မောင်ဦး - သမိုင်းကို ဖြတ်သန်းခြင်း


မောင်ဦး - သမိုင်းကို ဖြတ်သန်းခြင်း
သြဂုတ် ၃၀၊ ၂၀၁၄


    ခေါင်းစဉ်က ‘သမိုင်းကို ဖြတ်သန်းခြင်း’ ဆိုတော့ ဘာလဲ၊ ညာလဲ လို့ ထင်စရာရှိတာပေါ့လေ။ တစ်ချို့ကလည်း ‘အင်း … ဆင့်ခေါင်း ဟိုဒင်း ချီသလို မနိုင်မနင်းတွေတော့ ဖြစ်တော့မှာပဲ’ လို့ စိုးရိမ်ကောင်း စိုးရိမ်မိနိုင်တယ်။ အထင်မလွဲကြပါနဲ့၊ မစိုးရိမ်ကြပါနဲ့ ခင်ဗျ။ ကျွန်တော့်လို တောက်တီးတောက်တဲ့ကောင်မှာ ဘာမျှကြီးကြီးကျယ်ကျယ် ပြောစရာ မရှိပါဘူး။ အခုဟာကလည်း လူစိတ်ဝင်စားမလား လို့ လုပ်လိုက်တဲ့ သဘောပါ။ သိကြတဲ့အတိုင်း သည်ခေတ်ကြီးကလည်း ဘာလုပ်လုပ် လူရှိန်အောင် လုပ်တဲ့ ခေတ်ကြီးကိုး။ ထားပါတော့လေ။

    ဒီလိုပါ။ ကျွန်တော် ပြောချင်တဲ့ ‘သမိုင်း’ က အုတ်ကျင်းနားက သမိုင်းပါ။ ဘာသမိုင်းတွေ၊ ညာသမိုင်းတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ကျောင်း (ရန်ကုန် စက်မှုတက္ကသိုလ်၊ အခုတော့ ရန်ကုန် နည်းပညာတက္ကသိုလ်ပေါ့လေ) က ကြို့ကုန်းမှာဆိုတော့ ကျောင်းကိုသွားတိုင်း သမိုင်းကို ဖြတ်ရတယ်လေ။ အဲသဟာကို ‘သမိုင်းကို ဖြတ်သန်းခြင်း’ လို့ ခေါင်းစဉ်တပ်လိုက်ရတာပါ။ (ဟဲဟဲ)

    အဲ … ‘သမိုင်းရှင်းတမ်း’ ပြီးတဲ့အခါမယ် ‘သမိုင်းကို ဘယ်လိုဖြတ်သန်းခဲ့ရသလဲ’ ဆိုတာကို ဆက်ပြောပါ့မယ်။ ဟုတ်ကဲ့ပါ။ သမိုင်းကို ဘယ်လို ဖြတ်သန်းခဲ့သလဲ ဆိုတော့ ကားနဲ့ ဖြတ်သန်းခဲ့ပါတယ် ခင်ဗျ။ အတိအကျပြောရရင် ကိုယ်ပိုင်ကားမရှိတဲ့အတွက်ကြောင့် လိုင်းကားတိုးစီးပြီး ဖြတ်သန်းခဲ့ပါတယ်။ မှတ်တိုင်ကိုရောက်လာတဲ့ကားနဲ့ စီးမယ့်သူ အရေအတွက်မမျှတဲ့အခါ ပူလောင်၊ အိုက်စပ်၊ မွန်းကြပ်တဲ့ဒါဏ်ကို သည်းခံပြီး သမိုင်းကို ဖြတ်သန်းခဲ့ရတာပါ။ အဲ … တစ်ခါတစ်လေတော့လည်း သည်ဒါဏ်တွေကနေ သက်သာလို၊ သက်သာငြား တွဲလောင်းချိတ်ပြီး လိုက်မိတာပေါ့လေ။ သူငယ်ချင်းတစ်ယောက်ဆိုရင် တွဲလောင်း အချိတ်ကောင်းလို့ ကားပေါ်ကနေ ပြုတ်ကျပြီး လက်တောင် ကျိုးသွားသေးတယ် ခင်ဗျ။ ဒါကိုကြည့်ခြင်းအားဖြင့် သမိုင်းကို ဒါဏ်ရာတွေ၊ မွန်းကြပ်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုနိုင်တယ်ပေါ့ဗျာ။ (ဟဲဟဲ)

    နောက်ဆုံးအနေနဲ့ ပြောချင်တာက အထက်မှာ ပြောခဲ့သလို ဒုက္ခ၊ သုက္ဖပေါင်းစုံကို သည်းခံပြီး သမိုင်းကို ဖြတ်သန်းပြီးတဲ့နောက် ဘယ်ကိုရောက်သွားသလဲဆိုတာ ခင်ဗျ။ ဟုတ်ကဲ့။ သမိုင်းကို ဖြတ်သန်းပြီးတဲ့နောက် ဘယ်ကိုရောက်သလဲဆိုရင် ကျောင်းကိုလာတဲ့အခါ ကျောင်းကို ရောက်ပါတယ် ခင်ဗျ။ အဲ … အပြန်မှာတော့ သူငယ်ချင်းတွေ စုပြီး ပြန်ကြတာဖြစ်တဲ့အတွက် အိမ်ကို ပြန်မရောက်သေးဘဲ သဝေထိုးပြီး အင်းလျားကန်ရှေ့က ခရမ်းပြာ(လဘက်ရည်ဆိုင်) တို့၊ လှည်းတန်းက ဖြိုးဝေ(လဘက်ရည်ဆိုင်) တို့မှာ စတည်းချကြသေးတယ်။ ပြီးတော့မှ အသီးသီး၊ အသက ကိုယ့်အိမ်ကိုယ် ပြန်ကြပါတယ် ခင်ဗျ။

    အခုတော့ ကျောင်းနဲ့ဝေးခဲ့တာ ကြာခဲ့ပြီဆိုတော့ သမိုင်းကို မဖြတ်ဖြစ်တော့ပါဘူး။ ဒါ့ကြောင့် … ကျွန်တော်ဟာ သမိုင်းကို မဖြတ်တော့တဲ့သူ တစ်နည်းပြောရရင် သမိုင်းကို ဖြတ်သန်းခြင်းမရှိတော့တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။ သို့ပေမယ့် သမိုင်းကတော့ သည်နေ့အထိ ရှိနေတုန်း၊ သမိုင်းကို ဖြတ်သန်းနေတဲ့သူတွေလည်း သည်နေ့အထိ ရှိနေတုန်းပါပဲ။ ပြီးတော့ နားစွန်၊ နားဖျား ကြားဖူးတဲ့ ဆရာကြီးတစ်ဦးရဲ့ ‘သမိုင်းရဲ့ နိဂုံး’ ကိုလည်း ငြင်းချက် ထုတ်နေတုန်းပါပဲ။ ‘သမိုင်းဟာ ဘယ်တော့မှ မဆုံးသေးဘူး’ လို့ ဆိုနေတုန်းပါပဲ။ ။