မောင်ဥက္ကလာ - ဖြေသိမ့်စရာ စကားလုံးမရှိ - တနေ့စားအလွဲများ၊ ရင်လေးစရာ ချစ်သမီး နဲ့ မေမေ မိုက်တိုင်ဆန်

မောင်ဥက္ကလာ - ဖြေသိမ့်စရာ စကားလုံးမရှိ - တနေ့စားအလွဲများ၊ ရင်လေးစရာ ချစ်သမီး နဲ့ မေမေ မိုက်တိုင်ဆန်
 ထွေထွေရာရာ ဤကမ္ဘာ (သြဂုတ်လ ၃၀ ၂၀၁၄)
  
    ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာချစ်သူများဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

 
နည်းနည်းလေးတော့ လွဲနေတယ်

    အမေရိကန်အရှေ့ ခြမ်း ဗာဂျီးနီးယားပြည်နယ် (Virginia) မှာ အရောင်းအဝယ်တစ်ခု ဖြစ်ခါနီး ရောင်းသူဝယ်သူ အသံမတူတာနဲ့ ဒီလို ဒီလို လွဲကုန်တော့တယ်။ ရောင်းသူက အသက် (၂၀) အရွယ် ဂျက်ဆင် ခရစ်လာ (Jackson Crisler)၊ ဝယ်သူက အသက် (၁၉) အရွယ် အာမန်ဒါ ပိတ်ဂ်ျ (Amanda Paige) တို့ဖြစ်တယ်။ သူတို့ အရောင်းအဝယ်အတွက် လူအသွားအလာနည်းတဲ့ လမ်းထောင့်တစ်နေရာမှာ ချိန်းဆိုကြတယ်။ လူချင်းတွေ့တော့ ဂျက်ဆင် က အာမန်ဒါရဲ့  ပိုက်ဆံကို ယူပြီး၊ ပစ္စည်းကိုမပေး လစ်သွားတယ်။ မြန်မာပြည်လို တရားဥပဒေမဲ့ တိုင်းပြည်မဟုတ်တော့ အာမန်ဒါ က ချက်ချင်း (၉၁၁) ရဲဌာနကို ဖုန်းဆက်ပြီး သူကို လူတစ်ယောက်က သေနတ်ပြခြိမ်းခြောက်ပြီး အတင်းအဓမ္မ ငွေတွေလုသွားကြောင်း ငိုကြီးချက်မနဲ့ တိုင်တန်တော့တယ်။ ဘာရမလဲ ပြည်သူရဲတွေက ငွေလုယူသွားတဲ့ ဂျက်ဆင်ကို လိုက်လံရှာဖွေပြီး အချိန်တိုအတွင်းမှာ ဖမ်းဆီးလိုက်တယ်။ ဒါပေမဲ့ သူ့မှာ ဘာလက်နက်မှမရှိ။ အာမန်ဒါငွေကို သေနတ်ပြပြီး ငွေလုသွားတာ မဟုတ်ကြောင်း ထွက်ဆိုတယ်။ ဇာတ်ပေါင်းက အာမန်ဒါဆီက ငွေကို လက်ခံယူသွားပြီး တခြားတစ်ဦးတစ်ယောက်ဆီမှ အာမန်ဒါ ရလိုချင်တဲ့ ဆေးခြောက်ကို သွားဝယ်ပေးတာ။ ချိန်းထားတဲ့အချိန် ပြန်မရောက်လာလို့ ရှုရှိုက်ဖို့ မစောင့်နိုင်မအောင့်နိုင်တော့တဲ့ ကျေးဇူးရှင်မလေးက သူ့ငွေကို ဆေးသမား ဂျက်ဆင် လိမ်ယူသွားပြီလို့ ထင်ယောင်ထင်မှားဖြစ်ကာ ပြည်သူရဲတွေကို ငွေအလုခံရတယ်၊ သေနတ်နဲ့ ခြိမ်းခြောက်ဓါးပြတိုက်ခံရတယ် ဘာညာဆိုပြီး ဇာတ်လမ်းလုပ်လိုက်တာ။
    ဂလို လိမ္မာပါးနပ် စွမ်းဆောင်ချက်ကြောင့် ပြည်သူ့ရဲက အာမန်ဒါကို ကျေးဇူးလည်းတင်တယ်၊ အားလည်းနာတယ် … သတင်းလုပ်ကြံတိုင်တန်မှု၊ တရားမဝင် မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲမှုနဲ့ အရေးယူလိုက်ပြီး၊ ဂျက်ဆင်ကိုတော့ ငွေကြေးလိမ်လှည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချီမှုတွေနဲ့ အရေးယူလိုက်တယ်။ တော်ပါပေစွ အရောင်းအဝယ်သမားများ … နည်းနည်းလေးတော့ လွဲနေတယ်…လွဲလွဲလေးပဲ ကောင်းပါတယ်လို့ ထူးအိမ်သင် (၁၀) နှစ် အမှတ်တရ သီချင်းလေး ညည်းရင် ကိုရွှေရဲတွေအဖို့ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲပေါ့။ (NBC Washington သတင်း)

 
ရင်လေးစရာ လုပ်ကွက်

    ကိုလံဘီယား (Colombia) နိုင်ငံကနေ စပိန်နိုင်ငံ (Spain) မဒ္ဒရစ် (Madrid) နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာတဲ့ အသက် (၄၃) နှစ် ဗင်နီဇွဲလာနိုင်ငံ (Venezuela) သူကို စပိန်အထူးရဲတပ်ဖွဲ့က အကောက်ခွန်စစ်ဆေးရေးဂိတ်မှာ ကြိုတင်ရရှိထားတဲ့ သတင်းပေးပို့ချက်အရ တားမြစ်စစ်ဆေးတယ်။ ခရီးသည် သယ်ဆောင်လာတဲ့ ခရီးသွားအိတ်၊ လက်ဆွဲအိတ်၊ ပိုက်ဆံအိတ် နဲ့ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေထဲမှာ ဘာဆိုဘာမှ ရှာမတွေ့လို့ ခေါင်းစားကုန်ကြတယ်။ ဒါပေမဲ့ စစ်ဆေးနေချိန်မှာ မျက်စိမျက်နာပျက်၊ စိတ်မသက်မသာ၊ သက်တောင့်သက်သာမရှိ ဖြစ်နေတဲ့ ခရီးသည်ကို အမျိုးသမီးတပ်ဖွဲ့က လက်လွှဲယူပြီး ခန္ဓာကိုယ်တခုလုံးကို ပိုက်စိပ်တိုက် စစ်ဆေးကြည့်တဲ့အခါမှာတော့ … ပုံမှန်မဟုတ် ကြီးထွားနေတဲ့ ရင်နှစ်မွှာကို သံသယဖြစ်ပြီး ဓါတ်မှန်ရိုက်ကြည့်တော့ အိုမိုင်ဂေါ့ (OMG) … အလေးချိန် (၃.၇) ပေါင် တန်ချိန်ရှိတဲ့ ကိုကင်း မူးယစ်ဆေးဝါးတွေ သိုဝှက်ထားတာကို တွေ့ရှိရတယ်။
    ဈေးကွက်ပေါက်ဈေးက ဒေါ်လာ တစ်သိန်းနီးပါး ရှိတယ်တဲ့။  သယ်ယူလာတဲ့ ကိုကင်း ဈေးတန်ဖိုးကို ပြောတာ။ ဒီအမျိုးသမီးနှယ် ကိုကိုရဲတွေကို မျက်စိလှည်အောင် လုပ်ရက်တယ် … သိပ်ဆိုးတာဗြဲ။ စပိန်ရဲတပ်ဖွဲ့က သူကို တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်လာမှု၊ လူထုကျန်းမာရေးကို ထိခိုက်စေမယ့် ဆေးဝါးပစ္စည်းများ ရောင်းဝယ်မှုနဲ့ ဖမ်းဆီးအရေးယူလိုက်တယ်။ ဒီလောက် ရင်လေးရင်မော စရာကောင်းတဲ့အလုပ်ကို ရင်တမမ၊ ရင်သပ်ရှုမော လုပ်ခဲ့ပေမယ့် ဇာတ်သိမ်းမကောင်း။ ကဲ … ကိုယ့်ဆရာတို့ မပြောမရှိနဲ့ သင်္ကာမကင်းရှိကြရင် ပြန်စစ်ကြအုံးနော် … တိုင်းတပါးက ဝင်ရောက်လာတဲ့ သံသယရှိသူတွေကိုပြောတာ၊ တလွဲလျှောက်တွေးမနေနဲ့။ (Daily Mail သတင်း)


ရက်ရောလိုက်တာ သမီးရယ်

    ဗာဂျီးနီးယား (Virginia) ပြည်နယ် မြို့ ကလေးတမြို့ နေ အမေရိကန်မိဘနှစ်ပါးရဲ့  အိပ်မက်ဆိုးကြီးက ထိတ်လန့်စရာ။ သူတို့ရဲ့  အသက် (၁၃) နှစ်အရွယ်၊ အလယ်တန်းကျောင်းသူ ချစ်သမီးရဲ့  မျှော်လင့်မထားတဲ့ ရက်ရက်ရောရော အလှူအတန်းကြောင့် မိဘနှစ်ပါး မအိပ်နိုင်မစားနိုင်၊ ရက်ပေါင်းများစွာ ခေါင်းအတော်စားခဲ့ရတယ်။ ဖြစ်ပုံက တနေ့ သမီးအလစ် သူ့ smart ဖုန်း နဲ့ tablet လက်ကိုင်ကွန်ပြူတာတွေကို ဖွင့်ကြည့်လိုက်တော့ ပုံစံအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ဓါတ်ပုံများကို တွေ့ရတယ်။ ရိုက်ထားတဲ့ ပုံအများစုက မိမွေးတိုင်း ဖမွေးတိုင်း ဝတ်လစ်စားလစ် ဓါတ်ပုံတွေ။ ပြီးတော့ သဒ္ဒါတရား များလွန်သူ အလှူရှင်လေးဆိုတော့ သူ့ဖုန်းစာရင်းထဲမှာရှိတဲ့ ယောက်ျား (သူငယ်ချင်း) မြောက်မြားစွာကို ဝေမျှထားတယ်။ တချို့ သော သူ့အဆက်အသွယ်တွေရဲ့  သဘာဝအလှဓါတ်ပုံတွေကိုလည်း လက်ခံသိမ်းဆည်းထားတယ်။ ဒီလို ရက်ရောလှတဲ့ ချစ်သမီးရဲ့  လုပ်ရပ်ကို ဆိုဆုံးမ၊ ပြောမရအဆုံး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ (ရဲ နဲ့ ကလေးစောင့်ရှောက်ရေး) တို့ကို အကြောင်းကြားလိုက်တယ်။
    မိဘနှစ်ပါး လက်မှိုင်ချ ပြောမရဆိုမရလို့၊ သူ့ အရမ်းပေါ်ပြူလာ ဖြစ်နေတယ်လို့ ထင်မှားနေတဲ့ သမီးကို သက်ဆိုင်ရာအာဏာပိုင်လက်ထဲ ပို့ဆောင်တာနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက သူတို့အနေနဲ့ သမီးကိုချစ်ကြောင်း၊ ဘယ်လိုမှ ဟန့်တားထိန်းမရလို့ သူ့လုံခြုံရေး နဲ့ အနာဂတ်အတွက် လုပ်ရခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုတယ်။ လက်ရှိ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ ရောက်ရှိနေတဲ့ အလှူဒကာမလေးနဲ့ ဆက်သွယ်သူများအထဲက (၁၈) နှစ်ကျော် အထက်တန်းကျောင်းသားများနဲ့ တခြားဘယ်သူဘယ်ဝါတွေ ပါတယ်ဆိုတာကို တရားဥပဒေအရ စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ရဲမှူးကြီးက သတိပေးပြောဆိုလိုက်တယ်။ ကဲ ကိုယ့်သမီးသားတွေ ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ ငြိမ်နေတယ်ဆိုပြီး စာကျက် နည်းပညာတွေ လေ့လာနေတယ်လို့ အကြွင်းမဲ့ ချင့်ချိန်ယုံကြပေါ့။ သြော် … သမီးတစ်ကောင် နွားတစ်ထောင် ဆိုစကား မှန်နေသလား။ ( NBC Washington သတင်း)



ရက်စက်လေအား

    “ငရဲပြည်က ရောက်လာသူ” လို့ ရဲမှုးကြီး ပြောမယ်ဆိုလည်း ပြောစရာ။ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည်နယ်၊ Philadelphia မြို့  ရဲစခန်းတစ်ခုထဲကို  မျက်နာနဲ့ တကိုယ်လုံး အညိုအမဲ ဒဏ်ရာဒဏ်ချက်များစွာနဲ့ ငိုယိုပြီး ပြေးဝင်လာတဲ့ အရိုးပေါ်အရေတင် (၁၁) နှစ်အရွယ် ခလေးငယ်ကြောင့် ရဲတွေ အတော်လေး ထိတ်လန့်တုန်လှုပ်သွားကြတယ်။ ပွန်းပဲ့သွေးစို့နေတဲ့ အရှိုးရာပေါင်း (၃၀) နီးပါးကို ဆေးထည့်ပေးရင် ဘယ်လို ဖြစ်လာလဲ၊ ဘယ်သူ ရိုက်လဲ ဘာညာမေးကြည့်တော့မှ လူမမယ် ခလေးငယ်လေးကို လူမဆန်စွာ လက်သီးနဲ့ထိုး၊ ခါးပတ်နဲ့ ရိုက်လိုက်တဲ့ တရားခံက သူ့ရဲ့  မိခင်ဖြစ်နေတယ်။ ဒီလို စိန်ဗေဒါထက် လက်သံပြောင်း၊ မိုက်တိုင်ဆန်ထက် ထိုးချက်ကောင်းတဲ့ မိခင်ကို စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ နဲ့ ခလေးစောင့်ရှောက်ရေးဝန်ထမ်းတွေ အိမ်ကိုလိုက်သွားတော့ မူးယစ်ဆေးဝါး နဲ့ အရက်သောက်စား မူးယစ်နေပြီး ရှူးရှူးရှဲရှဲဖြစ်နေတဲ့ အသက် (၃၉) နှစ်အရွယ် ဒေါသကုမ္မာရ ဆမန်သာ ဆတန်စ် (Samantha Starnes) ကို ဖမ်းဆီးအရေးယူလိုက်တယ်။
    လောလောဆယ်တော့ အတီးကောင်း၊ စိတ်ဒေါသကြီးတဲ့ ငရဲပြည်က ရောက်လာသူ ဒေါ်ဆမန်သာကို ဖမ်းဆီးချုပ်နှောင်ထားပြီး၊ ဒေါသဖြစ်လွယ်တဲ့ စိတ်ရောဂါကို ကုသဖို့နဲ့  အရက်ဆေးဝါး ဖြတ်တောက်ဖို့တို့ကို လုပ်ဆောင်ပေးကြောင်း အာဏာပိုင်များက ပြောဆိုတယ်။ သနားစရာ မိဘမဲ့ခလေးကိုတော့ လောလောဆယ် ဆွေမျိုးတွေနဲ့ ခလေးစောင့်ရှောက်ရေးဂေဟာက စိတ်ဒဏ်ရာ၊ အနာဒဏ်ရာတွေကို ဆေးကုသပေးရင်၊ ကူညီစောင့်ရှောက်ထားတယ်။ မြန်မာနိုင်ငံမှာလည်း ဒေါသကြီး၊ စိတ်ကြီးကြတဲ့ မိခင်၊ ဖခင်၊ လူကြီးတွေ ကိုယ်လုပ်ရင်ခံရမယ့် ခလေးငယ်၊ သားသမီးတွေကို လက်မပါ အကျိုးအကြောင်းရှင်းပြပြီး ဆိုဆုံးမကြဖို့ အရေးကြီးပါတယ်။ ဓါတ်ပုံရိုက်ပြီး အလှူအတန်လုပ်တဲ့ သမီးမျိုးဆိုရင်တော့ တမျိုးပေါ့။ (Philly.com သတင်း)