ထင်အောင် - ကျွန်​​တော်​နဲ့ နိုင်​ငံ​ရေး

ကျွန်​​တော်​နဲ့ နိုင်​ငံ​ရေး
ထင်အောင်
ဧပြီ ၃၀၊ ၂၀၁၄



ကျွန်​​တော်​ဟာ မြန်​မာနိုင်​ငံလွတ်​​လပ်​​ရေး ငါးနှစ်​သားအရွယ်​မှာမှ လူဘ၀ထဲ​ရောက်​လာရသူတဦးဖြစ်​ပါတယ်​။ ပြည်​တွင်းစစ်​ပြီးသွားပြီးမှ​မွေးတဲ့သူဆို​တော့ မဟာရန်​ကုန်​ကို စင်္ကာပူနိုင်​ငံက အထင်​ကြီးပြီး​လာ​လေ့လာ​နေတဲ့အချိန်​​ကောင်းမှာ လူဖြစ်​လာတဲ့သူ​ပေါ့ဗျာ။ အခုအဖျက်​ခံရမလိုဖြစ်​​နေတဲ့​ မော်​တင်​အိမ်​ယာ​တွေ ကျွန်​​တော်​နဲ့ ဖွားဖက်​​တော်​​ပေါ့ဗျာ။ ရန်​ကုန်​မြို့မှာ ဆိုက်​ကား​တွေ၊ မြင်းလှည်း​တွေ​ပြေးဆွဲ​နေတုံးကာလပါ။ လိုင်းကား​တွေကလည်း ပုဇွန်​တံဆိပ်​၊ နဂါးတံဆိပ်​စတဲ့ဗိုက်​ပူကားကြီး​တွေကို ​ချောင်​​ချောင်​ချိချိ တက်​စီးနိုင်​တာကို သတိရ​နေပါ​သေးတယ်​။ မွန်​ဂိုမာရီလမ်း (ယခုဗိုလ်​ချုပ်​​အောင်​ဆန်းလမ်း) နဲ့ ဆူး​လေဘုရားလမ်းဆုံမှာ ဆူး​လေအ၀ိုင်းကြီး ရှိ​နေပါ​သေးတယ်​။ မိုး လင်း အာရုဏ်တက်​တာနဲ့ သတင်းစာက အိမ်​အ၀မှာ ဖတ်​ဖို့အဆင်​သင့်​​ရောက်​​နေတဲ့ ကာလ​တွေ​ပေါ့ဗျာ။ ဒီကာလ​တွေမှာ မြန်​မာနိုင်​ငံ​ရေးဟာ ပါတီစုံစံနစ်​နဲ့ ဒီမိုက​ရေစီလမ်း​ကြောင်း​ပေါ်မှာသွား​နေတယ်​လို့ သိခဲ့ရပါတယ်​။

ငယ်​ငယ်​ထဲက​ ရွေး​ကောက်​ပွဲဆိုတာကို မြင်​​တွေ့ခဲ့ဘူးပါတယ်​။ ဖဆပလက နှစ်​ခြမ်းကွဲ​နေပါပြီ။ အိမ်​ကို မဲဆွယ်​လာတဲ့အဖွဲ့​တွေက အ၀ါရောင်​ ထမီ​ပေးသွားလိုက်​၊​ နောက်​တဖွဲ့က အနီ​ရောင်​ထမီလာ​ပေးလိုက်​နဲ့ ပြည်​သူ​တွေအတွက်​၀တ်​​ရေးက​တော့ အဆင်​​ပြေ​နေတဲ့ ကာလ​လေးဖြစ်​​နေပါတယ်​။ သတင်းစာ​တွေကလည်း​ ဆောင်းပါး​တွေ၊ ကာတွန်း​တွေနဲ့ ပါတီ​တွေကို ကလိချင်​တိုင်းကလိလို့ရ ​​​​နေ​တော့၊ စာ​ပေလွတ်​လပ်​ခွင့်​ရထား​သောကာလလို့​ ပြောနိုင်​ပါတယ်​။ နိုင်​ငံ​တော်​၀န်​ကြီူချုပ်​ကိုလည်း ကိုကြီးကောင်းအမည်​​ပေးကာ ဇာတ်​လမ်းဖန်​တီးပြီး အပုတ်​ချ​သောဝတ္တုများကိုလည်း​ ရေးခွင့်​ရ​နေ​သောအချိန်​ဖြစ်​ပါတယ်​။ ဖက်​ဒရယ်​မူဆို​သောစကားလုံးကိုလည်း ကြားဘူးလာပါတယ်​။ အဓိပ္ပာယ်​ကို​တော့ မသိတတ်​​သေးပါ။ အိမ်​စောင့်​အစိုးရဆိုတာဘာမှန်းမသိ​ပေမဲ့သတင်းစာ​တွေ၊​ ရေဒီယိုက​နေဖတ်​ခဲ့ကြားခဲ့ရလို့ နားရည်​၀​နေပါပြီ။ ပေးတဲ့ထမီအနီ​ရောင်​​တွေကိုယူပြီး သန့်​ရှင်းမဲပုံးထဲကို မဲ​တွေထဲ့ခဲ့၍ သခင်​နုဝန်​ကြီးချုပ်​ပြန်​ဖြစ်​သွားပါတယ်​။လေဟာပြင်​က ဇာတ်​ရုံမှာ တရုပ်​ပြည်​သူသမတနိုင်​ငံက ငန်း​တော်​​ပျော်​ရာ​ ရေကန်​သာဘဲ​လေးကဇာတ်​ပြ​နေတဲ့အချိန်​ ၁၉၆၂ ခုနှစ်​ မတ်​လ (၂) ရက်​​နေ့မှာ​တော်​လှန်​​ရေး​ကောင်​စီက အာဏာသိမ်းလိုက်​ပါတယ်​။ တိုင်းပြည်​​ချောက်​ထဲကျဘို့ လက်​နှစ်​လုံးအလိုမှာ ကယ်​လိုက်​ရတာလို့​ကြေငြာပါ တယ်​။ နိုင်​ငံ​ရေးကို နကန်းတလုံးမှမသိ​သေးတဲ့သူဆို​တော့ သတင်းစာထဲမှာပါတာ​တွေကိုဖတ်​ပြီး​ တော်​လှန်​​ရေး​ကောင်​စီကို သ​ဘောကျ​နေတာ​ပေါ့ဗျာ။ မကြာပါဘူး။ 7th July လို့ အမည်​တွင်​သွားတဲ့ အ​ရေး​အခင်းကြီး ​ပေါ်လာ​ပါ​တော့တယ်​။

အ​ရေးအခင်းဖြစ်​​နေတဲ့ ရန်​ကုန်​ တက္ကသိုလ်​နယ်​​မြေ ကျွန်​​တော်​နဲ့ စိမ်းမ​နေတဲ့​နေရာတခုပါ။ အ​ဖေက စ​နေ​နေ့ဆို တက္ကသိုလ်​ဝင်းထဲက ပဲခူး​ဆောင်​မှာ ဖဲသွားကစားပါတယ်​။ အ​ဆောင်​မှူးက စာ​ရေးဆရာ​ကျော်​​အောင်​ပါ။ မာလာ​ဆောင်​မှာလဲ အ​ဒေါ်တ​ယောက်​ရှိပါတယ်​။ က​လေးဆို​တော့ အ​ဆောင်​နည်းပြလုပ်​​နေတဲ့ အ​ဒေါ်အခန်းအထိ သွားခွင့်​ရတာ​ပေါ့။ တက္ကသိုလ်​လက်​​ရွေးစင်​​ဘောလုံးသမား​တွေကို စခန်း သွင်းထားတဲ့ တ​ကောင်း​ဆောင်​က​ ဘောလုံးဆရာငြိမ်း အိမ်​ကိုလဲ​ရောက်​ဘူးပါတယ်​။ ည​နေသတင်းစာဖြစ်​တဲ့ ကြယ်​နီ​နေ့စဉ်​သတင်းစာ​အော်​​ရောင်းတဲ့သူ​တွေက ရန်​ကုန်​တက္ကသိုလ်​သမဂ္ဂ ဗုံးခွဲခံရလို့ ပြိုကျသွားပြီဆိုပြီး​ အော်​​ရောင်းသံကိုကြားလိုက်​ရပါတယ်​။ အဖိုးက ချက်​ချင်းဝယ်​ဖတ်​ပါတယ်​။ လူကြီး​တွေက​တော့ သတင်းကြားပြီးသားဖြစ်​​နေမှာပါ။ သတင်းမှန်​​တွေကြားရတာပါ။ အခု​ခေတ်​လို​ ကောလဟာဠ သတင်းတွေ မဟုတ်​ပါ။

ခဏကြာ​တော့ အ​မေဇာတိမုဒုံက​နေ တက္ကသိုလ်​လာတက်​​နေကြတဲ့ အကိုကြီး​တွေ အထုတ်​အပိုး​တွေနဲ့​ ရောက်​လာပါ​တော့တယ်​။ စစ်​တပ်​က သေနတ်​နဲ့ပစ်​လို့​ ရေ​မြောင်းထဲမှာ ဆင်းပုန်း​နေရတယ်​လို့သိရပါတယ်​။ အဲဒီညမှာ ဗိုလ်​ချုပ်​ကြီး​နေဝင်းက ဓား ဓားချင်း လှံလှံချင်းဆိုတဲ့သူအတွက်​ သမိုင်းဝင်​သွားမဲ့မိန့်​ခွန်းကို​ ရေဒီယိုက​ပြောသွားတယ်​လို့ဆိုပါတယ်​။ ငယ်​သူမို့ သတင်းကို အာရုံစိုက်​နားမ​ထောင်​တတ်​​သေး​တော့ သမိုင်းဝင်​မိန့်​ခွန်းကြီးကို မကြားလိုက်​ရဘူးပါ့ဗျာ။ တက္ကသိုလ်​​တွေကိုပိတ်​လိုက်​လို့ ​ကျောင်းသား​တွေအိမ်​ပြန်​ကြရတာ​ကို​တော့ ပထမဆုံး​တွေ့ခဲ့ကြုံခဲ့ဘူးတာပါ။ နောက်​​တော့လဲ ခဏခဏကြုံဘူးလာပါ​တော့တယ်​။ အ​ဖေတို့က စစ်​အစိုးရလို့​ပြောလိုက်​ရင်​​​တောင်​ မကြိုက်​ပါဘူး။ ​တော်​လှန်​​ရေးအစိုးရ​ပေါ့ဗျာ။ အ​ဖေတို့က ဝန်​ကြီးလို့​ပြောရင်​မှား​နေပြီ။ တာဝန်​ခံပါလို့ပြန်​​ပြောလိုက်​ချင်​တယ်​။ ဆိုရှယ်​လစ်​စံနစ်​နဲ့ တိုင်းပြည်​ထူ​ထောင်​မယ်​ဆို​တော့ တအားသ​ဘောကျတာ​ပေါ့ဗျာ။ ဆိုရှယ်​လစ်​စံနစ်​နဲ့ အ​မေရိကန်​ကိုယှဉ်​ပြိုင်​နိုင်​​နေတဲ့ဆိုဗီ ယက်​ယူနီယံကို အားကျမိ​နေတဲ့အချိန်​နဲ့ ကိုက်​​နေတာ​ကြောင့်​ပါ။ အဲဒီကာလ​တွေတုံး ကမ္ဘာထိပ်​သီးအ​မေရိကန်​ကိုယှဉ်​နိုင်​တာ ဆိုဗီယက်​ယူနီယံပဲရှိတာပါ။ အာကာသစီမံကိန်းမှာ ယူရီဂါဂါရင်​ကို ပထမဆုံးလွှတ်​တင်​နိုင်​တာ ဆိုဗီယက်​​လေ။ လက်​နက်​ယှဉ်​နိုင်​တာဆိုဗီယက်​၊ အားကစားမှာ အ​မေရိကန်​ကို ဒုတိယ​နေရာပို့လိုက်​တာ ဆိုဗီယက်​ကွလို့ လက်​ဝဲသမား​တွေ ရင်​​ကော့​ပြောနိုင်​ခဲ့တဲ့အချိန်​ကာလပါ။ အရင်းရှင်​လူတန်းစားကို အမြင်​ကပ်​တဲ့အ​တွေး​တွေကို  စတွေးမိလာပါပြီ။

လူတန်းစားမခွဲခြားဘဲ လူအားလုံး အခွင့်​အ​ရေးတန်းတူဖြစ်​မဲ့စံနစ်​ဆို​တော့ သ​ဘောကျတာ​ပေါ့။ လယ်​လုပ်​သူ လယ်​ပိုင်​ရမယ်​၊။ လယ်​ယာ သမဝါယမ​တွေ၊ စက်​ရုံသမဝါယမ​တွေဖွဲ့မယ်​ဆို​တာ​တွေကို သတင်းစာ၊​ ရှေ့သို့စာ​စောင်​​တွေမှာဖတ်​ရ​တော့​ ကောင်းလိုက်​တဲ့ဆိုရှယ်​လစ်​ စံနစ်​လို့ အထင်​ကြီးခဲ့မိပါတယ်​။ ပြည်​သူပိုင်​​တွေသိမ်း​တော့လည်း မှန်​တယ်​လို့ထင်​မိပြန်​တယ်​။ အုပ်​ချုပ်​​ရေးစံနစ်​အဖြစ်​ သူကြီး​တွေ​နေရာ မှာ ငါးဦး​ကော်​မီတီစံနစ်​ကို​ပြောင်းခဲ့လိုက်​ပါတယ်​။ ကော်​မီတီဝင်​​တွေလည်း မသက်​သာရပါဘူး။ ဆန်​​ဝေရ၊ ဆီ​ဝေရ၊ အဲဒီတုံးက​ ခေတ်​စားတဲ့ တက်​ထရွန်​​ဝေရ၊ ကြက်​သွန်​၊ ငရုတ်​သီး​တောင်​​ ဝေ​ပေးရတာဗျာ။
နောက်​မှ ပြည်​သူဆိုင်​​တွေ​ပေါ်လာပြီး တပတ်​ကို ဆန်​(၆) ပြည်​၊ ဆီနှစ်​ဆယ်​သား၊ ဆား (၁၀) သား၊ ကြက်​သွန်​ (၂၅) သား စသဖြင့်​​ ဝေ​​ပေးတာကို သွားယူရပါတယ်​။ ဝေ​ပေးတဲ့ဆိုလို့ အခမဲ့မထင်​ပါနဲ့။ ကိုယ်​ပိုက်​ဆံနဲ့ကိုယ်​ ဝယ်​ရတာပါ။ တခါတ​လေ အတွဲနဲ့ဝယ်​ရတာ​တွေ ရှိတတ်​ပါ​သေးတယ်​။ သကြားလိုချင်​ရင်​ မီးချစ်​ဘူးနဲ့တွဲဝယ်​ရပါတယ်​။ ဆီဝယ်​တဲ့သူတိုင်း ပုတ်​စပြု​နေတဲ့ကြက်​သွန်​ကို ဝယ်​ရပါတယ်​။ အဆိုးဆုံးအချိန်​က​တော့ ရာတန်​​ငွေစက္ကူ​တွေကို တရားမဝင်​​ကြေငြာလိုက်​တာပါပဲ။ ပြည်​သူ​တွေဒုက္ခ​ရောက်​​နေသလို အစိုးရအဖွဲ့အထဲ မှာလဲ ပြဿနာ​ပေါင်းစုံနဲ့ပါ။

ဒုဥက္ကဠဖြစ်​တဲ့ ဗိုလ်​မှူးချုပ်​​အောင်​ကြီးကို တာဝန်​ကအနား​ပေးလိုက်​ပါတယ်​။ ရာတန်​ဖျက်​သိမ်းတဲ့ကိစ္စနဲ့ပတ်​သက်​ပြီး ပါတီရဲ့အ​ထွေ​ထွေ အတွင်း​ရေးမှူး၊ ပြန်​ကြား​ရေးနဲ့ ယဉ်​​ကျေးမှုဝန်​ကြီးတာဝန်​ခံလုပ်​​နေတဲ့ ဗိုလ်​မှူးကြီး​စောမြင့်​ကို အ​ရေးယူလိုက်​တာ​တွေ ဆက်​တိုက်​ဖြစ်​လာ ပါ​တော့တယ်​။ သတင်းစာတိုက်​​တွေ၊ ရုပ်​ရှင်​ရုံ​တွေအားလုံးကို ပြည်​သူပိုင်​သိမ်းပစ်​လိုက်​ပြန်​ပါတယ်​။ မြန်​မာဆိုရှယ်​လစ်​လမ်းစဉ်​နဲ့ မြန်​မာ စီးပွား​ရေးလမ်းစဉ်​ဆို​သောစကားလုံး​တွေ စတွင်​ကျယ်​လာပါ​တော့တယ်​။ ထုံးစံအတိုင်း ပါတီတခုစတည်​​ထောင်​ပါက အင်​မတန်​ယုံကြည်​သူ​တွေနဲ့ လူလည်​​တွေက ပထမဆုံး​လျှောက်​လွှာတင်​ကြတာ​ပေါ့ဗျာ။ နောက်​ပိုင်း ပါတီဝင်​မှအလုပ်​ရမယ်​၊ ရာထူးတိုးမယ်​စတဲ့အချက်​​တွေ​ကြောင့်​ ပါတီဝင်​အ​ရေအတွက်​ တိုးလာပါ​တော့တယ်​။ ပါတီမဝင်​တဲ့သူ​တွေကိုလဲ အထဲမှာ​နေမလား အပြင်​မှာ​နေမလားဆိုတဲ့စကားလုံး​လေးနဲ့ ချုပ်​ကိုင်​ပြီး ပါတီဝင်​အင်​အားတိုး​အောင်​လုပ်​ခဲ့ကြပါတယ်​။

လူငယ်​​တွေကိုလည်း​ တေဇလူငယ်​၊​ ရှေ့​ဆောင်​လူငယ်​နဲ့ လမ်းစဉ်​လူငယ်​ဆိုပြီး အသက်​အပိုင်းအခြားအရအဖွဲ့အစည်း​တွေဖွဲ့ကာ သင်​တန်း​တွေ​ပေးကာ စည်းရုံးခဲ့ပါတယ်​။ ဆိုဗီယက်​ယူနီယံက Kosomo လူငယ်​အဖွဲ့ကို အင်​မတန်​သ​ဘောကျ​နေတဲ့ ကျွန်​​တော်​ လမ်းစဉ်​လူငယ်​မှာ အမည်​စာရင်းသွင်းလိုက်​ပါ​တယ်​။ ဘဝမှာ ပထမဆုံးနိုင်​ငံ​ရေးအဖွဲ့အစည်းကိုဝင်​ခဲ့မိတာပါ။ ပါတီဥက္ကဠဆိုသူ၊ ယူနစ်​​ကော်​မီတီ ဝင်​ဆိုသူ​တွေနဲ့ စကား​ပြောမိ​တော့မှ​ နေရာရဘို့အလုပ်​လုပ်​ပြ​နေသူ​တွေဆိုတာကို သိလာမိ​တော့တယ်​။ ဒီအချိန်​မှာ ဆန်​ပြဿနာက​နေ ဆင်​မလိုက်​သ​င်္ဘောကျင်းက အလုပ်​သမားပြဿနာ​ပေါ်လာပါတယ်​။ ဆန်​ကိစ္စကို​ကြောင်းပြုပြီး တရုတ်​- မြန်​မာအ​ရေးအခင်းကို အစိုးရ အဖန်​တီးဘူးတာ​ကြောင့်​ လူထုက အစိုးရကို အ​ကောင်းမမြင်​​တော့တဲ့ကာလ ​ရောက်​​နေပါပြီ။ ​ကျောင်းသား​တွေကလဲ ကုလသမဂ္ဂအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသန့်​ဈာပနကိစ္စကိုအ​ကြောင်းပြုပြီး အစိုးရကိုမ​ကျေနပ်​ဖြစ်​​နေတဲ့အချိန်​ပါ။ ဆက်​တိုက်​ဖြစ်​လာတဲ့ အ​ရေးအခင်းက​တော့ သခင်​ကိုယ်​​တော်​မှိုင်းအ​ရေးအခင်းပါ။ တက္ကသိုလ်​စာ​မေးပွဲ​တွေကို မြို့နယ်​​တွေမှာ​ဖြေခဲ့ရပါတယ်​။ ​မေးခွန်းမှာ အ​ရှေ့ဘက်​က ရန်​ကုန်​တက္ကသိုလ်​က ​ကျောင်းသားများအတွက်​ဖြစ်​ပြီး ​နောက်​ဘက်​က ပုသိမ်​​ကောလိပ်​က​ကျောင်းသားများအတွက် မေးခွန်းဖြစ်​ပါတယ်​။ ရန်​ကုန်​ကမြို့နယ်​တခုမှာလာ​ဖြေ​နေတဲ့ ပုသိမ်​က​ကျောင်းသား အဆင်​​ပြေ​ပြေ​ဖြေနိုင်​​အောင်​ စီစဉ်​​ပေးထားတာပါ။ ပိုအဆင်ပြေတာကရန်​ကုန်​က​ကျောင်းသားက မှားပြီး ပုသိမ်​​မေးခွန်းကို​ဖြေခဲ့ရင်​လည်း အမှတ်​ချစ်​ အ​အောင်​​ပေးခဲ့တာပါပဲ။ ပညာ​ရေးစံနစ်​ က​မောက်​ကမ ဖြစ်​လာပြီလို့​ ပြောနိုင်​ပါတယ်​။ ​ကျောင်းသား​တွေကို လူစုခွဲတဲ့အ​နေနဲ့ စမ်းသပ်​ပညာ​ရေးစံနစ်​တခုကို ပညာ​ရေးဝန်​ကြီးအသစ်​က တီထွင်​လိုက်​ပြန်​ပါတယ်​။ ဒေသအလိုက်​​ကောလိပ်​​တွေဖွင့်​လိုက်​တဲ့​ ဒေသ ကောလိပ်​စံနစ်​ပါ။ တိုင်းနဲ့ပြည်​နယ်​တိုင်းမှာ နှစ်​နှစ်​သင်​​ကောလိပ်​​တွေဖွင့် လိုက်​တာပါ။ နေရာမရှိ​တော့ အထက်​တန်း​ကျောင်း​တွေမှာ ဖွင့်​ကြတာများပါတယ်​။ တိုင်းကြီး​တွေက နှစ်​​ကျောင်း​ဖွင့်​ခဲ့သလို တ​ကျောင်း​တောင်​ အနိုင်​နိုင်​ ဖွင့်​ရတဲ့တိုင်း​တွေလဲရှိပါတယ်​။ လုံးဝမဖွင့်​နိုင်​တဲ့ ပြည်​နယ်​​တွေလဲရှိပါ​သေးတယ်​။ အရင်​က​ နောက်​ဆုံးနှစ်​အထိ​ လေးနှစ်​သင်​တန်း​တွေရှိခဲ့တဲ့​ မော်​လမြိုင်​​ကောလိပ်​၊ ပုသိမ်​​ကောလိပ်​၊ မ​ကွေး​ကောလိပ်​​တွေကို​တော့ ဒီဂရီ​ကောလိပ်​ဆိုပြီး အမည်​​ပြောင်းလိုက်​ပါ​တော့တယ်​။ ​ကျောင်းအသစ်​​တွေဖွင့်​​တော့ ဆရာအသစ်​​တွေလိုလာတာ​ပေါ့ဗျာ။ ဘွဲ့ရ​တွေထဲက မဟာအတန်းတက်​ရန်​အဆင့်​မှီသူ​တွေ​လျှောက်​ကြသလို၊ သာမန်​ဘွဲ့ပဲရတဲ့ပါတီဝင်​​တွေလည်း​ လျှောက်​ကြတယ်​။ ပထမ​ ရေး​ဖြေ​ ဖြေရပါတယ်​။

နောက်​တဆင့်​က လူ​တွေ့အင်​တာဗျူး​ပေါ့ဗျာ။ ပြဿနာက ကျွန်​​တော်​က ပါတီ်​ဝင်​မဟုတ်​ဘူး။ အလုပ်​က ပါတီမဝင်​ထားရင်​ မခန့်​ဘူး။ ဒီ​တော့ ပါတီမိတ်​​ဆွေဆိုတာ​ လျှောက်​ရတယ်​။ ပိုက်​ဆံ​ပေးလိုက်​​တော့ နံပါတ်​တခုရတာ​ပေါ့ဗျာ။ ဒီနံပါတ်​က လူတ​ယောက်​ရဲ့ဘဝကို​ပြောင်း လဲ​စေနိုင်​တာကို သင်​ခန်းစာရလိုက်​ပါတယ်​။ ပညာ​တွေအင်​မတန်​​တော်​တဲ့သူ​တွေ ဒီလိုနံပါတ်​မရှိတာ​ကြောင့်​ သူတို့ရဲ့ပညာ​တွေ အလ ကားဖြစ်​သွားသူ​တွေ အများကြီးပါ။ အင်​တာဗျူးမှာ ပညာရပ်​ဆိုတာ လုံးဝမ​မေးပဲ ပါတီဝင်​ထားသလားဆိုတာကို စ​မေးပါ​တော့တယ်​။ တက္ကသိုလ်​​ကောလိပ်​​တွေမှာ စာသင်​မဲ့သူ​တွေကို အဆင့်​မြင့်​စာ​ပေ​ရေးရာ​တွေကို မ​မေးပဲ မဆိုင်​တာ​တွေ​မေး​နေသူတွေက ပညာ​ရေးက ပါ​မောက္ခချုပ်​​တွေ၊ ပါ​မောက္ခ​တွေဖြစ်​နေတာက စိတ်​မ​ကောင်းစရာပါ။ အလုပ်​ဝင်​ပြီး မကြာခင်​မှာ ​ကျောင်းသားတ​ယောက်​ ကားတိုက်​ခံရပြီးဆုံးသွားတာကိုအ​ကြောင်းပြုပြီး ​ကျောင်းသားဆူပူမှု​လေးဖြစ်​လာပါတယ်​။ ​ကျောင်းသား​တွေက ကားကိုမီးရှို့ပစ်​မယ်​လုပ်​​နေပါတယ်​။ ကျွန်​​တော်​က မီး​ကြောင့်​ ရပ်​ကွက်​ပါ​လောင်​သွားနိုင်​တယ်​။ ဘာဖြစ်​ချင်​သလဲ​ပြောပါဆို​တော့ အသုဘကို စည်​စည်​ကားကားလုပ်​ချင်​တယ်။ ကား​မောင်းသူကို ဥပ​ဒေအရအ​ရေး​ပေးပါလို့​ တောင်းဆိုပါတယ်​။ အဲဒီအချိန်​မှာ တာဝန်​ရှိသူဆိုတဲ့ပုဂ္ဂိုလ်​​တွေ အစီအရီ​ရောက်​လာပြီး လုပ်​​ပေးနိုင်​တာ​တွေကို စီစဉ်​​ပေးသွားပါတယ်​။ အသုဘကို ရွာဟိုင်းသုသာန်​မှာချပြီး​ နောက်​တပတ်​​လောက်​မှာ ဆရာ​တွေကို ဂုဏ်​ပြုချင်​လို့ ဆိုကာ ဆရာတ​ယောက်​က ပါတီဝင်​နံပါတ်​လာ​မေးပါတယ်​။ ကျွန်​​တော်​က နံပါတ်​မရှိဘူးဆို​တော့​ တော်​​တော်​အံသြသွားပုံဖြစ်​သွားပါတယ်​။ ပါတီတာဝန်​ကို​ မေးပြန်​ပါတယ်​။ ကျွန်​​တော်​က ပါတီမိတ်​​ဆွေရဲ့သူငယ်​ချင်းပါလို့​ နောက်​​ဖြေလိုက်​ပါတယ်​။ ပါတီတာဝန်​ကို​ နောက်​​ပြောင်​ခြင်းမလုပ်​ပါနဲ့ဆိုပြီး သတိ​ပေးခံရပါတယ်​။ တကယ်​ဂုဏ်​ပြုပွဲလုပ်​​တော့ ကျွန်​​တော့်​ကို မဖိတ်​​တော့ပါဘူး။ သွေးဆူ​နေလို့​ မ​ကျေမနပ်​နဲ့​အော်​​နေတဲ့​ကျောင်းသား​တွေကို​ လေသာ​ဆောင်​က​ နေခိုးကြည့်​​နေတဲ့သူ​တွေက ငြိမ်းချမ်းစွာပညာသင်​ကြား​ရေးအတွက်​ ဆူပူမှုမဖြစ်​​အောင်​ကူညီ​ဆောင်​ရွက်​သူ​တွေအဖြစ်​ ဂုဏ်​ပြုခံ​နေကြပါတယ်​။ ကျွန်​​တော့်​အတွက်​ နိုင်​ငံ​ရေးလုပ်​စား​နေတဲ့ လူတန်းစားကို ပထမဆုံး​တွေ့ကြုံ ခဲ့ရတာပါ။
  
(ဆက်ပါဦးမည်)