အရှင်စန္ဒိမာ
(မွန်စိန်တောရ) - နှလုံးသားနဲ့
ဦးနှောက်မပါတဲ့ အစိုးရ
ဇူလိုင် ၃၁၊ ၂၀၁၄
PR စနစ်ကို
ကျင့်သုံးသင့်မသင့်နဲ့ ပတ်သက်ပြီး ယခု ပြည်သူ့လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။
လူထုအကြားမှာလည်း စိတ်ဝင်စားမှုအမြင့်ဆုံး အကြောင်းအရာ ဖြစ်နေပါတယ်။ PR စနစ်ကို ထောက်ခံကြတဲ့
လွှတ်တော်အမတ်အများစုဟာ အာဏာရပါတီမှ ဖြစ်ပါတယ်။ PR စနစ်ကို ကျင့်သုံးသင့်မသင့် နောက်ဆုံးမဲခွဲဆုံးဖြတ်တဲ့အခါ
တပ်မတော်သားလွှတ်တော်အမတ်များက အာဏာရပါတီနဲ့အတူ ထောက်ခံမဲပေးပါက PR စနစ်ကျင့်သုံးရေး
အတည်ဖြစ်သွားနိုင်ပါတယ်။
တပ်မတော်သားလွှတ်တော်အမတ်များနဲ့
အာဏာရပါတီအမတ်များဟာ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ အများအသိပါ။
၁၉၆၂ ခုနှစ်မှ စတင်ခဲ့တဲ့ ပြည်သူ့ကိုယ်စားပြုမဟုတ်တဲ့ အစိုးရအဆက်ဆက်ဟာ အမည်အမျိုးမျိုး
နည်းပရိယာယ်အသွယ်သွယ် နှိပ်ကွပ်မှုအဖုံဖုံနဲ့ အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ရေး
ကြိုးပမ်းလာခဲ့တာကို ယနေ့အချိန်တိုင်အောင် တွေ့နေရပါတယ်။
ဒီနေရာမှာ
ထူးခြားမှုတစ်ခုက PR စနစ်ကို အဆိုတင်သွင်း ထောက်ခံတဲ့ပါတီမှ ခေါင်းဆောင်တွေဟာ တစ်ချိန်က
ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ အဖိအနှိပ်ခံ ဒုက္ခအဆင်းအရဲဒဏ်ခံ ထောင်သွင်းအကျဉ်းကျမှုဒဏ်ကို
ခံခဲ့ကြရဖူးသူတွေ ဖြစ်နေပါတယ်။ သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်သင့်မဝင်သင့်အပေါ်မှာ
သဘောထားမတူညီမှုကို အကြောင်းခံပြီး အတိုက်အခံပါတီကြီးတစ်ခုမှ ခွဲထွက်ကာ ပါတီသစ် တည်ထောင်ခဲ့ကြပေမယ့်
ယနေ့အချိန်မှာ သူတို့ဟာ PR စနစ်နဲ့ပတ်သက်ပြီး အာဏာရပါတီနဲ့ ရည်ရွယ်ချက်ချင်း တူနေကြပုံ
ရပါတယ်။ ရည်ရွယ်ချက်က PR စနစ်အရ အစိုးရနဲ့ လွှတ်တော်မှာ နေရာအာဏာရရေးပဲ ဖြစ်ပါတယ်။
ရှိရင်းစွဲ ရွေးကောက်ပွဲစနစ်အတိုင်းသွား ရင် ယခု PR စနစ်ကို ထောက်ခံနေကြသူများရဲ့
ပါတီတွေအနေနဲ့ နေရာရနိုင်စရာ မရှိပါ။ ဘယ်လိုပင် အကြောင်းပြနေကြပေမယ့် ဒါကို လူအများ
နားလည်သဘောပေါက်နေကြပါတယ်။
စစ်ယူနီဖောင်းဝတ်တွေပဲ
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ နှစ်ပေါင်းများစွာ နေရာယူထားတာကို လူတွေ ငြီးငွေ့နေကြတာဟာ အမှန်တရားပါ။ အဆီအနှစ်နဲ့ အာဟာရဓါတ်ပြည့်ဝ အရသာရှိတဲ့
အစားအသောက်တွေတောင် ဒါဒါပဲ နေ့စဉ်ရက်ဆက်ဆိုရင် ငြီးငွေ့သေးတာပဲ မဟုတ်လား။ အဆီအနှစ်မပါ
အာဟာရဓါတ်နတ္ထိ အရသာကင်းမဲ့တဲ့ ရေလုံပြုတ်ဟင်းကို အတင်းစားခိုင်းနေတော့ ငြီးငွေ့တာကို
အပြစ်ဆိုသင့်ပါသလား။
အမှန်တရားကို
မျက်ကွယ်ပြုပြီး အာဏာလက်နက်အားကိုးနဲု့လိုချင်တာကို အတင်းသွပ်သွင်းနေမယ်ဆိုရင်
ပွတ်တိုက်မှု ဖြစ်မှာပါပဲ။ ပွတ်တိုက်မှုအားကြီးလာရင် မီးပွင့်မှာပဲ။ မီးပွင့်တွေများလာရင်
မီးတောက်မီးလျှံတွေ ဖြစ်ပေါ်လာပြီး အားလုံးကို လောင်ကျွမ်းမှာပဲ။ လက်နက်အားကိုး
အာဏာအားကိုးနဲ့ ပြဿနာတစ်ခုကို နှိပ်ကွပ်ဖြေရှင်းတာဟာ ယာယီခေတ္တခဏ ဖြစ်နိုင်ပေမယ့်
ရေရှည်အတွက် အဖြေမဟုတ်ပါ။ အဖြေမဟုတ်တာ သိရက်နဲ့ ဇွတ်အတင်း သွပ်သွင်းကျင့်သုံးနေအုံးမယ် ဆိုရင်
ပြဿနာကို ရှည်ကြာအောင် ဆွဲဆန့်တာထက် မပိုပါဘူး။
ဖြူစင်ခြင်းနဲ့
မဲညစ်ခြင်း၊ ရိုးသားခြင်းနဲ့ ကောက်ကျစ်ခြင်း၊ တရားမျှတခြင်းနဲ့ တရားမျှတမှုမရှိခြင်းကို
လူတွေရဲ့ နှလုံးသားမေတ္တာကရုဏာနဲ့ ဦးနှောက်ဥာဏ်ပညာက နားလည်သိမြင်ပါတယ်။
နှလုံးသားနဲ့ ဦးနှောက်မပါတဲ့ အစိုးရမင်းများရဲ့ အုပ်စိုးမှုကို ခံရတဲ့ နိုင်ငံနဲ့
လူ့အဖွဲ့အစည်းဟာ ကံဆိုးမိုးမှောင်ကျ အဖက်ဖက်မှ ဆုံးရှုံးနစ်နာ ယိုယွင်းကျဆင်းရစမြဲ
ဓမ္မတာပါ။ နှလုံးသားနဲ့ ဦးနှောက်ရှိတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးသာလျှင် ရဟန်းရှင်လူ
တိုင်းရင်းသားပြည်သူလူထုအားလုံး ညီညီညွတ်ညွတ် အားသွန်ခွန်စိုက် ကြိုးစားကြရမယ်လို့
မြင်မိပါတယ်။
Illustation credit - www.deviantart.com