ကွန်ဆူးမား - လေပြေလေးရဲ့ စကား


ကွန်ဆူးမား - လေပြေလေးရဲ့ စကား
သြဂုတ် ၃၀၊ ၂၀၁၄


    လေပြေလေးတိုက်သွားတယ်....
    လျပ်တပြက် ဖျက်ကနဲလား...၊ ခပ်သောသော့နှင်သွားလားတော့ မသိ၊ ထိုင်နေမိတာက ကမ်းစပ်က ကျောက်တုံးလေးတွေရဲ့အပေါ်မှာ။
    အေးစက်စက် အထိအတွေ့ဆိုတာထက် ရိသဲ့သဲ့ ခနဲ့သွားတာလိုပဲ ထင်မိတယ်..၊
    အရောင်မရှိ၊ အရိပ်မရှိ၊ အနံ့ အရသာလည်း မရှိ၊ ခြေသံလည်းမကြား၊ နှုတ်ဆက်စကားလည်း မဆိုခဲ့ဘူးလေ။
    သူဖြတ်ပြေးသွားတဲ့ နေရာလေး တစ်လျောက်လုံးကတော့ ငြိမ်းချမ်းကျန်ရစ်ခဲ့မယ် ထင်ပါတယ်၊

    ဒီလေပြေလေးကို ထိန်းချုပ်ထားချင်လိုက်တာ နောက်ပြီး လိုရာကို စေစားနိုင်ရင် ရင်ခွင်ထဲကို ၀င်ရောက်ပြီး နှလုံးသားလေးရဲ့ အနီးအနားမှာ မရပ်မနား လှည့်ပတ်ရင်း အေးမြခြင်းတွေကို ရစ်ဖွဲ့ သိုင်းခြုံထားစေချင်မိတယ်...။

    " လေပြေလေးရေ မင်း ဘယ်ကလာတာလဲဟင်"

    "နိုး... ကျွန်တော့်ရဲ့ ဖြစ်တည်ရာကို ကျွန်တော် မသိပါဘူးခင်ဗျာ..."

    " အော်..... ဒါဆိုရင် ဘယ်ကိုသွားမှာလဲဟင်"

    " နိုး.... ဒါလည်း သေချာ မပြောနိုင်ပါခင်ဗျာ..."

    "ဟုတ်လား.... ဒါဆိုရင် ဘယ်လောက်ကြာကြာ သွားမှာလဲဟင် ဦးတည်ရာ အရပ်လေးရော သိခွင့်ရှိမလား"

    "ဘယ်လောက်ကြာမယ်မှန်းလည်း မသိပါဘူး...၊ နောက်ပြီး ဦးတည်ရာကိုလည်း သေချာ သတ်မှတ်မထားဘူးဗျ... အခုကျွန်တော် ဖြတ်သန်းလာတဲ့နေရာတွေမှာ ကြမ်းတမ်းပြီး ခိုင်မာတဲ့ အတားအဆီးတွေ ဒါမှ မဟုတ်လည်း မြင့်မားမတ်စောက်တဲ့အတားအဆီးတွေ.. နောက်တစ်ခုက ကျွန်တော့်ကို ဆီးကာထားတဲ့ ကျွန်တော့်ထက်ကြီးမားတဲ့ လေထု သိပ်သည်းမှုတွေ ရှိနေရင် ကျွန်တော်က ပြောင်းလဲလိုက်ရတယ်... ဒါမှမဟုတ်ရင်လည်း ပျောက်ကွယ်ပေးလိုက်ရပါတယ်..."

    "ဟူး...... လေပြေလေးရဲ့ ဘ၀ကလည်း ရင်မော စရာပဲနော်.... ဒါဆို ကိုယ့်သဘောနဲ့ကိုယ် ရပ်တန့်လို့ ပြောင်းလဲလို့ မရဘူးပေါ့..."

    "ဟုတ်ကဲ့ ကျွန်တော်က လေထုသိပ်သည်းဆ လျော့နည်းနေတဲ့ နေရာတွေမှာသာ ကျင်လည် ကျက်စားခွင့်ရတာပါ... တစ်ခါတလေမှာ လေပွေ.... လေရူးလို့တောင် လူတွေက ယူဆပြီး ခေါ်ဆိုထားကြတာပါဗျာ..."

    "ဟုတ်တာပေါ့ ကြားဘူးတယ်... အဲဒီတော့ မင်းက စိတ်မဆိုးဘူးလား"

    "စိတ်ဆိုးနေဖို့ အချိန်လည်းမရှိပါဘူးဗျာ.... တစ်ခါတစ်လေ ကျွန်တော့်နောက်ကနေ ကြောက်စရာ လေမုန်တိုင်းကြီးတွေကလည်း လိုက်ပါလာတတ်တယ်...၊ သူတို့ရဲ့ သဘောကိုက ကျွန်တော့်ရဲ့ ရွေ့လျားမှုနောက်ကနေ လေဖိအားနည်း ရပ်ဝန်းတွေကို ရှာဖွေတတ်တာပဲလေ... တကယ်တော့ ကျွန်တော်က ပူအိုက်တဲ့ ရာသီတွေမှာဆိုရင် ကုန်းမြေပေါ်မှာ လူတွေအတွက် အေးချမ်းမှုလေး ဆောင်ကျဉ်းပေးနိုင်ပေမယ့်.... ပင်လယ်ပြင်ကြီးအထက်မှာ ဆိုရင်တော့ ကြောက်စရာမုန်တိုင်းကြီးတွေရဲ့ ဖမ်းယူ အသုံးချခြင်းကို ခံလိုက်ရတာဗျ.... ပင်လယ်ထဲမှာ ကျွန်တော့်ရဲ့ ဖြတ်သန်းမှုကို ခံစားလိုက်ရရင် လူသားတွေက သတိကြီးကြီးထားကြတယ်... မကြာခင် မုန်တိုင်းရောက်လာမလားဆိုတဲ့ အသိနဲ့လေ..."

    "အော်.... ဖြစ်ပျက်ဖြတ်သန်းမှုခြင်း တူညီနေပေမယ့် နေရာကို လိုက်ပြီး အခြေအနေပြောင်းလဲနိုင်လို့ တန်ဘိုးသတ်မှတ်ချက်ခြင်း မတူတာပေါ့နော်.... ပင်လယ်ထဲမှာဆိုရင်တော့ မင်းက နိမိတ်ဆိုတဲ့ ဧည့်သည်ပေါ့...."

    " ဟုတ်...... နောက်တစ်ခုကလေ ကျွန်တော်က ပူအိုက်ပေါ့ပါးတဲ့ အခြေအနေတွေမှာပဲ ၀င်ရောက်လာနိုင်ပြီး အေးချမ်းနေတဲ့ နေရာတွေကိုတော့ သွားရောက်ခွင့်မရှိဘူးဗျ..... "

    " ဟား... ဒါဆိုတော့ အတော်ပဲကွာ ကိုယ့်နှလုံးသားလေးမှာ ပူအိုက်ယုံတင်မကဘူး... ပူပြင်းစွာ လောင်ကျွမ်းနေတယ်... မင်း ကူညီပေးနိုင်မလားဟင်... နှလုံးသားလေး ပင်ပမ်းနွမ်းနယ်နေလို့ပါ..."

    "ကျွန်တော် ကူညီချင်ပါတယ်... ဒါပေမယ့် နှလုံးသားလေး ပူလောင်နေတာက လေထုရဲ့ ပေါ့ပါးမှုကြောင့် မဟုတ်ပဲနဲ့ အလိုမပြည့်ခြင်း၊ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့ တမ်းတခြင်းတွေကြောင့် ဖြစ်နေရတာလေ... နှလုံးသား အေးချမ်းနိုင်ဖို့ကတော့ ကိုယ့်ရဲ့ စိတ်ထား ပြောင်းလဲမှုကိုသာ အားကိုးပါလို့ အကြံပြုပါရစေနော်.... "

    "အဲလိုကြီးလားကွာ... မင်းပြောတော့ မင်းဖြတ်သန်းလာတဲ့ လမ်းတစ်လျှောက်မှာ အေးချမ်းခြင်းတွေကို ချန်ထားရစ်ခဲ့တယ်ဆို..."

    "သဘာဝတရားကြီးရဲ့ စေခိုင်းချက်အရ ကျွန်တော်ဖြတ်သန်းလာရတဲ့ လမ်းတစ်လျှောက်မှာ အေးချမ်းခြင်းတွေကို ချန်ထားရစ်ခဲ့နိုင်ပေမယ့် လောကဓမ္မအရ ပူလောင်ခြင်းတွေ ခံစားနေရခြင်းကိုတော့ မအေးချမ်းစေနိုင်ပါဘူးဗျာ... နားလည်ပေးစေချင်ပါတယ်..."

    " ကောင်းပါပြီလေပြေလေး... အခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါပဲ..."

    " ရပါတယ်ဗျာ... တစ်ခုလောက် မှာခဲ့ချင်ပါသေးတယ်... တကယ်လို့ အေးချမ်းမှုကို တောင့်တပြီး ကျွန်တော့်ကို ဖမ်းယူထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ အဲသလိုမလုပ်ပါနဲ့... နောက်တစ်ခုက စိတ်ပြေစေနိုင်မယ်လို့ထင်တဲ့ အခြားသော အစားထိုးဆောင်ရွက်ချက်တွေကိုလည်း မဆောင်ရွက်ပါနဲ့... ပြီးတော့လေ... ချစ်တတ်ခဲ့တဲ့ နှလုံးသားလေးကိုလည်း အပြစ်မမြင်ပါနဲ့.... သတိရနေတတ်တာနဲ့ တမ်းတနေတတ်တာလေးက အစမှာ ပူလောင်တယ်လို့ ထင်ရပေမယ့် တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ လွမ်းပြီး တမ်းတနေရခြင်းလေးက မမြင်နိုင်တဲ့ ကျေနပ်ခြင်းတွေကို ယူဆောင်ရင်းနဲ့ နူးညံ့ခြင်းနဲ့ တည်ငြိမ်ခြင်းတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်... "

    "ကျေးဇူး အထူး တင်ပါတယ် လေပြေလေး သွားလိုရာကို သွားတော့နော်..... မင်းစကားလေးတွေ မှတ်ထားပြီး နေထိုင်သွားပါ့မယ် ..."

    "ဟုတ်ကဲ့ ဒါဆို သွားလိုက်ဦးမယ်နော်... ဒါနဲ့ ဟိုလေ... လွမ်းရင်း တမ်းတရင်းနဲ့ ကျေနပ်နေတဲ့သူတွေဆီမှာ... ချစ်ခြင်းတရားတွေက အမြဲ ရှင်သန်နေတာကို လမ်းတလျှောက်လုံး ကျွန်တော် တွေ့ခဲ့ရတယ်..၊ ချစ်ခြင်းတရားတွေ ရှင်သန်နေမှတော့ သူ့ရဲ့ နှလုံးသားလေးကလည်း အမြဲ လှပနေတတ်တယ်ဗျ..... ဘာလို့လဲ သိလား.. "

    "ဟုတ်လား... မသိဘူး လေပြေလေးရဲ့ ပြောပြခဲ့ပါဦး.."

    " ဟားဟားဟား.... မကျေနပ်ခြင်း ဒေါသတွေက အချိန် ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားပြီး သတိရခြင်းတွေနဲ့အတူ ခွင့်လွှတ်နားလည်ခြင်းအဖြစ် ပြောင်းလဲသွားလို့ပေါ့ဗျ..... သွားပြီ.... တာ့တာ ... "

    "ဟုတ်.... တာ့တာ ကျေးကျေး...."

Photo Credit - childcarecenter.us