ဟော်လန်အမျိုးသမီးတစ်ယောက်ရဲ့ ခွင့်လွှတ်ခြင်း ကျင့်စဉ်
အရှင်စန္ဒိမာ (မွန်စိန်တောရ) ၊ ဇွန် ၂၉ ၊ ၂၀၁၄
7Day Daily မှာပါတဲ့ ဆရာ မောင်သာချိုရဲ့ “ဂျော့ဘားနတ်ရှော၊ ဗန်းမော်တင်အောင်မှသည် ၀န်ကြီး ဦးအောင်မင်းအထိ” (http://www.7daydaily.com/story/14222#.U63f1o1dVbw) ဆောင်းပါးမှာ ဆရာ မောင်သာချိုက “၀န်ကြီး ဦးအောင်မင်းကို ကျွန်တော်အပြစ်မမြင်ရက်ဘူး” လို့ ဆောင်းပါးကို နိဂုံးအုပ်ထားပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေး ထိတွေ့ဆက်ဆံနေရတဲ့ ဝန်ကြီး ဦးအောင်မင်းဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ စိတ်ရင်းစေတနာနဲ့ အပြုသဘောဆောင်တဲ့ စကားကို ပြောခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ တစ်ချိန်တည်းမှာ သူပြောခဲ့တဲ့ စကားကြောင့်ပင် စစ်ခေါင်းဆောင်များရဲ့ ငြိုငြင်တာ ခံရမှာကို စိုးရိမ်စိတ်နဲ့ တောင်းပန်စကား ပြောခဲ့ရတာကို ထောက်ရင် စစ်အာဏာရှင်တွေရဲ့ အရှိန်အဝါနဲ့ ဒေါသအာဃာတကိုလည်း ရိပ်စားမိနိုင်ပါတယ်။
မိမိအနေနဲ့လည်း တစ်နိုင်ငံတည်းသား တိုင်းရင်းသားညီအကိုအချင်းချင်းနဲ့ တိုက်ရတဲ့ ပြည်တွင်းစစ်မှာ ဗမာ့တပ်မတော်သားတွေကို သူရဲကောင်းဘွဲ့တွေ ပေးတာဟာ မှန်ကန်တဲ့လုပ်ရပ်အဖြစ် မယူဆခဲ့ပါဘူး။ ဒါကြောင့် ဝန်ကြီး ဦးအောင်မင်း တောင်းပန်တဲ့သတင်းကို ကြားရစဉ်က အခြေအနေအချိန်အခါအရ သူတောင်းပန်နေရပေမယ့် သူပြောခဲ့တဲ့ စကားဟာ မမှားဘူးလို့ တွေးနေခဲ့ပါတယ်။
ယခု ဆရာ မောင်သာချိုပြောပြတဲ့ ဆရာ ဗန်းမော်တင်အောင်ဝတ္တုမှ အကြောင်းအရာကို ပြန်စဉ်းစားရင်း နားထောင်ခဲ့ဖူးတဲ့ သြစတြေးလျ သီလရှင် Ajahn Sister Vayama ရဲ့ Forgiveness လို့ အမည်ပေးထားတဲ့ ဟောတရားထဲမှ story တစ်ပုဒ်ဆီကို အတွေးရောက်သွားပါတယ်။ story က ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ Ajahn Sister Vayama ပြောပြတဲ့ story ကို ယခုလို နားလည်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဟော်လန်အမျိုးသမီးငယ်တစ်ယောက်ဟာ ဂျူးတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေကို အကူအညီပေးရတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့ တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ထိုအချိန်က ဟော်လန်နိုင်ငံ (ယခုအခေါ် နယ်သာလန်နိုင်ငံ)ဟာ ဂျာမနီလက်အောက် ကျရောက်နေပါပြီ။ သူမဟာ တာဝန်အရ ရန်သူဂျာမန်တွေနဲ့ ဆက်ဆံပြီး သတင်းထောက်လှမ်းရတဲ့ စပိုင်အလုပ်ကို လုပ်ရပါတယ်။ ထိုတာဝန်ကို ထမ်းဆောင်ရင်း သူမဟာ ဂျာမန်စစ်သားတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ အဆိုပါ ဂျာမန်စစ်သားနဲ့ အလုပ်သဘောအရ ဆက်ဆံရာမှ သူမဟာ ရန်သူဖြစ်တဲ့ ထိုဂျာမန်စစ်သားနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။
တစ်ညမှာ ထိုဂျာမန်စစ်သားဟာ သူမကို တွေ့ဆုံဖို့ သူမရဲ့ အိမ်ကို တိတ်တဆိတ် သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အိမ်မှာ အခြားမြေအောက်တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့ ပုန်းအောင်းနေတာကို သူ မြင်တွေ့သွားခဲ့ပါတယ်။ ဂျာမန်စစ်သားက ထိုအကြောင်းကို ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ကြောင်း သူမကို ကတိပေးပါတယ်။ သူမဟာ နှလုံးသားရေးရာနဲ့ စစ်ကာလအတွင်း နိုင်ငံအတွက် အရေးကြီးတဲ့ အလုပ်တာဝန် နှစ်ခုကြားမှာ ဗျာများခဲ့ရပါတယ်။ တစ်ခုခုကို ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အခြေအနေ ရောက်လာခဲ့ပါတယ်။ သို့သော် သူမ လုပ်နေရတဲ့ မြေအောက်တော်လှန်ရေးလုပ်ငန်းရဲ့ သဘောသဘာဝအရ သူမအတွက် အခြားရွေးချယ်စရာ မရှိတော့ပါဘူး။ သူမရဲ့ လုပ်ဖေါ်ကိုင်ဖက်ဖြစ်ကြတဲ့ မြေအောက်တော်လှန်ရေးရဲဘော်တွေရဲ့ အသက်လုံခြုံရေးနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေအပေါ် သစ္စာစောင့်သိမှုကို သူမ ဦးစားပေးခဲ့ရပါတယ်။ ရန်သူလည်းဖြစ်၊ ချစ်သူရည်းစားလည်းဖြစ်တဲ့ ဂျာမန်စစ်သားကို သတ်ဖို့ သူမ ဆုံးဖြတ်ခဲ့ရပါတယ်။ သူမ ကိုင်ထားတဲ့ သေနက်နဲ့ ဂျာမန်စစ်သားကို သတ်ခဲ့ပါတယ်။ ထိုအချိန်မှ စပြီး သူမဟာ ကြီးမားတဲ့ စိတ်ဆင်းရဲမှု ဝေဒနာကို ခံစားနေခဲ့ရပါတယ်။
သူမဟာ နောက်ပိုင်းမှာ ဂျာမန်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ညှင်းပန်းတာကို ခံခဲ့ရပါတယ်။ သူမဟာ စစ်ကြီးအပြီးမှာ အသက်ရှင်ခဲ့ပေမယ့် ရှည်လျှားတဲ့ အိပ်မက်ဆိုးတွေက သူမကို နှိပ်စက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမ ခံစားနေရတဲ့ စိတ်ဆင်းရဲမှု ဝေဒနာကို ကုစားနိုင်မယ့် တစ်ခုသော နည်းလမ်းကို သူမ တွေ့လာခဲ့ပါတယ်။ သူမဟာ ဂျာမနီမှာ ရှိတဲ့ ထိုဂျာမန်စစ်သားရဲ့ မိဘထံကို ပုံမှန် ငွေပို့ခဲ့ပါတယ်။ အကယ်၍ သူသာ အသက်ရှင်နေခဲ့မယ်ဆိုရင် သူ့ရဲ့ မိဘနှစ်ပါးကို သူကိုယ်တိုင် ပြုစုစောင့်ရှောက်နေလိမ့်မယ်ဆိုတာကို သူမ နားလည်သဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့် သူမဟာ သူ့ချစ်သူဟောင်း ဂျာမန်စစ်သားရဲ့ ကိုယ်စား ဂျာမန်စစ်သားရဲ့ မိဘနှစ်ပါးကို ကြည့်ရှုစောင့်ရှောက် ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ သူမ ကျူးလွန်ခဲ့မိတဲ့ အပြစ်ကို ပြန်လည် ပြင်ဆင်ကုစားဖို့ အခြားနည်းလမ်း မရှိတော့ပါဘူး။ သူ့ကိုယ်စား သူ့မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်ခြင်းသည်သာ သူမရဲ့ အပြစ်ကို ကုစားခြင်းပဲလို့ သူမ ခံယူခဲ့ပါတယ်။
သူမကိုယ်သူမတောင် ခွင့်လွှတ်ဖို့ ခက်ခဲနေခဲ့တဲ့ သူမ ကျူးလွန်ခဲ့မိတဲ့ အပြစ်အတွက် အတိုင်းအတာတစ်ခုအထိ သူမကိုယ်သူမ ပြန်လည်ခွင့်လွှတ်နိုင်အောင် သူမ လုပ်ဆောင်သွားခဲ့ပုံဟာ လေးစားအားကျ အတုယူဖွယ် စံနမူနာကောင်းပါလို့ ဆိုချင်ပါတယ်။
သူမဟာ ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်သူတစ်ယောက်လည်း ဖြစ်လာခဲ့ပြီး ကွယ်လွန်တဲ့ အချိန်အထိ တရားကို အလေးအနက်ထားကာ ကြိုးစားပမ်းစား အားထုတ်သွားခဲ့ပါတယ်။
ဒါက နားထောင်ခဲ့ရတဲ့ Ajahn Sister Vayama ရဲ့ ဟောတရားထဲမှ ဟော်လန်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကောက်ကြောင်း တစိတ်တပိုင်း ဖြစ်ပါတယ်။
ဆရာ ဗန်းမော်တင်အောင်ရဲ့ ဝတ္တုဇာတ်လမ်းနဲ့ အလားတူ ဇာတ်လမ်းတွေ၊ ထိုဝတ္ထုဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေဖြစ်ကြတဲ့ ဗိုလ်ကြီးခင်မောင်ဦး၊ ဗိုလ်ကြီး စောလှအောင်၊ ကရင်အမျိုးသမီး ရိုဒါဘိုးမင်းတို့လို အလားတူ ဇာတ်ကောင်တွေ၊ ဟော်လန်အမျိုးသမီးငယ်ရဲ့ ခါးသီးတဲ့ ဘဝအတွေ့အကြုံနဲ့ အလားတူ အတွေ့အကြုံတွေ၊ ဟော်လန်အမျိုးသမီးငယ်နဲ့ ဂျာမန်စစ်သားတို့လို အလားတူ ဇာတ်ကောင်တွေဟာလည်း လွတ်လပ်ရေး ရခဲ့ချိန်မှ စပြီး ယနေ့အချိန်အထိ မြန်မာနိုင်ငံမှာ မရေမတွက်နိုင်အောင် ရှိခဲ့မှာ မလွဲပါ။
လွတ်လပ်ရေးခေတ်လွန်ကာလမှ ယနေ့အချိန်အထိ မငြိမ်းချမ်းနိုင်၊ မချောမွေ့နိုင်သေးတဲ့ မြန်မာနိုင်ငံရဲ့ ကြမ်းတမ်းခက်ထန်လှတဲ့ နိုင်ငံရေးနဲ့ ပြည်သူလူထုကြီးရဲ့ ဘဝခရောင်းလမ်းမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်သရုပ်ဆောင်ခဲ့ကြ၊ သရုပ်ဆောင်နေကြဆဲ ဇာတ်ကောင်များအနေနဲ့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်တဲ့ ကိုယ်တွေ့ ဇာတ်လမ်းတွေနဲ့ အမိန့်ဆိုတဲ့ နာမည်အောက်မှာ အဆိုးဖက်ယိမ်းတဲ့ အပျက်သဘော အလုပ်တာဝန်တွေကိုလည်း မလွှဲမရှောင်သာ ထမ်းဆောင်ခဲ့ရပါလိမ့်မယ်။
ပြည်ထောင်စုသား တိုင်းရင်းသားညီအကိုမောင်နှမများအားလုံးနဲ့ ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ရေး၊ ပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာ အသက်ရှင်သန် ရပ်တည်နေထိုင်နိုင်ရေးတို့အတွက် ဟော်လန်အမျိုးသမီးရဲ့ လုပ်ဆောင်သွားခဲ့ပုံဟာ သင်ခန်းစာယူစရာ၊ အလေးအနက်ထား စဉ်းစားစရာ၊ နမူနာယူစရာ၊ လက်တွေ့ကျင့်သုံးသင့်စရာတွေအဖြစ် မြင်နိုင်ကြပါစေကြောင်း မျှော်လင့်ယုံကြည်လျှက်ပါ။
အရှင်စန္ဒိမာ (မွန်စိန်တောရ)