ဇင်လင်း - သတင်းလွတ်လပ်ခွင့် နောက်ကြောင်း ပြန်ပြီလား ?
ဇူလိုင် ၃၀၊ ၂၀၁၄
မြန်မာ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေ ရှေ့တိုးမှာလား၊ နောက်ပြန်ဆုတ်မှာလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့၊ ဘယ်သူမှ တိကျရှင်းလင်းတဲ့ အဖြေတစ်ခု မပေးနိုင်ခဲ့။ ဒါပေမယ့် မကြာသေးမီ လတွေ အတောအတွင်း ပေါ်ပေါက်ခဲ့တဲ့ သတင်းမီဒီယာ ဖိနှိပ်မှု ပြဿနာကို သုံးသပ်ကြည့်တဲ့အခါ၊ နောက်ကြောင်းပြန်မယ့် အလားအလာတွေ မြင်လာရတယ်။ ယူနတီဂျာနယ် အမှုဆောင် အရာရှိ ချုပ် ဦးတင်ဆန်း နဲ့ သတင်းထောက် (၄) ဦးကို ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ (၁၉၂၃)ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ၃/၁(က) နဲ့ (၂၀၁၄)ခုနှစ် ဇူလိုင်(၁၀) ရက်က၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ခြင်းအပေါ် ပြည်တွင်း ပြည်ပ သတင်းစာအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြတဲ့ အခြေအနေကို ဥပမာအဖြစ် ကြည့်ရင်၊ နိမိတ်ပုံမကောင်းဘူးလို့ ဆိုရမှာဖြစ်တယ်။
ယူနတီအမှု မတိုင်ခင်ကလည်း၊ Daily Eleven သတင်းထောက် မခိုင်၊ ဒီဗီဘီသတင်းဌာ သတင်း ထောက် ကိုအောင်ဖေကိုလည်း သတင်းရယူရန် ကြိုးပမ်းမှုကြောင့် ထောင်ချအရေးယူ အပြစ်ပေးခဲ့တယ်။ DVB နိုင်ငံခြားသားသတင်းထောက် Angus Watson ကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့တယ်။ တဆက်တည်း ဆိုသလို မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာနဲ့ သတင်းထောက်များကိုလည်း ဥပဒေ ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးစစ်ဆေး တရားစွဲဖို့ ပြင်ဆင်နေပြန်တယ်။ မကြာသေးခင်ကလည်း သတင်းမီဒီယာအချို့မှ တာဝန်ရှိသူတွေကို မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှုတွေ ရှိခဲ့သေးတယ်။
အထက်ဖေါ်ပြပါ အခြေအနေ အရပ်ရပ်ကို ထောက်ရှုရင်၊ မြန်မာနိုင်ငံသတင်း မီဒီယာလွတ်လပ်ခွင့်ဟာ အစိုးရအာဏာပိုင်တို့ရဲ့ ခြိမ်းခြောက်ရန်ရှာမှုနဲ့ ထိပ်တိုက် ရင်ဆိုင်နေရပြီဖြစ်တာ ထင်ရှားနေတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပါ လို့ အစိုးရက ကြေညာပြောဆိုနေသော်လည်း၊ ယခု Unity Journal သတင်းထောက်တွေကို အုပ်ချုပ်ရေးအာဏာပိုင်တို့ရဲ့ စွက်ဖက်မှု နဲ့ ပြင်းထန်တဲ့ ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်ခြင်းကို ထောက်ရှုရင်၊ သတင်းထောက်များ လွတ်လက်စွာသတင်းရယူပိုင်ခွင့်ကို ရိုက်ချိုးခံလိုက်ရတဲ့သဘောဖြစ်တယ်။ ဒီ လုပ်ရပ်က မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အပြည့်အဝအာမခံချက် မရှိတာကိုလည်း ဖော်ညွန်းနေတယ်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်ထံ မီဒီယာတွေနဲ့ အစိုးရကြား တင်းမာမှုဖြေလျော့ဖို့ ၂၂-၇-၂၀၁၄ ရက်စွဲပါ သ၀ဏ်လွှာ တစောင်ပေးပို့ခဲ့တယ်။ သမ္မတဦးသိန်းစိန်က ၂၄-၇-၂၀၁၄ ရက်စွဲပါ သမ္မတရုံး သဝဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့တယ်။ သမ္မတရုံးသဝဏ်လွှာ အပိုဒ်(၃)မှာ “ပြည်တွင်း ပြည်ပ မီဒီယာ အချို့၏ မသင့်လျော်သော၊ အမုန်းပွားစေ နိုင်သော၊ ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့ နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါသည်။ ကမ္ဘာ့ အလယ်တွင် သိက္ခာကျဆင်းခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ရပါသည်။” လို့ ဖေါ်ပြထားတယ်။
ဒီ စွပ်စွဲချက်က အတော်ပြင်းထန်တယ်။ ဖြစ်ခဲ့ ပျက်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာ က ထွက် ဆိုတာ ပြည်သူလူထုကသိနေပါလျှက်နဲ့၊ သမ္မတ က မသိချင်ယောင်ဆောင်နေတာလား။ တကယ်ပဲ အကြံပေးတွေ ပြောသလောက်ပဲ သိလို့လား။ အခုလို ဆင်ခြင်တုံတရားလက်လွတ် စွပ်စွဲတဲ့ သဘောထားဟာ သမ္မတဦးသိန်းစိန်ရဲ့ သဘောထား အစစ်အမှန်လား။ ဒါမှမဟုတ် သမ္မတရဲ့ အကြံပေးတစ်ဦးတယောက်ရဲ့ရေးသားချက်လားလို့ တွက်ဆစရာလည်း ရှိပါတယ်။ ဒါပေမယ့် ဒါဟာ သမ္မတဦးသိန်းစိန်အစိုးရရဲ့ သတင်းမီဒီယာတွေအပေါ် ထားတဲ့ သဘောထားလို့ ဆိုရမှာပဲ။ ဒီ စွပ်စွဲချက်ဟာ သမ္မတဦးသိန်းစိန် ရဲ့ ၂၀၁၁ မတ်လ ကျမ်းကျိန်စဉ်က ပြောခဲ့တဲ့ မီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်ဆိုတဲ့ သဘောထားနဲ့တော့ ဖြောင့်ဖြာင့်ကြီး ဆန့်ကျင်နေတာ အမှန်ပဲ။ ဒါပေမယ့် ဇူလိုင် (၈)ရက် မန္တလေးခရီးစဉ် မိန့်ခွန်းကို ပြန်ကြည့်ရင် သ၀ဏ်လွှာပါ သဘောထားနဲ့ ကိုက်ညီနေတယ်။
“မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်” လို့ သမ္မတက မန္တလေးခရီးစဉ်မှာ ပြောခဲ့တယ်။
သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် အထူးအလေးထား ဆောင်ရွက်ပေးနေတာကြောင့်၊ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်မှုအဆင့်ဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးအဆင့် ရောက်နေတယ်လို့ သ၀ဏ်လွှာမှာ ဆိုထားသေးတယ်။ သမ္မတ တစ်ဦးအနေနဲ့ မိမိနိုင်ငံနဲ့တကွ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းစာလွတ်လပ်ခွင့်အခြေအနေကို ဘာမှ လေ့လာထားပုံမရ ကြောင်း ဒီအချက်က ဖေါ်ပြနေပြန်တယ်။
မြန်မာနိုင်ငံရဲ့ အဓိက သတင်းစာလုပ်ငန်း၊ ရေဒီယို၊ ရုပ်သံ အစရှိတဲ့ မီဒီယာအားလုံးကို အစိုးရက လက်ဝါးကြီးအုပ်ကြိုးကိုင် ချယ်လှယ်နေပြီး၊ တခြား ပုဂ္ဂလိကကဏ္ဍ မီဒီယာလုပ်ငန်းပိုင်းတွေကို အစိုးရရဲ့ လက်ဝေခံ ခရိုနီလုပ်ငန်းရှင်ကြီးတွေကို လုပ်ပိုင်ခွင့် ချပေးထားတယ်။ အမှန်တကယ် လူထုကို သတင်းပေးလိုတဲ့ အစိုးရအကြိုက်မလိုက် နိုင်တဲ့ သတင်းမီဒီယာသမားတွေကိုကျတော့ တန်းတူ ယှဉ်ပြိုင်ခွင့်မပေးဘဲ စည်းကမ်း နည်းဥပဒေအမျိုးမျိုးကန့်သတ်ပြီး ဖိနှိပ်ထားတာ တွေ့ရတယ်။ သဘောကတော့ မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်ကို မီဒီယာပိုင်ဆိုင်မှု (Media Ownership) နဲ့ကန့်သတ် ထိန်းချုပ်ဖို့ အကွက်ချထားတာတွေ့ရတယ်။ ဒိ အပြင် လူထုအကျိုးပြုမီဒီယာ(Public Service Media) ဆိုတဲ့ စီမံချက်နဲ့လည်း လွတ်လပ်တဲ့ သတင်းမီဒီယာ နယ်ပယ်ကို ကျဉ်းသည်ထက် ကျဉ်းလာအောင် လုပ်ဖို့ပြင်ဆင်နေတယ်။ တချိန်တည်းမှာ ယူနတီ သတင်းသမား(၅) ဦးကို ပြင်းထန်တဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့တဲ့အပြင် နောက်ထပ် Bi မွန်းတည့်နေက သတင်းသမား (၇) ယောက်ကိုလည်း ထောင်ဒဏ် (၁၄) နှစ်အထိ အပြစ်ပေးနိုင်တဲ့ (၁၉၅၀) ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေနဲ့ တရားစွဲဆို ဖို့ပြင်နေတယ်။ ဒါကြောင့် ဒီမိုကရေစီမှာ အရေးအကြီးဆုံး သော့ချက်ဖြစ်တဲ့ ပြည်သူလူထုရဲ့ သတင်းရပိုင်ခွင့်ကို ခြိမ်းခြောက်ရုံ မက လက်တွေ့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ပိတ်ဆို့တားမြစ်လာပြီလို့မြင်နေရတယ်။
သမ္မတရုံးသဝဏ်လွှာ အပိုဒ်(၃)မှာ - “ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၃၅၄ တို့အရ နိုင်ငံသားများအနေဖြင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရရှိသည့်နည်းတူ တာဝန်ရှိမှု များကိုလည်း ရှင်းလင်းစွာ ပြဋ္ဌာန်းထားရှိ ပါသည်။ အမုန်းပွားစေမည့် ရေးသား ပြောဆိုမှုများနှင့် ဥပဒေမဲ့ လုပ်ရပ်များကို မည်သည့် နိုင်ငံသားကမျှ လက်ခံလိုခြင်း မရှိပါ။ တရားဥပဒေ စိုးမိုးမှုရှိမှသာ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အေးချမ်းသာယာမည် ဖြစ်ပါသည်။” လို့ ဖေါ်ပြထားပါတယ်။
ဒါပေမယ့် ပြဿနာက ဒီနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိ/မရှိ သမ္မတ သိမှ သိပါလေစ။ မြန်မာလယ်သမားတွေရဲ့ မိဘဘိုးဘွား အစဉ်အဆက်က လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ လယ်ယာမြေတွေကို စစ်တပ်၊ ၀န်ကြီးဌာနတွေနဲ့ ခရိုနီလုပ်ငန်းရှင်တွေ ပေါင်းပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ သိမ်းယူကြတယ်။ လယ်သမားတွေမှာ အားကိုးစရာ ဥပဒေအကာအကွယ်မရှိတာ ကမ္ဘာကတောင် သိတယ်။ သူတို့လယ်တွေ မတရားအသိမ်းခံရတဲ့အတွက် အစိုးရသိစေဖို့ ဆန္ဒထုတ် ဖေါ်ပြသကြတော့လည်း ဖမ်းဆီးထောင်ချ တာခံရပြန်တယ်။ ဒီတော့ Freedom of Expression လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့် ဆုံးရှုံးရတာလည်း ကမ္ဘာသိ ကိစ္စဖြစ်တယ်။ နိုင်ငံသားများအနေဖြင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရရှိသည့် နည်းတူ တာဝန်ရှိမှု များကိုလည်း ရှင်းလင်းစွာ ပြဋ္ဌာန်းထားတယ်…ဆိုတာ သမ္မတအနေနဲ့ဘာကိုဆိုလိုကြောင်း မသဲကွဲ။ နိုင်ငံသား တစ်ဦးချင်းစီ အတွက် နေစရာ စားစရာ ၀တ်စရာ နဲ့တကွ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဖန်တီးပေးရမှာ သမ္မတနဲ့ အစိုးရတာဝန် ဆိုတာလောက်ကို သိသင့်သလို၊ တာဝန်ယူမှု တာဝန်ခံမှုလည်းရှိဖို့လိုပါတယ်။
သမ္မတရုံးသဝဏ်လွှာ အပိုဒ်(၅)မှာ - “ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ တာဝန်ရှိသူများကို ၂၁-၇-၂၀၁၄ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံရှင်းလင်းပြီး ဖြစ်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် လွတ်လပ်မှုနှင့်အတူ ပြည်သူများအား အန္တရာယ်မဖြစ်စေရန် တရားဥပဒေ စိုးမိုးရေးကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ရသည်ကို နားလည်ပေးစေလိုပါသည်။ တရားဥပဒေနှင့် အညီ နေထိုင် လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကို မဆို အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် အကာအကွယ်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်ကြား ပါသည်။” လို့ ဆိုပါတယ်။
အဲဒိ သ၀ဏ်လွှာနောက်ဆုံးအပိုဒ်က ယုံကြည်နိုင်စရာ အထောက်အထားမရှိတဲ့ ဖေါ်ပြချက်ပါပဲ။ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ တာဝန်ရှိသူများကို သက်သေအဖြစ် ဖေါ်ပြထားပေမယ့်၊ Freedom of Expression လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်ပြောဆိုခွင့်ကို အာမခံကြောင်း တာဝန်ခံခြင်းမရှိပါဘူး။ သမ္မတဦးသိန်းစိန် ဦးထိပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အလွန်တရာအားနည်းချက်က နိုင်ငံသားတဦးချင်းရဲ့ အခြေခံ ပိုင်ခွင့်တွေကို အာမခံခြင်း မရှိတဲ့အပြင်၊ နိုင်ငံသားတို့ရဲ့ ဘ၀လုံခြုံရေး (Social Security) ကို လုံးဝ အကာအကွယ်မပေးခြင်းပါပဲ။ ငွေကြေးဓနဥစ္စာအင်အားကြီးမားသူတွေ၊ အာဏာပိုင်အ၀န်းအ၀ိုင်းကသူတွေက လယ်သမားတွေဆီ က လယ်ယာမြေတွေကို အဓမ္မ ဥပဒေလက်တလုံးခြားလုပ် သိမ်းယူနေတာ အလွန်ထင်သာမြင်သာတဲ့ ဥပမာပါပဲ။
နောက် ဥပမာ တခုကတော့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေမှာ အစိုးရက အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်မှု လုံးဝမပေးတာ ပြည်သူအများသိတဲ့ ကိစ္စပါပဲ။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ဖို့ ထပ်တလဲလဲ ပြောနေပေမယ့် လက်တွေ့မှာ လယ်သမားတွေ မြေယာဆုံးရှုံးနေရမှုကို လျစ်လျူရှုထားတာ၊ အလုပ်သမားတွေအတွက် အနိမ့်လုပ်ခလစာရရှိရေး ကိစ္စအတွက် ဘာမှထိထိရောက်ရောက် လုပ်မပေးတာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ရှင်တချို့က အပြစ်ရှာ အလုပ် ဖြုတ်ပစ်နေတာနဲ့ ပတ်သက်လို့ တားဆီးမပေးတာ၊ စတုတ္ထမဏ္ဍိုင်ကို အညွန့်ထွက်ပြူစအချိန်မှာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အညွန့်ချိုးနှိမ်နေတာ အစရှိတဲ့ အချက်တွေကို ကြည့်ရင် နောက်ကြောင်းမပြန်ပေမယ့် ရှေ့လည်းတိုးတက်သွားတာ မတွေ့ရဘူး။
ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲစည်းပုံအခြေခံဥပဒေကြောင့် အောက်ခြေ နိုင်ငံသားတွေရဲ့ဘ၀က နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ဘာမှ မခံစားရသလို ဖြစ်နေခြင်းပါပဲ။ သတင်းမီဒီယာလောကသားတွေလည်း အလားတူပါပဲ။ သတင်းမီဒီယာဥပဒေ နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) ပေါ်ပေါက်ခဲ့ပေမယ့် လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ သတင်းထောက်တွေရဲ့ ပြဿနာနဲ့ ပတ်သက်လို့ ကောင်စီကို အသိပေးခြင်း မရှိခဲ့သလို၊ မီဒီယာဥပဒေနဲ့ အရေးယူတာမျိုး မဟုတ်တာလည်းတွေ့ရပါတယ်။ သတင်းမီဒီယာ ဥပဒေ ဆိုတာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့် (Freedom of Expression) ကို အာမခံတဲ့ သဘောအဓိပ္ပါယ်နဲ့ လိုက်လျောညီထွေရှိ ရ မှာဖြစ်ပြီး၊ သတင်းလွတ်လပ်ခွင့် အာမခံချက်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်း (Universal Declaration of Human Rights) အပိုဒ် (၁၉) လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကို အာမခံရမှာ ဖြစ်တယ်။ ဒိအပြင် ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မတီ (United Nations Human Rights Committee) နဲ့လွတ်လပ်စွာ ထင်မြင်ယူဆချက်ဖေါ်ပြခွင့် ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးသူ (Special Rapporteur on Freedom of Opinion and Expression) တို့ရဲ့ အနက်ဖွင့်ဆို အာမခံချက်တွေနဲ့ ကိုက်ညီတဲ့ ဥပဒေများဖြစ်ဖို့လည်း လိုပါတယ်။
ကုန်ခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို တာဝန်နဲ့ရောက်ရှိခဲ့တဲ့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ‘မစ္စ ယန်ဟီးလီ’ (Yanghee Lee)က မြန်မာနိုင်ငံမှာ ဇူလိုင် (၂၆) ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း “လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဖော်ပြ ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို ဖိနှိပ်ထားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ၂ဝ၁၅ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်လာ မှာ မဟုတ်ဘူး” လို့ ထုတ်ဖေါ်ပြောခဲ့တာကို သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ သတိပြုသင့်ပါတယ်။
သတင်းမီဒီယာသမားတွေကို ရာဇ၀တ်ဥပဒေ၊ အရေးပေါ်အက်ဥပဒေ အစရှိတဲ့ ဖိနှပ်ရေးဥပဒေတွေနဲ့ပြင်းပြင်းထန်ထန်အရေးယူနေတာဟာ လူအခွင့်အရေး ချိုးဖေါက်မှု ဖြစ်ရုံမက ဒီမိုကရေစီခရီးကို ပြောင်းပြန် လျှောက်လှမ်းနေရာရောက်ကြောင်း သတိပေးလိုက်ပါရစေ။ ။ ။