေတ် ဖောသွပ်သွပ် အသားတွေနဲ့တော့ အရသာ ကွာပါ့နော့၊ ခုခေတ်ကတော့ အကောင်ကြီးလေ အချိန်မစီးကြလေ …. ဒါမျိုးတွေ များလှတယ်ကွာ၊ဒါ ဥပမာ ပေးတာဘဲ ရှိသေးတယ်၊ တခြားဟာတွေ အများကြီးပေါ့ကွာ၊
ငါ မင်းကို လွမ်းနေတာ မင်းရဲ့ သဘာဝဆန်တဲ့ အရာတွေ အဲဒါတွေကြောင့် ပေါ့ကွာ၊

 ဒီကနေ့ ၂၀၁၄ ဧရာဝတီ (Photo Yin Min BKK)

ဒါပေမယ့်လည်း ဧရာဝတီရေ …… မင်းကိုလည်း ငါတို့တတွေ သိပ်ချစ်ကြသလို သူတို့တွေကိုလည်း သူတို့ ဒေသသားတွေက သိပ်ချစ်ကြတာပေါ့ကွာ၊ ငါတို့တောင်မှ ဒီရောက်ပြီး သူတို့ကို ချစ်သွားနိုင်သေးတာ မဟုတ်လား၊ ငါ ဒီလိုရေးတာ မင်းဖတ်ပြီး ငါ ရူးသွားပြီလို့ မင်း ထင်မနေနဲ့အုံး၊ ခံစားတတ်တဲ့ အသည်းနှလုံး ရှိတဲ့ သူတွေဟာ ဝေးလာလေ ပိုခံစားတတ်လေဘဲကွ၊ ဧရာဝတီရေ အမှန်ကတော့ ဧရာဝတီဖြစ်ဖြစ် ရိုင်းဖြစ်ဖြစ် မိုင်းဖြစ်ဖြစ် မန်းဖြစ်ဖြစ် စဲန်းဖြစ်ဖြစ် မြစ်ကြီးကြီးတစင်းဖြစ်ဖြစ် ချောင်းသေးသေးတချောင်းဖြစ်ဖြစ် သစ်ပင်တပင် လူတယောက်ဖြစ်ဖြစ်သဘာဝတရားကြီးက ပေးအပ်ထားတာတွေကို အရမ်းကာရော အသုံးချ ပြောင်းလဲပစ်ခဲ့ရင် …..သဘာဝတရားကြီးက ပြန်ပြီး ဒဏ်ခတ်တာ ခံရလိမ့်မယ်လို့ ငါရဲရဲကြီး ပြောဝံ့ပါတယ်၊ မင်းတို့တတွေလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံနေမှာ ငါ မြင်ယောင်မိပါတယ်၊


 တုရင်တောင်ပေါ်က လှမ်းမျှော်မြင်ရတဲ့ ဒီကနေ့ ၂၀၁၄ ဧရာဝတီ (Photo Yin Min BKK)

(ဒီနေရာမှာ တုရင်တောင်အကြောင်း ဖြတ်ညှပ်ကပ် ထည့်ရေးပါမယ်၊ တုရင်တောင်၊ တူရင်းတောင်၊ တူရွင်းတောင် လို့လည်း ခေါ်ဆိုလေ့ ရှိကြပါတယ်တဲ့၊ ပါဠိလို  “တုရင်္ဂ”  “မြင်းနှင့်တူသောတောင်” အဓိပ္ပါယ်ရပါတယ်တဲ့၊ ပုဂံမြို့ရဲ့ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာမှာ တည်ရှိပြီး သီဟိုဠ် ကျွန်းမှ ပင့်ဆောင်လာတဲ့  စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ်  ၃၉၃ ခုနှစ်တွင် အနော်ရထာမင်းက တည်ထားခဲ့တာပါတဲ့၊  တုရင်တောင်ကို သွားချင်ရင်တော့ ကျောက်ပန်းတောင်းက ပုဂံညောင်ဦးကို သွားတဲ့ ကားလမ်းရဲ့ ညာဘက်  ညောင်ဦး မရောက်ခင် ဆယ်မိုင်လောက်အလို တောင်ပရွာ ဇရပ်မှ တောင်ပေါ်ကို တက်သွားရင် ရောက်ပါပြီတဲ့၊) အခု ငါတို့ရဲ့ ကမ္ဘာကြီးက ငါတို့တတွေ မဆင်မချင် အရမ်းကာရော သုံးစွဲပစ်ခဲ့လို့ ပူတဲ့နေရာတွေက အေး အေးတဲ့နေရာတွေက ပူနဲ့ ကဗြောင်းကပြန်တွေ ဖြစ်လို့နေပြီလေ၊  မင်းတို့တောင်မှ ရေနည်း လွန်းတဲ့အခါ နည်းလိုက် များလွန်းတဲ့အခါ များလိုက်နဲ့ ထိမ်းမနိုင်သိမ်းမရ ဆိုတာမျိုး ဖြစ်နေတယ် မဟုတ်လားကွ၊ အဲဒါ အဓိကတရားခံကတော့ ငါတို့လို လူတွေဆိုပြီး မင်းက လက်ညိုးတထိုးထိုးနဲ့ ပြောနေမှာကို ငါသိပါတယ်ကွာ၊ ငါလည်း ဘာကောင်မှမဟုတ်တော့ ဘာမှ ဟုတ်တိပတ်တိ မတတ်နိုင်ပေမယ့် တတ်နိုင်သလောက်မင်းကို စာရေးပြီး တိုင်တည်ရတာဘဲ ဟေ့၊ အဲဒါတောင်မှ ခင်ဗျားကြီးက ဘာလုပ်ခဲ့လို့ ဒါတွေရေးနေတာလည်းလို့ မျက်စောင်းထိုးမယ့်သူတွေ ရန်က ကြောက်ရသေးသကွ၊

ကဲ …. ကိုရွှေဧရာဝတီရေ မင်းရဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး မင်းတို့ငါတို့ရဲ့ ရှင်သန်လှုပ်ရှား ခဲ့ရတာတွေ ဖြတ်သန်းခဲ့ဖူးတာတွေကို ငါ စဉ်းစားရင်း ရေးနေရင်းနဲ့ မင်းတို့နဲ့ ပတ်သက်တာတွေကို ရှာဖွေ ဖတ်မိရပါတယ်၊ ဒါပေမယ့်ကွာ သတင်းကောင်းတော့ သိပ်ပြီးမတွေ့ရဘူးကွ၊
ကမ္ဘာမြေကြီးရဲ့ ပြဿနာက မင်းနဲ့ကျမှ အကြီးကြီးဖြစ်လာနေတာတော့ မဟုတ်ပေမယ့်  ငါတို့ဆီကလူရမ်းကား တချို့တွေကြောင့် မင်းကျမှ အကြီးကြီး ပိုဖြစ်လာရတာပေါ့ကွာ၊ ငါပြောချင်တာ ဒါပါ၊

ဘယ်လိုဖြစ်ဖြစ်ကွာ ငါကတော့ မင်းရဲ့ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ရေစီးသံတွေ လှိုင်းပုတ်သံ တွေကြား သင်္ဘောစက်သံ တဝုန်းဝုန်းတွေကြား သင်္ဘောကြမ်းပြင်ပေါ်မှာ တုံးလုံးပက်လက် ခရီး သွားခဲ့လာခဲ့တာတွေကို သတိရလို့ နေမြဲပါကွာ၊ ပြန်ဆုံချင်ပါသေးတယ် ဧရာဝတီရေ၊ဧရာဝတီရေ …..

ငါ ဒီစာတွေကို ရေးနေတာ  ရိုင်းဆီက ပြန်လာပြီးနောက်ပိုင်း မင်းကို သတိတရ စာတွေ ရေးမိရာက ရပ် မရဘူး ဖြစ်သွားလို့ ဆက်ရေးနေမိတာပါ၊ သည်းခံပြီးတော့ ဖတ်ပေးပေါ့ကွာ၊ မင်း ကျန်းမာရေး ကောင်းပါစေလို့ ငါ ဆုတောင်းပါတယ်၊ နောက်တပတ် ငါရေးချင်ရာလေးတွေ ဆက်ရေးဖို့တော့ အားပေးပါအုံး၊

အခု မင်းကို ဂုဏ်ပြုထားတဲ့ ငါ အကြိုက်ဆုံး သီချင်းတပုဒ်နဲ့ နှုတ်ဆက်လိုက်တယ် သူငယ်ချင်း၊

ဧရာဝတီ - ခင်ဝမ်း

တိမ်တိုက်တွေရဲ့အဆုံး အနောက်ဖက်ကအဝေး မိုးကုပ်တစ်နေရာမှာ နေရောင်တစ်ချို့ ရှိနေသေး မြူတွေဆိုင်းနေတဲ့ ရခိုင်ရိုးမရဲ့အရိပ် ဟိုဖက်ကမ်းခြေ မြစ်ရိုးမှာ မှောင်မိုက်နေပြီ အေးမြတဲ့ မြောက် လေကြောင်းကိုဆန်ပြီး ပျံသန်းခဲ့တဲ့ ငှက်ကလေးတွေ အလင်းရောင်ဟာ မရှိမဲ့ရှိမဲ့ ခရီးဝေးကို ပျံ သန်းခဲ့ရလို့ ပင်ပန်းခဲ့ပြီလား ခရီးဖော် အပေါင်းအသင်းတွေနဲ့ မိုးမချုပ်မီ အိမ်ကိုပြန်ခဲ့ပြီ ဧရာဝတီ ဧရာဝတီ ဧရာဝတီ ဧရာဝတီ တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျင် ရင့်ကျက်တဲ့ရေပြင် တည်ငြိမ်တဲ့ သူ့ရဲ့ ရေအလျင် ရင့်ကျက်တဲ့ရေပြင် ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့ သူ့ရဲ့အသွင် မဟာသဘာဝရှင် …..

ဧရာဝတီ ဧရာဝတီ ဧရာဝတီ ဧရာဝတီ မှိုင်းညို့တဲ့အေးမြခြင်း လောကရဲ့အမိုး ကောင်းကင် တစ်နေရာမှာ ငွေကြယ်ကလေး လင်းလက်နေတယ် အပြာရောင်လွှမ်းနေတဲ့ ငွေညရဲ့အောက် တစ်ကိုယ်တော် ခရီးကိုထွက်ဖို့ မြစ်မင်းဟာ ခရီးဆက်ခဲ့ပြီ ဧရာဝတီ ဧရာဝတီ ဧရာဝတီ ဧရာဝတီ တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျင် ရင့်ကျက်တဲ့ရေပြင် တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျင် ရင့်ကျက်တဲ့ ရေပြင် ကြည့်လိုက် စမ်းပါ ခမ်းနားတဲ့ သူ့ရဲ့အသွင် မဟာသဘာဝရှင် ဧရာဝတီ ဧရာဝတီ ဧရာဝတီ ဧရာဝတီ ...................၊။။။။

မင်းရဲ့ထာဝရ (မရငတ) ….. ၊ ။။။။။