ကိုရာဇာ - နောက်ကျတဲ့ စာ (၂)

နောက်ကျတဲ့ စာ (၂)
ကိုရာဇာ၊ ဧပြီ ၃၀၊ ၂၀၁၄


ကိုရစ် …

ဟိုတစ်ရက်သားက လူမှုကွန်ရက်တစ်ခုမှာ စကားနာလား စကားပြာလားမသိတစ်ခုဖတ်လိုက်ရတယ်။ အဘဦးဝင်းတင်ခမျာလူပျိုကြီးပေမို့ပေါ့ဗျာတဲ့၊ များလိုက်တဲ့သားသမီးတွေ…တဲ့။ သူဘာသဘော ပြောနေလည်း ကျနော်နားမလည်ဘူး။ ထားပါတော့ ဒီလိုနှလုံးသားကြီးကြီးထား၊ သမီးသားတွေပွားစီးသွားတာ … ကျနော်တော့ပျော်တယ်။ အဘစကားတွေ အဘတရားတွေ အဘရုပ်ပုံတွေ အဘရုပ်စုံတွေတင်ကြ ရေးကြသားကြတာ လိုအပ်တယ်။ အဘရဲ့မူလဆန္ဒ သဘောတရားရည်မှန်းချက် အညွှန်းကိန်းတွေ မပျောက်ပျက်ဘူးဆိုရင် ကောင်းတယ်။ ကျနော် တော့ဒီလိုသဘောထားပါတယ်။


အဘက အားလုံးသိမ်းဖက်ရေးတရားနဲ့ ထောင်ကထွက်လာတာကိုး။ အားလုံးပေါင်းစည်းရေးသဘော ထားနဲ့ နေထိုင်သွားတာကိုး..။ စစ်မှန်ဖက်ဒရယ်ပြည်ထောင်စု ဆက်လက်စွဲကိုင်နိုင်ရေးမူဝါဒနဲ့ အသက်ထွက် သွားတာကိုး။ ဒါမှတပါး ကျနော်ကအဘဦးဝင်းတင်နဲ့ဘယ့်ကလောက်ရင်းတယ်နှီးတယ် သူများမပြောတာ ကျနော့်ကိုဘယ်လိုပြောတယ် ဆိုတာမျိုးကတော့ ပြောပစေပေါ့ဗျာ။ အားလုံး ကျနော်တို့မှမသိနိုင်ပဲကိုး ဘာပြော ပြော အဘစကားဆို နာယူရမယ်လေ။ ဟုတ်ဘူးလား။


ကမ္ဘာ့အရာရောက် ပင်ညဲရိုးလိုလူတွေ ကန်တားနားလိုလူတွေပြောတာ သိပ်မှတ်သားဖို့ ကောင်းတယ်။ "ဦးဝင်းတင်က သူ့ကိစ္စကို မပြောဘူး ဒီမိုကရေစီရေး အခြားသူများအရေးကိုသာ ပြောဆိုတယ်" ဆိုတာ ကမ္ဘာသိ အနေအထိုင်ပဲလေဗျာ။ ကိုယ့်ကိစ္စကိုယ် နည်းနိုင်သမျှ နည်းအောင်နေသွားခြင်တဲ့ ပုဂ္ဂိုလ်ကြီးခင်ဗျာ သေမှကိစ္စ နည်းနည်းများသွားသလား လို့။ ကျနော်က ဘေးကကြည့်တော့ အဲ့သလိုမြင်တယ်ဗျ။ ပုဂ္ဂိုလ်ဖက် သိပ်ချဉ်းကပ်သွားတော့ အဘလမ်းစဉ် မူဝါဒ မှေးမှိန်သယောင်တောင် ဖြစ်သွားသလားပဲ။ သေချာတာ တစ်ခုကတော့ အဲ့သလိုလုပ် သွားတာဟာ ဘာတစ်ခုမှ နားမလည်လို့ဖြစ်နိုင်သလို အဘအသံ အဘအလံ အဘလမ်းစဉ်ပျောက်သွားအောင် တကယ့်ကိုကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်သွားတာလည်း ဖြစ်နိုင်တယ်ဗျ။


ထားပါတော့ဗျာ အဘရဲ့အသိသတိကြောင့်သာ သိပ်ပြီးတော့ မဆိုးရွားသွားတာ။ သတင်းတွေမှာ ခင်ဗျား လည်းဖတ်ရမှာပေါ့။ အဘသတိလက်လွတ်ဖြစ်သွားချိန်ဟာ ခပ်နည်းနည်းပါပဲ။ အဲ့ဒါကလည်း အသိကင်းမဲ့တာမ ဟုတ်ဘူး။ ရောဂါအနာ သူမတူအောင် သည်းလွန်းတာကို ကြိတ်မှိတ်ခံရင်း သူ့ဟာသူ ဖြေသာအောင်နေတယ်လို့ မှတ်တယ်ဗျ။


သူ သတိကောင်းတာ တစ်ခုပြောမယ်။

ကောင်မလေးတစ်ယောက်ကို ဒီနေ့ဘာနေ့လဲ လို့မေး တယ်။ အမေးခံ ရဲဘော်မလေးက ဆယ့်လေးရက်နေ့လို့ ဖြေတယ်။ “အင်း… အင်း … သွားတော့…သွားတော့” လို့ပြော တယ်။ ပြီး ကျနော့်ကို သူ့အနားခေါ်တယ်။  “မင်းတို့ခေတ်က ဘယ်လောက်ဖျင်းသွားပြီလဲ ဆိုတာ ခုနကအဖြေ ပဲ …” တဲ့။ ‘ ငါကတနင်္လာ၊ အင်္ဂါအစရှိသဖြင့် နေ့ကိုမေးတာ သူက ဆယ့်လေးရက်ဆိုပြီး ရက်စွဲကိုဖြေနေတာ။ Day နဲ့ Date ကိုတောင် မကွဲပါ့လား … ငါ့ကောင်ရာ။ စာများများဖတ်ဖြစ်အောင် လုပ်စေ့ချင်တယ် …” ဆိုပြီးပြောတယ်။ အဲ့သလောက်ဆို သဘောပေါက်မယ်ထင်တယ်။

အခြားအခြားသော သတိကောင်းပုံတွေပြောမယ်ဆို ကုန်မယ်မထင်ဘူး။ အဘရဲ့မိသားစုဆရာဝန် ဒေါက်တာမြင့်သိန်းက ရှင်းပြတယ်ဗျ။ “အဘကငယ်ကတည်းက အစားနည်းခဲ့တော့ သူ့ဓာတ်သဘော သဘာဝအရ ဦးနှောက်က ဟနေတယ် …”  တဲ့။ မဖြူကလည်းပြန်နောက်တယ်။ “အဘဦးနှောက် ဟပြီး ကျုံ့သွားပေလို့ပဲ။  အကောင်းအတိုင်းဆို ကမ္ဘာကြီး တစ်ခုလုံးတောင် အလွယ်တကူ အုပ်ချုပ်နေမလားပဲ …” တဲ့။ အသိကောင်းကောင်း သတိကောင်းလွန်းလို့ဘေးကကျနော်တို့ ပိုလို့ပိုလို့ ခံစားရတယ်။ ဘာလို့လည်းဆိုတော့ လုပ်သမျှသိ ပြောသမျှသိ နေတာကိုး။ ခံရတာလည်း သိနေတာပဲ၊ တစ်ချက်ကလေးမှ မညည်းမညူပဲ ခံသွားတာဗျ။

ထားပါဗျာ … အခြားကိစ္စတွေ။ ဒီစာမှာ အဓိကဆိုလိုချင်တာ အခြားသူတွေပြောသလို အဘကိုသေမင်းက ခေါ်သွားပြီတို့ ၊ မလွန်ဆန်နိုင်သောလမ်းကို လျှောက်ရတယ် … တို့ဆိုတာတွေထက် အဘ ဘယ်လိုနေသွားတာလဲ၊ ဘယ်လိုသေသွားတာလဲ … ဆိုတာ အဓိကထား ပြောကြားချင်ပါတယ်။ အဘက သေမင်းကို သရော်လှောင် ပြောင် အနိုင်ယူသွားတာဗျ။ ကျနော်စကားကို ပေါ့ပေါ့ပါးပါး အလွယ်ထားပြီး ပြောတာမဟုတ်ဘူး။ အဘနောက် ဆုံးရက်တွေမှာ အနီးကပ်ဆုံး အရင်းနှီးဆုံး အနွေးထွေးဆုံး နေထိုင်ခဲ့ကြတဲ့သူတိုင်းကိုမေးကြည့် ၊ အဘက တစ်ချိန်လုံး နောက်ပြောင်နေတာ။ သက်ဆိုင်ရာလူတွေအလိုက်ကိုလည်း နောက်တယ်။

မဖြူ၊ မဇင်မာအောင်၊ မကြည်ဖြူ သျှင်တို့ အပျိုကြီးမမသုံးယောက် ၀င်တွေ့တော့ … “နင်တို့ကော ဘယ်တော့အိမ်ထောင်ပြုမှာလဲ …”  နောက်တယ်။ ဟိုမမများ ရှက်တယ်ထင်ရဲ့ ။ ကျနော့်ဖက် လှည့်ပေးလိုက်တယ်။ “ကျမတို့ကတော့ စောပါသေးတယ်။ ရာဇာက မိန်းမ ယူတော့မယ် …” ပြောလိုက်တော့ ကျနော့်အခေါ်ခိုင်းပြီး “မင်းမိန်းမယူတော့မယ်ဆို ငါမင်္ဂလာဆောင်ပေးမယ် …” တဲ့။ “ဟုတ်ကဲ့ အဘ။ အဘလည်း မင်္ဂသတင်းစကားတွေကြားနေရတာ ကောင်းတာပေါ့ ဒါပေမယ့် ကျနော်က ဘယ့်နှယ် ဒီဆေးရုံကြီးမှာ၊ အဘကလည်း ပက်လက် ပိုက်တန်းလန်း၊ ဘယ်လိုမင်္ဂလာစကားပြောမှာလဲ …” ပေါ့ဗျာ။
အဘက မဖြူကိုပြန်ပြောတယ်။ “ဒီရာဇာဆိုတဲ့ကောင်က အူကြောင်ကြောင်ရယ်။ ဆေးရုံကြီးမှာတော့ ဘယ်လိုလုပ် မင်္ဂလာဆောင်မလဲ … ငါသိတာပေါ့။ ဟော်တယ်ခန်းလေးဘာလေး ငှားဆောင်ပေးမှာပေါ။့ ငါက မင်္ဂလာစကား ပြောမှာပေါ့။”  ဆိုလိုတာက အဘက ဆေးရုံနောက်ပေါက်ကနေဆင်းသွားရမယ့်အချိန်ထိ နောက်တုန်း ပြောင်တုန်း သေခြင်းတရားကို စစ်မက်ခင်းကျင်း အပေါ်စီးယူသွားတာလို့ကျနော်မြင်တယ်။

အင်း … ပေါ့ဗျာ။ သူစိတ်အခန့်မသင့်ချိန်မှာတော့ သူအားလျော့သွားတာ အားပျော့သွားတာ အားဖျော့သွားချိန်တွေလည်း  ရှိသေးတာပေါ့။ လူကိုးဗျ ။ သူ့ရဲ့ပီတိတွေ သူ့ရဲ့ဒေါမနသသတွေသူ့ရဲ စိတ်ကုးစိတ်သန်းတွေ သူ့ရဲ့ပူပင် မှုအနည်းငယ်တွေလည်း သပ်သပ်ရှိသေးတာပေါ့ဗျာ။

ဒါတွေကို အလျဉ်းသင့်သလို ခင်ဗျားဆီစာရေးအုံးမယ်။ ကျနော်ချဉ်းကပ်မိသွားတဲ့ အဘသေခြင်းတရားက ပျော်ပျော်ရွှင်ရွှင်မဟုတ်တောင်၊ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွား တယ်။ အခြားသူများလို စိုးရိမ်ကြောင့်ကြမှု လုံးဝမရှိခဲ့ဘူး။ ထိတ်လန့်မှု တုန်လှုပ်ကြောက်ရွံ့မှု ကင်းကင်းနဲ့ကို ဖြတ်သန်းသွားတယ်။ ဘယ်လိုမှ ဘယ်လူမျိုး ဘယ်လိုအနေအထားမျိုးရှိသူတွေ မလွန်ဆန်နိုင်တဲ့ ငြင်းဆန်ချင်တဲ့ သေခြင်းတရားကို အဘက မငြင်းမပယ် အလွယ်တကူလက်ခံသွားတယ်။

လူတိုင်းကြောက်ရွံ့ရတဲ့ သေမင်း၊ သေခြင်း သို့မဟုတ် ကွယ်လွန်ခြင်း၊ ဆုံးပါးခြင်းတရားကို အဘက တကယ့်ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားတယ်ဆိုတာ … ခင်ဗျား သိစေ့ချင်တယ်။ ဘာကမှ မမြဲဘူးဆိုတာ အဘက ထင်းထင်းလင်းလင်း ရှင်းရှင်းဘွင်းဘွင်း သိထားပြီးသားဗျ။ ကျနော်တို့ မသေသေးတဲ့ကောင်တွေ ဘာ ဆက်လုပ်မလဲ … ဆိုတာပဲ အဓိကကျတယ်။ အဘကိုချစ်သလား အဘလမ်းစဉ်လိုက်မယ်။ အဘကို လေးစားသလား၊ အဘမူဝါဒကို ဖက်တွယ်မယ်။ အဘကို ရိုသေသလား အဘသဘောထားကို ကျယ်ကျယ်ပြန့်ပြန့်  ဖြန့်ဝေမယ်။ အဘကိုမြတ်နိုးသလား အဘလုပ်ငန်းတွေ ဆက်သယ်မယ်။ အသေးစိတ်ဆိုတာ မရှိပါဘူးဗျာ။ အဘက ဘယ်သူ့ကိုမှ ဘယ်လိုမျိုး ထူးခြားစကား မမှာပါဘူး။ အဘမောင်ပိုင်စီးတစ်ချို့သာ သဲသဲလှူပ်နေတာပါ။

အခုလောလောဆယ် အဘစဖွင့်ပေးသွားတဲ့ ကျနော်တို့ HIV Sectionက ဖွင့်ထားတဲ့ အမျိုးသမီးများဘ၀ ဖွံ့ဖြိုး တိုးတက်ရေးသင်တန်းကျောင်းကို ခဏသွားမယ်။ ခင်ဗျားလည်းရောက်ဖူးတယ်လေ။ အဲ့ဒီကိုသွားမယ်။  အားရင် အချိန်ရရင်ရသလို စာတွေရေးနေမယ်။

ခင်ဗျားတို့အားလုံး ဆိုဆုံးမခြင်းကို စောင့်စားနေတဲ့

ရာဇာ

(သရုပ်ဖော် - စောငို)