ဘဝသစ်ရောက်ဖို့ သတ္တိလိုတယ်
တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်)
၂၀၁၄ ခုနှစ်၊ မေလ ၂ ရက်နေ့ဆိုလျှင် ဒီချုပ်ပါတီအမတ်များ ပြည်ထောင်စုလွှတ်တော်၌ ကျမ်းသစ္စာတော်ကျိန်ဆိုခဲ့သည်မှာ ၂ နှစ်တင်းတင်းပြည့်မြောက်ပေတော့မည်။
ဤ ၂ နှစ်တာကာလအတွင်း လွှတ်တော်တွင်း၌ ဘာတွေဆောင်ရွက် အကောင် အထည်ဖော်နိုင်ခဲ့သည်/ မဖော်ဆောင်နိုင်ခဲ့ သည်များ ကို ပြန်လည် ဆန်းစစ် သုံးသပ်ပြီး ပြည်သူလူထုထံတင်ပြ အစီရင်ခံသင့်ပေသည်။
ထိုစဉ်က ကျမ်းကျိန်ရေးနှင့်ပတ်သက်ပြီး အခြေအတင်ဖြစ်ခဲ့ကြသည်။ “လေးစားလိုက်နာလော”/ “ထိန်းသိမ်းကာကွယ်စောင့် ရှောက်လော” စသဖြင့်။ အဆုံးတွင် ပြည်သူလူထုဆန္ဒ၊ မဟာမိတ်များ၏ဆန္ဒ၊ ကျွန်မလစ်ဟင်းချက် တို့ကို ရောသမမွှေပြီးနောက် “၂၀၀၈ အခြေခံဥပဒေ”ကို “ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်” ဟု ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပေသည်။
“တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” ဘယ်သောင်ဘယ်ကမ်းဆိုက်နေပြီလဲ ဆိုသည်ကို ဒီချုပ်ပါတီနှင့်ဒီချုပ်အမတ်များသည် ပြည်သူလူထုထံပွင့်လင်းရိုးရှင်းစွာ အစီရင်ခံသင့်ပါသည်။ အခက်အခဲအတားအဆီးတွေ၊ အနှောင့်အယှက်၊ အပိတ်အဆို့တွေကို မည်သူတွေက မည်သည့်ပုံစံနည်းလမ်းတွေနဲ့လုပ်ဆောင်နေကြသည်။ မည်သို့ကြုံတွေ့ရင်ဆိုင်နေ ရသည်။ မည်သို့ကျော်ဖြတ်မှဖြစ်မည် စသဖြင့် ပြည်သူထုထံအသိပေးတင်ပြဖို့လိုမည်။ ဘယ်လမ်းရွေး၍ ဘယ်နည်း ချီတက်သင့်သလဲ ဆို သည်လည်းကို ပြည်သူလူထုထံမှ အကြံဉာဏ်တောင်းယူသင့်ပေသည်။
ကျနော့်အမြင်တွင်မူ ဒီချုပ်လုပ်ကိုနေသမျှ နည်းလမ်းများသည် ကျားသနားမှ နွားချမ်းသာမည့်နည်းလမ်းမျိုးသာဖြစ်နေသည်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း ကြံ့ဖွံ့သမ္မတ(ဗိုလ်)ဦးသိန်းစိန်၊ အမတ်ချုပ်(ဗိုလ်) ဦးရွှေမန်းနှင့် ကာချုပ် ဗိုလ်မင်း အောင်လှိုင်တို့ အပေါ်မူတည်နေသည်။ သူတို့ ၃ ဦးကလည်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို အခြေခံဥပဒေဘောင် ထဲကသာ (အခန်း ၁၂ ပြဋ္ဌာန်းချက်များအတိုင်း) သူတို့ပြင်ဆင်လိုသလောက်သာပြင်ပေးမည်ဟု ပြတ်ပြတ်သားသားတိတိလင်းလင်းပြောထားပြီး ဖြစ်သည်။ ထို့အပြင် ယင်းတို့၃ ယောက်ထဲသို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်တင်အေးက ဝင်၍ အားဖြည့်ထားသေးသည်။
၎ ပွင့်ဆိုင်တွေ့ရေးဆိုသည်မှာလည်း အလားတူပင်။ အခိုက်အတန့်ကာလလေးတစ်ခုတွေ့ဆုံရပြီးနောက် “ယုံကြည်ရပါသည်” ဟုဆိုသောသမ္မတကြီးသည်လည်း သွေဖီစိမ်းကားနေရက်သည်။ “ဖြောင့်မတ်သည်” ဟုမြင်သည်ဆိုသော နာယကကြီးကမူ စဉ်းလဲသော အပြုံး၊ ကွေ့ကောက်သောစကားလုံးတို့ဖြင့် ကလူ၏သို့ မြှူ၏သို့ လုပ်နေသည်။ “သတ္တိရှိတဲ့ စစ်သားတစ်ယောက်ပဲလိုပါတယ်” ဟု ဘယ် လိုပင်ဆိုခဲ့သော်လည်း ဖေဖေ့တပ်မတော်ကြီးထဲမှ စစ်သားတစ်ယောက်ဖြစ်သည့် ကာချုပ် ဗိုလ်မင်းအောင်လှိုင်ကမူ မတ်လ ၂၇ ရက်နေ့ ပြောကြားချက်တွင်သူ၏ သူရသတ္တိကိုထုတ်ဖော်ပြခဲ့ပေပြီ။
သို့ဖြင့်ဒီချုပ်လျှောက်သောလမ်းမှန်သမျှပိတ်ဆို့ခြင်းခံနေရပေသည်။ ထိုသို့ပိတ်ဆို့ခံလိုက်ရတိုင်း ဒီချုပ်ပါတီကလည်း မူတစ်ခု၊ လုပ်ဟန်တစ်ခုကဲ့သို့ ပြန်ပြီးခွေဝင်သွားတတ်စမြဲဖြစ်သည်။ စကားနည်းရန်စဲ မူပေလော။ အားမတန်၍မာန်လျှော့ရသည့် လုပ်ဟန်လော။
ထိုသို့သောအခြေအနေတွင် အရေးတော်ပုံတပ်တော်ဦးကတပ်မှူးကြီး ဦးဝင်းတင်သည်လည်း သဘာဝမိခင်၏ ခေါ်ဆောင်ခြင်း နောက်သို့ ပြတ်ပြတ်သားသားကြီးလိုက်ပါသွားခဲ့ပြန်သည်။
ဦးဝင်းတင်နောက်ဆုံးခရီး၌ ဦးဝင်းတင်အပေါ်လေးစားချစ်ခင်ကြသည့်၊ တန်ဖိုးထားကြသည့် ဖော်ပြချက်များကို အားရဝမ်းသာ ဖွယ်မြင်တွေ့ရပါသည်။ ဝမ်းနည်း ဝမ်းသာဟု ဆိုပါရစေ။ ဦးဝင်းတင်ဈာပနကိုလိုက်ပါပို့ဆောင်ကြသည့် အရေအတွက် ကိန်းဂဏန်းကို သိန်းဂဏန်းပမာဏရှိသည်ဟုဖော်ပြကြသည်ကိုလည်း သတိပြုမိပါသည်။ ယင်းအရေအတွက်ထဲတွင် ဦးဝင်းတင်ကို လူပုဂ္ဂိုလ်အရနှင့် သူရပ်တည်ယုံကြည်သည့်မူအရပါ လေးစားချစ်ခင်ကြသည့် အချိုးအစားပမာဏမည်မျှ ရှိမလဲ ဆိုသည့်အချက်ကိုလည်း တွက်ချက်နေမိ ပါသည်။
အရေအတွက်သည်အရေးကြီးသည်မဟုတ်ပါသလော။ အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲနိုင်သလို၊ အရည်အချင်း ကလည်း အရည်အတွက်ကို တဖန်ပြန်လည်တိုးပွားစေနိုင်သည်မဟုတ်ပါသလော။
အမြင်သာဆုံးဘောလုံးပွဲ၌ ဂိုးအရေအတွက် အများဆုံးသွင်းနိုင်သည့်အသင်းသည် အနိုင်ရသူဖြစ်သည်မဟုတ်လော။
ထိုနည်းတူပင်ပါလီမန်နိုင်ငံရေး၏လွှတ်တော်စင်မြင့်၌လည်း အရေအတွက်သည် အရေးပါသည်။ ပါလီမန်လွှတ်တော်၏ မည်သည့် အဆုံးအဖြတ်ကိုမဆို (ထောက်ခံ/ကန့်ကွက်သည့်) မဲအရေအတွက်ပမာဏများသည့်ဘက်ကသာအနိုင်နှင့် အဆုံးအဖြတ်ပြုသည် မဟုတ်ပါလော။
ရွေးကောက်ပွဲများတွင်လည်းအလားတူပင် ပြည်သူ့ဆန္ဒမဲ အရေအတွက်အများဆုံးရသည့် ပါတီ/လူပုဂ္ဂိုလ်သည်သာအောင်ပွဲခံ သည်/ အနိုင်ရသည်မဟုတ်ပါလား။ ဒီမိုကရေစီ၏ အခြေခံမူမှာ အများစု၏ဆန္ဒသဘောထားအဆုံးအဖြတ်ဖြစ်ပါသည်။
ဒီချုပ်ပါတီသည် လွှတ်တော်တွင်း၌ သူ၏ အမတ်အရေအတွက် ပမာဏသည် အရေအတွက်နည်းလှသည်။ ၁၀၉ ဦးကော်မတီ ၌လည်း အနည်းစု၊ ၃၁ ဦးကော်မတီ၌လည်းအနည်းစုဖြစ်မြဲဖြစ်သည်။ သို့ဖြင့် လွှတ်တော်တွင်းနိုင်ငံရေး၌ ဒီချုပ်လှုပ်ရှားမှုသည် ကြံ့ဖွံ့ပါတီ အတွက် “စည်းကမ်းရှိသောဒီမိုကရေစီအဖြည့်ခံကလေး” သာဖြစ်နေတော့သည်။ ကြံ့ဖွံ့အမတ်များရာ၏ အနိုင်ကျင့်မှုကို အောင့်သက် သက်ဖြင့်ကြိတ်ခံနေရသည်။ မခံ၍လည်းမရ“ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်”ဟု ကျမ်းသစ္စာကျိန်ဆိုထားခဲ့သည်မဟုတ်ပါလား။ ဘယ်သူ မပြုမိမိမှုဟုဆိုလျှင်လွန်အံ့မထင်ပါ။ ဝင်လမ်းရှိလျှင်ထွက်လမ်းရှိစမြဲ။ အရေအတွက်ကို အရေအတွက်ဖြင့်သာ စကားပြောရပေ လိမ့်မည်။
အင်အားဆိုသည်မှာ အရေအတွက်အစုအပေါင်း၏ ပမာဏပင်မဟုတ်ပါလား။ ပြည်သူလူထု၏ညီညွတ်သော အရေအတွက်ကို အဘယ် အစိုးရသည် ခံနိုင်အံ့သနည်း။ စည်းလုံးညီညွတ်သော ပြည်သူ့အင်အားဖြင့် ကြံ့ဖွံ့အစိုးရကို အံတုရလိမ့်မည်။ အခြားနည်းလမ်း မရှိပါ။ တွေဝေမနေသင့်ပါ။ ပြည်သူလူထုကိုရဲရဲရှေ့ဆောင်ဖို့လိုပါသည်။ ခေါင်းဆောင်သည်သတ္တိရှိဖို့လိုပါသည်။ခေါင်းဆောင်သည် လူထု ကိုမုချဦးဆောင်ရမည်။ သတ္တိရှိသောခေါင်းဆောင်၏ ပြတ်သားသောဦးဆောင်မှုနောက်သို့ ပြည်သူများသည် တညီတညွတ်တည်းလိုက် ပါ ချီတက်ကြမည်သာဖြစ်သည်။
ဤနည်းလမ်းဖြင့်သာ ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းကို ရဲရဲလျှောက်နိုင်လိမ့်မည်။ ပြည်သူများ၏ ဒီမိုကရေစီခေတ်သစ်ကို လည်း တည်ဆောက်အကောင်အထည်ဖော်နိုင်ပါလိမ့်မည်။
ကွယ်လွန်သွားရှာသူ ဦးဝင်းတင်က “သူ့မှာတမ်းသဖွယ်” ဤသို့ ပြောခဲ့ဖူးပါသည်။
“ဘာမှမဖြစ်တဲ့ ဒီ စစ်တပ်ကခင်းတဲ့ လမ်းကို ကျွန်တော်တို့ ဆက်လျှောက်ရင်ရော ဘာဖြစ်မလဲ။ သမိုင်းတရားခံဖြစ်တာပဲရှိ မယ်။ နိုင်ငံရေးဘဝသစ်ကိုရောက်ဖို့ ကျွန်တော်တို့ သတ္တိရှိဖို့လိုနေပြီ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သိက္ခာ၊
နိုင်ငံရေးသိက္ခာ
နိုင်ငံရဲ့သိက္ခာ
လူသားများရဲ့ သိက္ခာတို့ကို မြှင့်တင်ပေးခဲ့တဲ့ ဆရာဦးဝင်းတင် အား ကျနော်တို့သည် (အပြောတွေ/အပြတွေ/အပြာရောင်ဝတ် ဆင်ပြရုံမျှမဟုတ်ဘဲ) လက်တွေ့လုပ်ဆောင်မှုဖြင့် ဦးညွတ်ဂါရဝပြုကြပါစို့။ အထိမ်းအမှတ်ပြုကြပါစို့။