မောင်ရင်ငတေ - ဗင်းဆင့်ဗန်ဂိုး ၁၂၄ နှစ်ပြည့်

မောင်ရင်ငတေ - ဗင်းဆင့်ဗန်ဂိုး ၁၂၄ နှစ်ပြည့်
 ရောက်တတ်ရာရာအတိုအစများ၊ ဇူလိုင် ၃၁၊ ၂၀၁၄

(ဇူလိုင် ၂၉) ဒီကနေ့ဟာ နာမည်ကျော် ဒတ်ခ်ျလူမျိုး ဟော်လန်ပန်းချီဆရာကြီး Vincent Willem van Gogh ဗင်းဆင့် ဝီလျှံ ဗန်ဂိုး (၁၈၅၃-၁၈၉၀) ကွယ်လွန်ခဲ့တာ ၁၂၄ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်၊

ဗန်ဂိုးဟာ ပြင်သစ်နိုင်ငံ Auvers-sur-Oise မြို့မှာ နေထိုင်နေရင်း  ၁၈၉၀ ခုနှစ် ဂျူလိုင်လ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ၊

နောက်နှစ် ၂၀၁၅ ခုနှစ် ဂျူလိုင်လ ၂၉ ရက်နေ့မှာတော့  ဗန်ဂိုးကွယ်လွန်ခဲ့ခြင်း ၁၂၅ နှစ်ပြည့်ပွဲကို ကျင့်ပကြဖို့ အခုကတည်းက ဗန်ဂိုးချစ်သူများနဲ့ အိုဗဲလ်မြို့သူမြို့သားများ ပြင်ဆင်နေကြကြောင်းပါ၊
ရက်ပေါင်း ၇၀ ကျော် ဗန်ဂိုးနေခဲ့ရာအိမ်       (ဓါတ်ပုံ မရငတ)
 

ဗန်ဂိုး နောက်ဆုံးရက်များမှာ နေခဲ့ရာ  စားသောက်ဆိုင်တည်းခိုအိမ်ခန်းလေးကတော့ အခုထိတိုင် သက်ဝင်လှုပ်ရှား နေဆဲပါ၊
ပန်းချီချစ်သူများ အနုပညာချစ်သူများ ဗန်ဂိုးကိုချစ်သူများ ဗန်ဂိုးကိုရူးသွပ်သူများ  ခရီးသွားလာသူများ သမိုင်းတန်ဖိုးထားသူများ တကူးတက သွားရောက်လေ့လာကြတာ နှစ်ပေါင်း ၁၂၄ နှစ် တိုင်ခဲ့ပါပြီ၊  နောက်ထပ် နှစ်ကာလပေါင်းများစွာမှာလည်း ဒီလို ဆက်လက် ဖြစ်တည်နေအုံးမှာပါ၊

 


ဗန်ဂိုးရဲ့လှေခါးထစ်များ       (ဓါတ်ပုံ မရငတ)

ဗန်ဂိုးက ဒီလှေခါးထစ်များကနေ သူနေထိုင်ရာ အပေါ်ဆုံးထပ်ခိုးက အခန်းလေးရှိရာကို  ရက်ပေါင်း ၇၀ ကျော် အဆင်းအတက် ပြုလုပ်သွားခဲ့တာပါ၊ အဲဒီလို ဘာတခုမှ အပိုမရှိတဲ့ အခန်းကျဉ်းလေးတခုမှာ ဗန်ဂိုးဟာ နေထိုင်သွားခဲ့ရင်း ပန်းချီကားပေါင်းများစွာကို ရေးဆွဲသွားခဲ့ပါတယ်၊
ဗန်ဂိုးဟာ စိတ္တဇဆန်စွာ နေထိုင်သွားခဲ့ပြီး သူ့စိတ်ထဲမှာ ခံစားရသလို  သူ့စိတ်ကြိုက် ပန်းချီကားများကိုသာ (ရောင်းချဖို့ မဟုတ်) ရေးချယ်သွားခဲ့သူပါ၊ (တချို့ကတော့ ရူးနေတယ်လို့ သတ်မှတ်ကြပါတယ်)
ဒါပေမယ့် သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေရဲ့ ပုံတူကော်ပီ တချပ်ရဲ့ ဈေးတောင်မှ ဒီကနေ့ ပေါက်ဈေး မနည်းလှပါဘူး၊
သူ သေဆုံးသွားခဲ့တာကလည်း စိတ္တဇဆန်စွာပါ၊ သူကိုယ်သူ သေနတ်နဲ့ ပစ်ခဲ့တယ်လို့ ပြောဆိုကြပေမယ့် တချို့သော ဗန်ဂိုးကို ရူးသွပ်သူတွေကလည်း ဗန်ဂိုးကို နောက်ပြောင်လိုတဲ့ စိတ္တဇလူငယ်တယောက်ရဲ့ လက်ချက်ဖြစ်ပါတယ်လို့ ဆိုကြပါတယ်၊
ဗန်ဂိုးကတော့ ဒီအကြောင့်ကို သိခဲ့ပေမယ့် ဘယ်သူဆိုတာ ဖွင့်ဟပြောမသွားပါဘူးလို့  ယုံကြည်ကြသူတွေလည်း ရှိကြပါတယ်၊
မောင်ရင်ငတေ ဗန်ဂိုးအကြောင်းတွေကို ကြားမိရင်း ဖတ်မိရင်း အမြဲတွေးမိရတာက သူရဲ့ညီ သီအိုထံသို့ ရေးခဲ့တဲ့ စာတွေထဲက စာတကြောင်းပါ၊
(တကယ်တော့ မောင်ရင်ငတေရဲ့ ညီမငယ်တယောက်က ပြောပြတာကို မှတ်ထားတာပါ)

“ငါသေသွားပြီး နောက်ပိုင်းမှာတော့ ငါ့ရဲ့ ပန်းချီကားတွေအကြောင်း လူများစွာက ပြောနေကြမှာပါ” ဆိုတာကိုပါ၊ အခုတော့ ပြောလိုက်ကြတဲ့ ဗန်ဂိုးအကြောင်း၊ ဗန်ဂိုးများသိရင် ရီနေမယ် ထင်ပါတယ်၊

 



Avenue du Cimetière, Auvers-sur-Oise          (ဓါတ်ပုံ မရငတ)

ဗန်ဂိုးရဲ့ နောက်ဆုံးအိမ်ရှိရာသို့သွားရာ အမည်မထင်ရှားလှတဲ့ လမ်းကလေးပါ၊  လူသူနည်းပါး အသံဗလံကင်းမဲ့ အေးချမ်းတိတ်ဆိတ် ငြိမ်သက်လှသလို ဗန်ဂိုးရဲ့ ဘဝဖြတ်သန်းမှု အကြောင်းတွေကို တွေးတောရင်းနဲ့  အတွေးများစွာကိုလည်း ဆက်ပွားစေပါတယ်၊

အဲဒီ လမ်းကလေးကို စိတ်ကူးထဲမှာ အထပ်ထပ် လျှောက်လှမ်းနေမိရင်း … … … … … … … … ….၊။။။

ဗန်ဂိုးအလွန် ၁၂၄ နှစ်ပြည့် အမှတ်တရအဖြစ် မောင်ရင်ငတေ ရေးခဲ့ဖူးတဲ့  ဗန်ဂိုးအကြောင်းများကို စုစည်း ဖော်ပြလိုက်ပါတယ် ခင်ဗျာ၊

(မိုးမခ) နှစ်ပေါင်းတရာကျော်ကြာမှ အတည်ပြုနိုင်ခဲ့တဲ့ ဗန်ဂိုးရဲ့ပန်းချီကားတချပ်
စက်တင်ဘာ ၂၁၊ ၂၀၁၃ http://moemaka.com/archives/705

(မိုးမခ) ဗန်ဂိုးနဲ့ နျူနန်နယ်မှ အာလူးစားသူများ
မတ်လ ၁၊ ၂၀၁၄ http://moemaka.com/archives/36115

(မိုးမခ) ဗန်ဂိုးရဲ့နောက်ဆုံးခြေရာများ (Auvers-sur-Oise) (ပါရီနေ့ချင်းပြန်ခရီးစဉ် အမှတ်နှစ်)
ဧပြီ ၈၊ ၂၀၁၄ http://moemaka.com/archives/36804

(ရှုခင်းသစ်) ဗန်ဂိုးရဲ့နောက်ဆုံးခြေရာများ (Auvers-sur-Oise) (ပါရီနေ့ချင်းပြန်ခရီးစဉ် အမှတ်နှစ်)
April 20, 2014 http://newsightsmm.com/2014/04/20/

(ရှုခင်းသစ်) ပန်းချီဆရာ ဗန်ဂိုး ၁၆၁ နှစ်
March 29, 2014 http://newsightsmm.com/2014/03/29

(ရှုခင်းသစ်) အနှစ်လေးဆယ်ကြာ ပျောက်ဆုံးနေသော ဗန်ဂိုးရဲ့ပန်းချီကား
May 15, 2014 http://newsightsmm.com/2014/05/15
 

Le 29 juillet 2014, Vincent Van Gogh nous aura quittés depuis précisément 124 ans. (ဓါတ်ပုံ မရငတ)
 

မောင်ရင်ငတေ ၂၉၀၇၂၀၁၄